ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၃ (မော်ကွန်း)
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ မနေ့မနက်ပိုင်းကနေ ဒီနေ့မွန်းလွဲပိုင်းထိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲနေတယ်လို့ ဗန်းမော်ဒေသခံတချို့က ပြောပါတယ်။
မနေ့မနက်ပိုင်းကပြီး ဗန်းမော်မြို့အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ အမတ ၃၆၆ နဲ့ ခလရ ၂၃၆ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး ဒီနေ့တစ်ရက်တည်းမှာပဲ ဂျက်ဖိုက်တာတွေက ဗန်းမော်မြို့အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ဆောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဗန်းမော်အခြေစိုက် အမြှောက်တပ်ရင်းဖြစ်တဲ့ အမတ (၃၆၆) ကိုတော့ KIA ပူးပေါင်းတပ်တွေ မနေ့က ညနေပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာတချို့ကို အတည်ပြုပြောထားပါတယ်။
အဆိုပါစခန်းကျသွားပြီးနောက်မှာ ကျန်ရှိတဲ့စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“KIA က ဗန်းမော်မြို့ပေါ်တော်တော်များများ ထိန်းထားပြီလို့သိရတယ်။ တပ်စခန်းတွေလည်း တော်တော်များများတော့ကျန်သေးပုံပဲ၊ ဆက်ထိုးစစ်ဆင်နေဆဲလို့ ပြောလို့ရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းကတော့ ဗန်းမော်မြို့တွင်းက စစ်ကောင်စီတပ်ရင်းတစ်ခုနဲ့ ဗန်းမော်လေယာဉ်ကွင်းတို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကလည်း ဗန်းမော်မြို့မကျရေး လေကြောင်းကနေ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေ အသုံးပြုကာ ဗန်းမော်မြို့ပေါ်က KIA တပ်တွေ ခိုလှုံနိုင်တဲ့ အဆောက်အအုံမှန်သမျှကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဗန်းမော်တစ်မြို့လုံးနီးပါးပျက်စီးခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဒေသတွင်း ကုန်သွယ်ရေးမှာအရေးပါတဲ့ ဗန်းမော်မြို့က ဒေသခံသောင်းနဲ့ချီကာ စစ်ဘေးရှောင်နေကြရပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ ဗန်းမော်မြို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလပိုင်းကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ ဗန်းမော်မြို့ပေါ်အထိ တော်လှန်ရေးတပ်တွေ ထိုးဖောက်ဝင်ရောက်လာတာပါ။
ပုံစာ – ဗန်းမော်လေယာဉ်ကွင်းကို သိမ်းယူထားတဲ့ KIA ပူးပေါင်းတပ်ဖွဲ့ဝင်များ
ရုပ်သံ – ကချင်တောင်တန်း တယ်လီဂရန်

