သဇင်လတ်၊ ဇန်နဝါရီ-၂
ဗစ်တိုးရီးယားရဲ့ကိုယ်ရေးအချက်အလက်ကို လူသိရှင်ကြားထုတ်ပြောပြခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို တရားမကြောင်းအရရော ပြစ်မှုကြောင်းအရပါ တရားစွဲဆိုသွားမယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောတယ်။
ဗစ်တိုးရီးယားအမှန်တရားကော်မတီနဲ့ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (Independent Lawyers’ Association of Myanmar –ILAM) တို့ ပူးပေါင်းကာ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ၎င်းအသင်းရဲ့ အထွေထွေအတွင်းရေးမှူး၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
“ ဗစ်တိုရီးယားလေးရဲ့ ထိခိုက်နစ်နာမှုကိစ္စကို ကုစားဖို့ ပြစ်မှုကြောင်း၊ တရားမကြောင်းအရ တရားစွဲပါမယ်” လို့ ဦးသိန်းသန်း ဦးက ပြောတယ်။
တရားမကြောင်းအရ နစ်နာကြေးရရှိအောင်ဆောင်ရွက်သွားမှာဖြစ်ပြီး ပြစ်မှုကြောင်းအရ ၂၀၁၉ ခုနှစ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တို့နဲ့စွဲဆိုဖို့ဆောင်ရွက်သွားမယ်လို့ ၎င်းကဆိုပါတယ်။
ဗစ်တိုးရီးယားအမှန်တရားကော်မတီရဲ့ ရှေ့ထွက်ဆောင်ရွက်ပေးဖို့ တာဝန်ပေးခံထားရတဲ့ စာရေးဆရာထင်လင်းဦးက တရားမကြောင်းအရ တရားစွဲဆိုဖို့ မိသားစုရဲ့ကိုယ်စားလှယ်လွှဲစာရယူထားပြီဖြစ်ပေမယ့် ပြစ်မှုကြောင်းအရတော့ ကာယကံရှင်မိသားစုကိုယ်တိုင်စွဲဆိုရမှာဖြစ်တယ်လို့ ဥပဒေအကြံပေးနေတဲ့ ILAM က ဦးသိန်းသန်းဦးကရှင်းပြပါတယ်။
နေပြည်တော်မှာရှိတဲ့ Wisdom Hill မူကြိုကျောင်းမှာ အသက်သုံးနှစ်အရွယ်မိန်းကလေးတစ်ဦး မဖွယ်မရာ ပြုကျင့်ခံရတဲ့အမှုမှာ ကလေးသူငယ်အခွင့်အရေးကာကွယ်တဲ့အနေနဲ့ ကာယကံရှင် မိန်းကလေးငယ်ရဲ့အမည် ထုတ်ဖော်မပြောဘဲ ဗစ်တိုးရီးယားလို့သာ လူအများကအမည်တပ်ပြောဆိုခဲ့ကြပေမယ့် ပြီးခဲတဲ့ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ရဲတပ်ဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ဗစ်တိုးရီးယားရဲ့ မိသားစုအချက်အလက်အပြင် နာမည်လိပ်စာအတိအကျကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီး နောက်တစ်ရက်မှာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည်မှာ အမှုသွား၊ အမှုလာနဲ့ ကိုယ်ရေးအချက်အလက်တွေကို ဓါတ်ပုံရိုက်ကာ ထပ်မံတင်ပြခဲ့သေးတဲ့အတွက် ဗစ်တိုးရီးယားအနေနဲ့ ထပ်ဆင့်နစ်နာတာကြောင့် ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေကို တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – ဂေထော
#dailynews