ဟိုပုံး – ၂၀၂၃ မေ ၁၁ (မော်ကွန်း)
ဘိန်းစျေးကောင်းလာခြင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် လာမည့်ရာသီမှာ ဘိန်းစိုက်ပျိုးမှုများ ပိုလုပ်နိုင်ရန် ပြင်ဆင်နေကြသည်။
လာမည့် ဩဂုတ်လတွင် ဘိန်းစတင်စိုက်ပျိုးနိုင်ရန် ဘိန်းစိုက်တောင်သူများသည် ယခင်နှစ်ကစိုက်ပျိုးထားသောဘိန်းခင်းများအပြင် ယခင်နှစ်က ချန်လှပ်ထားသောမြေများကိုပါ ခုတ်ထွင်ရှင်းလင်း၊ မီးရှို့ခြင်းများပြုလုပ်နေပြီဖြစ်ကြောင်း ဘိန်းစိုက်တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
“ အခုတော့ ချုံတွေရှင်း၊ မီးရှို့တယ်၊ ခြံတွေကြိုတင်ပေါက်တာတွေလုပ်တယ်။ အထွက်နှုန်းကောင်းဖို့အတွက်လည်း မြေဩဇာနဲ့ တိရိစ္ဆာန်ချေး( ကြက်ချေး၊နွားချေး)တွေကို ကြိုတင်ဝယ်စုထားရတယ်” ဟုဘိန်းစိုက်တောင်သူတစ်ဦးက ပြောသည်။
၂၀၁၈ ၊ ၂၀၁၉ ခုနှစ်များတွင် ဘိန်းတစ်ကီလိုလျှင် ကျပ်သုံးသိန်းခန့်သာရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ တွင် တစ်ကီလို ကျပ်ခြောက်သိန်းခန့် ဈေးရှိလာခဲ့သည်။
၂၀၂၂ တွင် ဘိန်းဈေးပိုတက်လာပြီး တစ်ကီလိုလျှင် ပျမ်းမျှ ကျပ် ၁၀ သိန်းဝန်းကျင်ထိရှိလာသည်ဟု ဘိန်းစိုက်တောင်သူတစ်ဦးကဆိုသည်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘိန်းစျေးလည်းရှိလာတယ်။ အရောင်းအဝယ်လည်း ပိုလွတ်လပ်လာတယ်။ ဘိန်းဈေးရှိလာတော့ တချို့လူတွေ ထိုင်းကပြန်လာပြီးဘိန်းပြန်လာစိုက်တယ်။ အရင်နှစ်က ရာသီဥတုဖောက်ပြန်မှုကြောင့် ထင်သလောက် အထွက်နှုန်းကမကောင်းခဲ့ဘူး။ ဒါပေမယ့် တခြားသီးနှံစိုက်ပျိုးလည်း အဆင်မပြေတော့ ဘိန်းကိုပဲ ရွေးချယ်စိုက်ပျိုးလာတယ်”ဟု ဘိန်းစိုက်တောင်သူတစ်ဦးက ဆိုသည်။
ပအိုဝ်းအများဆုံးနေထိုင်သော ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် လွိုင်လင်မြို့နယ်များသည် ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသဖြစ်သည်။
ဘိန်းစိုက်တောင်သူဦးရေသည် ပအိုဝ်းလူဦးရေ၏ ၃၀% ခန့် ရှိသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး၏ ဘိန်းနွံတွင်းမှငိုရှိုက်သံ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပထဝီမြေအနေအထားအရ အခြားသီးနှံစိုက်ပျိုးမှု အခက်အခဲရှိခြင်းကြောင့် ဒေသခံများက ဘိုးဘွားစဉ်ဆက် ဘိန်းစိုက်ပျိုးမှုဖြင့် အသက်မွေးဝမ်းကြောင်းပြုလာကြသည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပုံစာ − ၂၀၂၂ ဘိန်းရာသီတွင် ပအိုဝ်းဒေသရှိ ဘိန်းခင်းတစ်ခင်းအား တွေ့ရစဉ်
ဓါတ်ပုံ − Mawkun Magazine
#Dailynews

