ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၇ (မော်ကွန်း)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဒီနေ့ထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့တစ်ခုလုံးနီးပါး ကြေမွပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းအမြစ်တချို့က ပြောပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတာပါ။
ဒီရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီဟာ ဗန်းမော်မြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဗန်းမော်မြို့ပေါ်က KIA တပ်တွေ ခိုအောင်းနိုင်မယ့် သမိုင်းဝင် ရှေးဟောင်း သိမ်တော်ကြီးဘုရားအပါအဝင်၊ ဗန်းမော်ပြည်သူ့ဆေးရုံ၊ မြို့နယ်ခန်းမ၊ ဟိုတယ်အဆောက်အဦတွေ၊ နေအိမ်၊တိုက်ခန်း အများအပြားကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့ပြီး ဗန်းမော်မြို့တစ်ခုလုံး ရစရာမရှိအောင် ကြေမွသွားပြီလို့ အခြေအနေကိုသိတဲ့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
လူမှုကွန်ရက် စာမျက်နှာတချို့မှာတော့ ဗန်းမော်မြို့ကို KIA တပ်တွေ ထိန်းချုပ်လိုက်ပြီလို့ သတင်းဖော်ပြမှုတွေ ရှိနေပေမယ့် မြို့ပေါ်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့သိမ်းနိုင်တာမျိုး မရှိသေးဘူးလို့လည်း ၎င်းဒေသခံက ပြောပါတယ်။
“သိမ်းနိုင်တာတော့မဟုတ်သေးဘူး။ အခုချိန်ထိတော့ စကခ ၂၁ က မကျသေးဘူး။ ဝိုင်းတိုက်နေတဲ့ အနေအထားတော့ရှိတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်ထားပြီး ဒီဌာနချုပ်ကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး မြေပြင်သတင်းအချက်အလက်တွေကို ဖော်ပြနေတဲ့ Banmaw Scout Team ကတော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်လကျော်လာတဲ့ကာလအတွင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ ကာကင်းစခန်းအများစုနဲ့ စစ်ကောင်စီတပ်စွဲရာ နည်းပညာတက္ကသိုလ်ဝန်း၊ ဗန်းမော်ရဲစခန်း၊ စရဖရုံးနဲ့ ထွေအုပ်ရုံးတွေကို သိမ်းဆည်းထားပြီးဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့ကသတင်းဖော်ပြထားပါတယ်။
လက်ရှိမှာလည်း ဗန်းမော်မြို့ပေါ်မှာ စကခ ၂၁ အနီးက လူနေရပ်ကွက်တွေနဲ့ ဗန်းမော်တက္ကသိုလ်အနီးက လူနေရပ်ကွက်တွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း အများအပြားရှိနေပါတယ်။ Kachin Human Rights Watch – KHRW ကတော့ ဗန်းမော်ြမို့ပေါ်မှာ အရပ်သား ၃၀ ဦးခန့် သေဆုံးမှုကို မှတ်တမ်းတင်ထားနိုင်ပြီး မြေပြင်မှာ သေဆုံးသူအရေအတွက်က ဒီထက်များနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့လ ၄ ရက်ကစပြီးတော့ KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့နဲ့ ဗန်းမော်-မံစီ ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဗန်းမော်မြို့ပေါ်က ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရပါတယ်။
ကချင်ပြည်နယ်ရဲ့ တောင်ဘက်ပိုင်းမှာတည်ရှိပြီး တရုတ်နိုင်ငံနယ်စပ်နဲ့လည်း နီးကပ်နေတဲ့ ဗန်းမော်မြို့ဟာ ဒေသတွင်း ကုန်စည်ကူးသန်းရောင်းဝယ်ရေးမှာ ရေလမ်း၊ ကုန်းလမ်းအရ အချက်အခြာကျတဲ့ ဒေသတစ်ခုပါ။
လက်ရှိမှာဆိုရင် တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်က မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့အထိ ကားလမ်းတစ်လျှောက် KIA တပ်တွေ စိုးမိုးထားနိုင်ပြီလို့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လဆန်းမှာ KIA ဟာ သူတို့ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။
ဒီထိုးစစ်ကာလ ၁၀ လနီးပါးအတွင်းမှာ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ လွယ်ဂျယ်၊ ပန်ဝါနဲ့ ကန်ပိုက်တီမြို့တွေအပါအဝင် ကချင်အထူးဒေသ (၁) တစ်ခုလုံးကို သိမ်းယူနိုင်ပြီး စစ်ကောင်စီတပ်စခန်း ရာနဲ့ချီပြီး KIA နဲ့ မဟာမိတ်တွေက သိမ်းထားနိုင်တာပါ။
ပုံစာ – ဗန်းမော်မြို့အဝင်
ဓါတ်ပုံ – KNG

