သဇင်လတ်
ရန်ကုန်-ဖေဖော်ဝါရီ ၁၉
ဗစ်တိုရီးယား၏ ကိုယ်ရေးအချက်အလက်များကိုထုတ်ဖော်ခဲ့သည့်ရဲအရာရှိများအား တရားစွဲဆိုရန် ဇန်နဝါရီလအတွင်း
သမ္မတထံ ခွင့်ပြုမိန့်တင်ထားရာ ယခုအချိန်အထိ စာလက်ခံရရှိသည့် အကြောင်းပြန်စာပင်မရရှိသေးကြောင်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေ များအသင်း၏အထွေထွေအတွင်းရေးမှူး၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
ခွင့်ပြုမိန့်တောင်းထားသည်မှာတစ်လကျော်ကြာပြီဖြစ်ပြီး “သမ္မတဆီတင်ထားတာ လက်ခံရရှိကြောင်းပြန်စာတောင်မရသေးဘူး” ဟု ၎င်းကဆိုသည်။
နေပြည်တော်ရှိ Wisdom Hill အမည်ရှိမူကြိုကျောင်းတွင် အသက်သုံးနှစ်အရွယ်ကလေးငယ် မဖွယ်မရာပြုကျင့်ခံရမှုတွင် လူအများကကာယကံရှင် ကလေးငယ်၏ နာမည်အရင်းကိုထုတ်မပြောဘဲ ဗစ်တိုရီးယားဟုသာခေါ်ဆို ကြသော်လည်း ၂၀၁၉ ဒီဇင်ဘာ ၁၉ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိများက ကလေးနာမည်နှင့်ကိုယ် ရေးအချက်အလက်များထုတ်ပြောခဲ့သည့်အပြင် နောက်တစ်ရက်တွင် ရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာဖြစ်သော ရဲဇာနည်တွင် အမှုပါအချက်အလက်များကို ထပ်မံဖြန့်ဝေခဲ့သည်။
အချက်အလက်များ ထုတ်ပြန်ခဲ့သည့် ရဲအရာရိများကို တရားစွဲရန် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၉၇(၁) အရ ပြည်သူ့ဝနိထမ်းတစ်ဦးဦးကို တရားစွဲဆိုရာတွင် နိုင်ငံတော်သမ္မတ၏ ကြိုတင် ခွင့်ပြုမိန့်မရရှိဘဲ မည်သည့်တရားရုံးမှအရေးမယူရဟူ သောပြဋ္ဌာန်းချက်နှင့်အညီ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း(ILAM)က သမ္မတအမိန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ဦးသိန်းသန်းဦးက ဆိုသည်။
သမ္မတထံမှခွင့်ပြုစာကို အချိန်နှစ်လအထိစောင့်မည်ဖြစ်ပြီး ပြန်စာမလာပါက ဗစ်တိုရီးယားအမှန်တရားကော်မတီနှင့်ပြန်လည်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး တင်ရန်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
ဗစ်တိုရီးယား၏အမှုန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးနေ သော ဗစ်တိုရီးယားအမှန်တရားကော်မတီမှဗစ်တိုရီးယား၏ကိုယ်ရေးအချက်အလက်များ ထုတ်ပြောသော မှှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှူခင်းညွှန်ကြားရေးမှူး ရဲမှူးကြီးမင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ဋ္ဌာနမှူး ရဲမှူးကြီး သာဒွန်းနှင့်ရဲဇာနည်လူမှုကွန်ယက်၏ တာဝန်ခံစီစဉ်သူတို့အားရာဇဝတ်မှုကြောင်းအရတရားစွဲဆိုရန် ခွင့်ပြုမိန့်တောင်းထားခြင်းဖြစ်သည်။
ဇန်နဝါရီ၁၄ရက်သမ္မထံတင်သည့် စာတွင်ရဲအရာရှိများ၏ထုတ်ဖော်မှုသည် ၂၀၁၉ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကိုချိုးဖောက်သည်ဟုဖော်ပြထားပြီး ၂၀၁၉ခုနှစ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အရလည်းကောင်း အခြားသင့်တော်ရာဥပဒေတစ်ရပ်ရပ်အရ လည်းကောင်းတရားစွဲဆိုခွင့်ပြုရန် ဖော်ပြထားသည်။
#Dailynews