ရန်ကုန် – ၂၀၂၄ မတ် ၂၆ (မော်ကွန်း)
စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နောင်လိုက်ကျေးရွာမှာ ဒီနေ့မနက်ပိုင်းက နေအိမ်တစ်အိမ် လက်နက်ကြီးထိမှန်သွားတာကြောင့် ဒေသခံအရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းက တာဝန်ရှိသူတချို့က ပြောပါတယ်။
အဲဒီနေအိမ်မှာနေထိုင်တဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားပြီး သူတို့ကို ဗန်းမော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဗန်းမော်မြို့ခံ သုညသုခ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့ နေ့လယ် ၁၁ နာရီလောက်မှာ ထိခိုက်ဒဏ်ရာရထားတဲ့သူ နှစ်ယောက်ရှိတယ်လို့ အကူအညီတောင်းလို့ သွားလိုက်တာ။ နှစ်ယောက်ပေါ့ အမျိုးသမီးက ခေါင်းထိထားတယ် အရေးပေါ် ခွဲစိတ်ခန်းဝင်နေရတယ်” လို့ ၎င်းကပြောပါတယ်။
အဲဒီ လက်နက်ကြီးထိမှန်ခဲ့တဲ့ နောင်လိုက်ကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ ခလရ ၂၃၄ တပ်စခန်းကို ယခုလ ၁၄ ရက်က KIA က ဝင်ရောက်တိုက်ခိုက်ကာ သိမ်းယူထားပြီး စစ်ကောင်စီကလည်း လေကြောင်းနဲ့ မကြာခဏတိုက်ခိုက်နေတာပါ။
ဒီနေ့မနက်ပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်သံတွေ မြို့ပေါ်ကနေ ကြားနေရပြီး တိုက်ပွဲအခြေအနေကိုတော့ သေချာမသိဘူးလို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
“အဲဒီ နောင်လိုက်ဘက်မှာတော့ KIA တပ်တွေ အရင်တပတ်လောက်တည်းက ဝင်လာနေပြီ။ လက်နက်ကြီးတွေတော့ မကြာမကြာ အဲဒီကိုပစ်တာရှိတယ်။ အသံတွေတော့ မြို့ပေါ်ကနေ ကြားနေရတာပဲ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ယခုလ ၂၁ ရက်ကလည်း ဗန်းမော်မြို့အနီးက မိုးမောက်မြို့နယ်၊ ဟင်္သာကျေးရွာက နေအိမ်တစ်အိမ်ကို လက်နက်ကြီးထိမှန်ခဲ့ပြီး နှစ်ဦးသေဆုံးကာ လူငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ယခုရက်ပိုင်းအတွင်း ဗန်းမော်မြို့အနီးက မိုးမောက်၊ မံစီ အစရှိတဲ့ မြို့နယ်တွေမှာ KIA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ဘေးရှောင်ထောင်နဲ့ချီ ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်နေကြရပါတယ်။
အခုလဆန်းပိုင်းကစပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနဲ့ လိုင်ဇာဒေသအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိမှာလည်း ကချင်ပြည်နယ် ဆွမ်ပရာဘွမ်၊ ဖားကန့်၊ မချမ်းဘောနဲ့ ခေါင်လန်ဖူး အစရှိတဲ့ မြို့နယ်တွေမှာလည်း KIA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ပုံစာ – လက်နက်ကြီးထိမှန်သွားသူတွေကို ဗန်းမော်ဆေးရုံကိုပို့ဆောင်စဉ်
ဓာတ်ပုံ – သုညသုခ ပရဟိတအသင်း

