ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၃ (မော်ကွန်း)
ရန်ကုန်နဲ့ မြဝတီကို ကုန်စည်တင်ပို့ရာမှာ အသုံးပြုနေရတဲ့ ထို့ကော့ကိုးလမ်းပိုင်းမှာ လမ်းအသုံးပြုခတွေ တိုးမြှင့်ကောက်ခံလာတဲ့အတွက် ကုန်တန်ဆာခတွေလည်း ဈေးတက်သွားတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ မနှစ်က ဒီဇင်ဘာလဆန်းပိုင်းက စပြီးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြဝတီကိုသွားမယ့် ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေဟာ ကော့ကရိတ်မြို့ကိုမရောက်ခင် တောင်ပေါ်လမ်းခွဲတစ်ခုဖြစ်တဲ့ ဘားအံ-ထို့ကော့ကိုး-မြဝတီ လမ်းပိုင်းကနေ သွားလာနေရတာပါ။
ထို့ကော့ကိုးလမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ KNU/KNLA (PC) အဖွဲ့ဟာ ယခုလ ၁ ရက်ကစပြီး ၁၀ ဘီးကားနဲ့ ၁၂ ဘီးကားတွေ လုံးဝ သွားလာခွင့်မပြုတော့ဘဲ ယာဉ်ဖြတ်သန်းအသုံးပြုခတွေကိုလည်း တိုးမြှင့်ကောက်ခံနေတယ်လို့ ရန်ကုန်-မြဝတီ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အရင်က ကားလေးဆို လမ်းအသုံးပြုခက သုံးသောင်းလောက်ကနေ အခု ခြောက်သောင်းလောက် ဖြစ်သွားတယ်” လို့ ၎င်းကပြောပါတယ်။
ထို့ကော့ကိုးလမ်းကို ဖြတ်သန်းဖို့ အိမ်စီးကားလေးတစ်စီးကို ခြောက်သောင်းကျပ်ထိ ပေးရသလို ကားလတ်ဖြစ်တဲ့ အံစာတုန်းကားတွေကိုတော့ ကားပေါ်မှာပါလာတဲ့ လူဦးရေနဲ့ ကုန်ပစ္စည်းအပေါ်မူတည်ကာ တစ်သိန်းခွဲကနေ နှစ်သိန်းကျပ်အထိ ကောက်ခံနေပြီး ၁၀ ပေကနေ ၁၈ ပေအကြားရှိတဲ့ ကုန်တင်ကားတစ်စီးကို နှစ်သိန်းကနေ လေးသိန်းကျပ်အထိ ကောက်ခံနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီအတွက် ကုန်တန်ဆာခတွေကလည်း မြင့်တက်သွားပြီး ယခင်က ကုန်စည်တစ်တန်ကို တန်ဆာခ ကျပ်နှစ်သိန်းဝန်းကျင်ခန့်ရှိရာက လက်ရှိမှာ တစ်တန်ကို သုံးသိန်းခွဲကနေ လေးသိန်းဝန်းကျင်ထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီနှုန်းထားတွေဟာ ထို့ကော့ကိုးလမ်းပေါ်က ဖြတ်သန်းခွင့်လက်မှတ်ဂိတ်နဲ့ လက်နက်ကိုင်အဖွဲ့စုံထိုင်တဲ့ ဂိတ်ကြီးတွေကို ပေးရတဲ့နှုန်းထားဖြစ်ပြီး ဂိတ်အငယ်လေးတွေကိုပေးရတာ မပါသေးဘူးလို့လည်း ရန်ကုန်-မြဝတီ ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ ဂိတ်ငယ်လေးတွေ ရှိသေးတယ်၊ အဲ့ဂိတ်ငယ်လေးတွေက အများကြီးပဲ မရေတွက်နိုင်အောင်ပဲ၊ တစ်လမ်းလုံးရှိတယ်။ အဲ့ဒီဂိတ်တွေတော့ တစ်စီးကို တစ်ထောင်ကနေ သုံးထောင်ပေးရတယ်” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီလမ်းကြောင်းဟာ အတက်နဲ့အဆင်း ရက်ခွဲပြီးသီးခြားစီ ဖြတ်သန်းခွင့်ပေးနေတာကြောင့် ယာဉ်ကြောပိတ်ဆို့ပြီး အချိန်ကြာမြင့်စွာစောင့်ဆိုင်းဖြတ်သန်းနေရတာပါ။
မနှစ်က ဒီဇင်ဘာလဆန်းပိုင်းကစပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် လမ်းပိတ်ထားရဆဲဖြစ်ပါတယ်။
ပုံစာ – ထို့ကော့ကိုးလမ်းပိုင်းကိုဖြတ်သန်းဖို့ စောင့်ဆိုင်းနေသောယာဉ်များ
ဓာတ်ပုံ – Aung Kyaw Thet

