ဗညားကျော်
ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရွှေစင်တုံး၊ ရွှေဒင်္ဂါးနှင့် ရွှေချောင်းများဝယ်ယူရောင်းချမှုများတွင် နိုင်ငံတကာ စာရင်းစံများနှင့်အညီ စာရင်းရေးဆွဲမှုမရှိကြောင်း စိစစ်တွေ့ရှိသည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ဆိုသည်။
ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြီးခဲ့သည့် ၂၀၁၈ ၊ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ တင်သွင်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်သည် နိုင်ငံတော်ဘဏ္ဍာသိမ်းရရှိခဲ့သည့် ရွှေတုံးများနှင့် အမှတ် ၂ သတ္တုတွင်းမှ ဝယ်ယူခဲ့သည့် ရွှေစင်တုံးများကို လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်ရေးလုပ်ငန်းသို့ အပ်နှံရန် ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများပြုလုပ်ပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ဆောင်ရွက်ခပေး၍ အပ်နှံရောင်းချခဲ့ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကဆိုသည်။
ယင်းသို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတကာစာရင်းစံများနှင့်အညီ စာရင်းရေးဆွဲမှုမရှိခြင်းကြောင့် ရွှေဝယ်/ရောင်း လုပ်ငန်းများအတွက် အရှုံးအမြတ်စာရင်းပေါ်လွင်မှုမရှိခြင်း၊ လက်ကျန်ရှင်းတမ်းတွင် ကုန်လက်ကျန်တန်ဖိုးအဖြစ် ရွှေလက်ကျန်တန်ဖိုးများ မပါဝင်ခြင်းတို့ကြောင့် ဘဏ်၏ဘဏ္ဍာရေးရှင်းတမ်းများမှန်ကန်မှု ထိခိုက်စေသည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ်က ဆိုသည်။
#mawkun #magazine #chronicle #dailynews