Illustration – MAUNG NOE
နံနက်ခင်းသတင်းစာကို ကောက်ကိုင်လိုက်တော့
H1N1 တွေ H5N1 တွေ H3N2 တွေ
စာမျက်နှာတိုင်းလိုလိုမှာ ရွစိတက်လို့
သတင်းခေါင်းတွေကလည်း
‘ရာသီတုပ်ကွေးအန္တရာယ်ကြောင့်
တောင်ပြုန်းပွဲတော် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း’တဲ့
‘ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် ရာသီတုပ်ကွေးရောဂါ
ပိုမိုဂရုစိုက်ရန် လိုအပ်ကြောင်း ဝန်ကြီး သတိပေး’တဲ့
‘မရမ်းကုန်းမြို့နယ်မှ ကြက်သုံးကောင်
ကြက်ငှက်တုပ်ကွေးဖြင့် သေဆုံးကြောင်း အတည်ပြု’တဲ့
ရာသီတုပ်ကွေးရောဂါအခြေပြ အင်ဖိုဂရပ်ဖစ်ထဲမှာ
ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေက
သံသယရှိ၍ ဆေးရုံတက်ရောက် ကုသနေသူ – ၁၂၁
ရောဂါဖြစ်ပွားသူ – ၅၁
သေဆုံးသူ ဦးရေ – ၁ဝ
ထိတ်လန့်ဖွယ်အရေအတွက်တွေ တစ်နေ့တခြား တိုးပွား
မနက်ဖြန် ဘယ်လောက်အထိ ထပ်များလာဦးမှာလဲ
နေ့လယ်ပိုင်းမှာ အလုပ်ကိစ္စနဲ့ မဖြစ်မနေ မြို့ထဲထွက်ဖို့
ဝိုင်ဘီအက်စ် ဘတ်စ်ကားပေါ် တက်လိုက်တော့
နှာခေါင်းစည်းတပ်မထားတဲ့ သူတွေက
နှာခေါင်းစည်းတပ်လာသူတွေကို
မျက်လုံးစိမ်းနဲ့ လှမ်းကြည့်ကြတာ မြင်ရ
အလုံပိတ် အဲကွန်းကားကို စီးရတာ
ဒီတစ်ခါ တယ်ဟန်မကျ စိတ်ထဲက မရိုးမရွ
လက်ကိုင်ကွင်းကို ကိုင်ထားရတာကိုက
စနက်တံဖြုတ်ထားတဲ့ လက်ပစ်ဗုံးကို ဆုပ်ထားရသလိုပ
လမ်းဆုံလမ်းခွတွေမှာ မြင်တွေ့နေကျ
ဆေးလိပ်၊ ကွမ်းယာ၊ ရေသန့်ဘူးနဲ့
ဂျာနယ်လက်ပွေ့ရောင်းချသူတွေအစား
နှာခေါင်းစည်းအမျိုးမျိုးကို
ကားကြိုကားကြားမှာ လိုက်လံရောင်းချနေသူတွေ မြင်ရ
သြော်…သူတို့ခမျာလည်း
ပေါ်ပင်အလုပ်နဲ့ ပရိယေသန ရှာဖွေကြ
မြို့တွင်းက လူစည်ကားရာ နေရာတချို့မှာတော့
ပရဟိတလုပ်ကိုင်သူ လူငယ်ကလေးတွေက
အစိမ်းနုရောင်နှာခေါင်းစည်းတွေကို
အလှူဒါနပြုတဲ့သဘော လိုက်ဝေပေးနေကြ
အလုပ်ကိစ္စနဲ့ ရောက်သွားရတဲ့ စာအုပ်တိုက်ကြီးထဲ
အလုပ်လုပ်ကိုင်နေကြသူတွေကလည်း
နှာခေါင်းစည်းဖက်ရှင် ကိုယ်စီနဲ့ပါပဲလား
မြို့ပြဝသန္တရဲ့ မိုးရေစက်တွေကြား
လှုပ်ရှားသွားလာနေကြသူတွေဟာ
မျက်နှာဖုံးစွပ်ထားတဲ့ မသမာသူတွေအလား
တစ်ယောက်နဲ့ တစ်ယောက် ခပ်လှမ်းလှမ်းကနေ
ကွေ့ဝိုက်သွားလို့
လူအများစုဟာ လူအများစုကို ရှောင်ရှားရင်း
ပလက်ဖောင်းတွေပေါ်မှာ လူအများ အစုအဝေးကြီးဖြစ်လို့
ညနေခင်း ဘီယာဆိုင်တွေထဲမှာတော့
သောက်သုံးသူတချို့က ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ရောဂါကူးစက်ခံရမှုကို ကာကွယ်လို ကာကွယ်ငြား
