သဇင်လတ်
ရန်ကုန် – ဩဂုတ် ၂၆ (မော်ကွန်း)
COVID – 19 ကူးစက်မှုများ စံချိန်တင်ပြန်လည်မြင့်တက်လာပြီးနောက် မနက်ဖြန်မှစတင်ကာ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအားလုံး ယာယီ ပိတ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက မော်ကွန်းသို့ပြောသည်။
“ရန်ကုန်တိုင်းတစ်တိုင်းတည်းမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေအားလုံး မနက်ဖြန် နံနက်ကစပြီး ယာယီ ပိတ်သိမ်းဖို့အတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီကနေပြီး လမ်းညွှန်ထားတာဖြစ်ပါတယ်”ဟု သူက ပြောသည်။
လတ်တလော တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်းကျောင်း ၆, ၅၂၆ ရှိပြီး အကုန်လုံး ပိတ်မည်ဖြစ်ကာ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကိုမူ မသိရသေးပါ။
ရန်ကုန်တိုင်းဒေသကြီး COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ၎င်း၏ Facebook စာမျက်နှာတွင် ” ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်ကျောင်း ၄၀၈ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်း မနက်ဖြန်မှစတင်၍ ယာယီပိတ်မည်”ဟု ယနေ့နေ့လည်ပိုင်းတွင် ရေးသားအသိပေးသည်။
လက်ရှိတွင် အခြေခံပညာမူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းများကို ဖွင့်လှစ်ခြင်းမရှိသေးဘဲ အထက်တန်းကျောင်းများကိုသာ ပြန်လည်ဖွင့်လှစ်ကာ COVID – 19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သင်ကြားနေခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ရောဂါပိုးတွေ့သူ ၁၀၀ အထိ စံချိန်တင် တွေ့ရှိခဲ့ပြီး လက်ရှိတွင် နိုင်ငံတစ်ဝန်း ရောဂါပိုးကူးစက်ခံခဲ့ရသူပေါင်း ၅၇၄ ဦးအထိ ရှိပြီးဖြစ်သည်။
ဓါတ်ပုံ – ဂေထော
ပုဇွန်တောင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း။
#Dailynews