ကျော်ဇေယျ
ဇန်နဝါရီ-၁၅
ဘဏ်များအနေဖြင့် အာမခံပစ္စည်းဖြင့် ငွေချေးရာတွင် ချေးငွေအပေါ်တွင်ကောက်ခံသည့် အတိုးနှုန်းသည် ယင်းချေးငွေနှင့် ဆက်စပ်ပြီး အခြားကောက်ခံသည့်စားရိတ်များအပါအဝင် စုစုပေါင်းအတိုးနှုန်း ၁၃ ရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိ စေရန် လိုက်နာရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်စာအမှတ် ၁/၂၀၁၉ ဖြင့် ဒီကနေ့ ထုတ်ပြန် အသိ ပေးလိုက်သည်။
ယခု ထုတ်ပြန်ချက်သည် လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် စတင် အကျိုးသက်ရောက်မှု ရှိစေရမည်ဟု ဗဟိုဘဏ်က ထုတ် ပြန်သည်။
ဘဏ်ချေးငွေဖြင့် အလုပ်လုပ်ကိုင်ဖူးသည့် စီးပွားရေးလုပ်ငန်းရှင်တချို့၏ အဆိုအရ ယခင်က ပြည်တွင်းဘဏ်များတွင် ချေးငွေယူလျှင် တစ်နှစ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းအပြင် အခြားခေါင်းစဉ်များဖြင့် ထပ်ဆောင်းကောက်သည့်ပမာဏများကို ပေါင်းပါက ချေးငွေအတွက် အတိုးနှုန်းပေးချေရမှုသည် ၁၃ ရာခိုင်နှုန်းကို ကျော်လွန်နေသည်ဟု ဆိုသည်။
မွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာလှလှသိန်းက “ အရင်ထက်စာရင် ပိုကောင်းလာတယ်လို့ ပြောနိုင်ပေမယ့် စီးပွားရေး လုပ်ငန်းတွေအတွက်တော့ အဆင်ပြေတဲ့ အတိုးနှုန်းမဟုတ်သေးဘူး” ဟု ဆိုသည်။
ဗဟိုဘဏ်က သတ်မှတ်ပေးထားသည့် မြေနှင့်အဆောက်အဦး၊ ရွှေ-ရွှေထည်ပစ္စည်း၊ စိန်နှင့်အဖိုးတန်ကျောက်မျက် ရတနာ များ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ(အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုနိုင်သည့်ချေးငွေ သက်သေခံ လက်မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ လက်ရောက်အပေါင်၊ ချေးငွေအာမခံဖြင့်ချေးငွေများ နှင့် ဗဟိုဘဏ်မှ အခါအားလျော်စွာ သတ်မှတ်သည့်အပေါင်ပစ္စည်းများကို လက်ခံထုတ်ချေးသည့် ချေးငွေများတွင် အခြား ကောက်ခံသည့်စားရိတ်များအပါအဝင် ချေးငွေ၏ စုစုပေါင်းအတိုးနှုန်းသည် ၁၃ ရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိရဟု သတ်မှတ်သည်။
ဗဟိုဘဏ်က သတ်မှတ်ထားသည့် အာမခံပစ္စည်းများမဟုတ်ဘဲ အခြားအာမခံပစ္စည်းကို ရယူ၍ဖြစ်စေ၊ အာမခံပစ္စည်း ရယူခြင်းမရှိဘဲဖြစ်စေ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင်မူ ဘဏ်များအနေဖြင့် အတိုးနှုန်းသည် အမြင့်ဆုံး ၁၆ ရာခိုင် နှုန်း သတ်မှတ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။