ဝီစကီမှာပြီး ကြက်သွန်ဖြူမီးကင်နဲ့ မြည်းလို့
မြို့ကြီးရဲ့ မြင်ကွင်းတွေကို ကြည့်ရင်း
‘ဘူဆန်သို့ ရထား’ဆိုတဲ့ ကိုရီးယားဇာတ်ကားကို
ဘာကြောင့်မှန်းမသိ ရုတ်တရက် သတိရမိသွားပြီး
တစ်ကိုယ်တည်း သွေးလေချောက်ချား
ဒါကြောင့် စိတ်ပြေလက်ပျောက် ဖြစ်သွားအောင်
လူရှင်းရှင်း ကော်ဖီဆိုင်တစ်ဆိုင်မှာ ခဏထိုင်လို့
ဖေ့စ်ဘွတ်ခ်ကို ဖွင့်ကြည့်လိုက်တော့
ဒီအထဲမှာလည်း ဒီအကြောင်းတွေကိုပဲ
အမျိုးမျိုးဖွလို့ အမျိုးမျိုး လော်ဘီလုပ်နေကြ
တချို့ကဆို ဗိုင်းရပ်စ်ပိုးသုံးမျိုး ပေါင်းစပ်ပြီး
ကြောက်မက်ဖွယ် နောက်ထပ် ဗိုင်းရပ်စ်ပိုးအသစ်တစ်မျိုး
နေ့ချင်းညချင်းပဲ ပေါ်ထွန်းလာတော့မှာလိုလို
တချို့ကတော့ သိပ်မကြာခင်မှာ
ရောဂန္တရကပ်ကြီး တစ်နိုင်ငံလုံးကျရောက်ပြီး
အတိဒုက္ခဖြစ်မှုတွေ ဆင့်ကဲပေါ်ပေါက်လာတော့မှာမို့
တိုင်းပြည်တွင်းကနေပဲ ခပ်မြန်မြန် ထွက်ခွာရတော့မှာလိုလို
အဲဒီလို သတိပေးသလိုလို ကောလာဟလလိုလို ပို့စ်တွေ
သူ့ထက်ငါ အပြိုင်ရေးသားလို့ တင်ထားကြ
လူမှုကွန်ရက်မီဒီယာထဲ ဝင်ကြည့်ရတာ
စိတ်သောကတွေသာ ပိုလို့ ယိုင်နဲ့ ပြိုကျခဲ့
အလုပ်တွေ ကျောင်းတွေ သွားနေကြရတဲ့
ကိုယ့်မိသားစုဝင်တွေအတွက်လည်း
သူတို့ ဘယ်လိုများ ရှိလေမလဲ စိုးရိမ်စိတ်တွေ ပွားမိ
လောလောဆယ်မှာ ဘတ်စ်ကားကြီး တိုးဝှေ့စီးပြီး
အိမ်ပြန်ရမယ့် ကိုယ့်ခရီးအတွက်လည်း စိတ်တွေ ဖိစီး
တက္ကစီပဲ ငှားစီးပြီး ပြန်တာကောင်းမယ် စဉ်းစား
ဆိုးလှတဲ့ ဒီဗိုင်းရပ်စ်ကောင်တွေဟာ
ကိုယ့်အိတ်ကပ်ထဲကိုတောင် လာလို့ ကိုက်စားနေပါပေါ့လား
ဘာပဲဖြစ်ဖြစ် ပိုက်ဆံကုန်တာထက်
ရောဂါကူးစက်နိုင်ခြေနည်းဖို့က ပိုလို့ အရေးကြီး
ညဦးပိုင်းမှာ မိတ်ဆွေတစ်ယောက် လှမ်းပို့လာတဲ့
မေတ္တာမက်ဆေ့ချ်စကားက
‘တုပ်ကွေးပေါင်းစုံကို ကာကွယ်ဖို့ ကိုယ်ခံအားကောင်းဖို့
အာဟာရပြည့်အောင် စားပြီး အိပ်ရေးဝအောင် အိပ်ကြစို့’တဲ့
ကိုယ်လည်း သူ့အကြံပြုချက်အတိုင်းပဲ
ညစာကို ဗိုက်ကားအောင် စားသောက်ပြီး
တီဗီရှေ့ ခဏထိုင်ငေးလို့
ရာသီတုပ်ကွေးသတင်းတွေ နားထောင်ရင်း
အင်း…ဒီညတော့ ခပ်စောစောအိပ်မယ် ဆုံးဖြတ်
အိပ်မက်ထဲမှာ ဗိုင်းရပ်စ်ပိုးတွေနဲ့ မသတ်ပုတ်ရပါစေကြောင်း
ညစဉ် မရှိခိုးဖြစ်တဲ့ ဘုရားကို ရှိခိုးလို့ ဆုတောင်းခဲ့။
(၃၁.၇.၂ဝ၁၇)
၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၀)မှ ကဗျာဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။