ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူများကို အလေးထားရန်လို

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Editorial ဖြစ်ပါသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီအကုန်တွင် NLD ပါတီစတင်အဆိုပြုလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးခြေလှမ်းသည် တန့်အီ နေသည့် မြန်မာ့နိုင်ငံရေးအရွေ့ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့သည်။

ဦးသိန်းစိန်အစိုးရစတင်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို NLD ပါတီအာဏာရပြီးချိန်မှစတင်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအဖြစ် အရှိန်မြှင့်တင်ခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲမှတစ်ဆင့် အခြေခံဥပဒေ ပြင်ဆင် ရေးဆီသို့ ဦးတည်မည်ဟု ရည်ရွယ်ထားခဲ့ဟန်ရှိသောNLD ၏ခြေလှမ်းများသည် လိပ်ခဲတည်းလည်း ဖြစ်နေသော ငြိမ်းချမ်းရေးဆွေး နွေးပွဲများကြားတွင် သောင်မတင်ရေမကျ ဖြစ်ခဲ့ရသည်။

အပစ်ရပ်တိုင်းရင်းသားဒေသများတွင် သေနတ်သံများ ပြန်လည်ထွက်ပေါ်လာသလို AA ကဲ့သို့ စစ်မျက်နှာအသစ်များလည်း ထပ်မံပေါ်ထွက်လာခဲ့ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတို့မှာ ပို၍အလှမ်းကွာဝေးခဲ့ရသည်။

မကြာသေးမီကနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ခရီးစဉ်များတွင်လည်း အာဏာရတာဝန်ရှိသူများ၏ အဂတိများ၊ စီမံခန့်ခွဲမှု အလွဲများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏ မကျေနပ်ချက်များ ပေါ်ပေါ်တင်တင် ထုတ်ဖော်လာကြသည်ကို တွေ့မြင်ခဲ့ကြရပြီးဖြစ် သောကြောင့် NLD အနေနှင့်လည်း ပြည်သူလူထု၏လိုအပ်ချက်ကို တစ်စုံတစ်ရာထိထိရောက်ရောက် ဖော်ဆောင်ရမည့် အချိန် ကာလဟုပင် ဆိုရမည်ဖြစ်သည်။

ထိုသို့သောခြေအနေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှိုင်းလုံးများဖြင့် ပြန်လည်လှုပ်နှိုးလိုက်သည်ဟု ရှုမြင်ကြသလို NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲကတိကဝတ်ဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးကို ပြီးခဲ့သည့်သုံးနှစ်နီးပါး တစ်လျှောက်လုံး အသံတိတ်နေခဲ့ပြီး ယခုမှစတင်ခြင်းသည် နောက်တစ်ကြိမ်ရွေးကောက်ပွဲအတွက် တပ်လှန့်သံဖြစ်သည်ဟုလည်း ရှုမြင်သူများ ရှိကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်၏ အသည်းအသန် ကန့်ကွက်မှုများရှိနေသကဲ့သို့ ဗိုလ်ချုပ်ကြီး ဟောင်းများဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တင်သွင်းသည့် အဆိုတစ်ခုကလည်းရှိနေပြန်ရာ NLD ပါတီအနေဖြင့် သတိကြီးကြီးဖြင့် ကိုင်တွယ်ရမည့် အကျပ်အတည်းပင်ဖြစ်သည်။

အထူးသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက တင်သွင်းသည့် ပြင်ဆင်ရေးမူကြမ်းတွင် တိုင်းရင်းသားပါတီများ ပြောင်းလဲလိုနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ်္မတက တိုက်ရိုက်ခန့် အပ်နိုင်သည့် ပုဒ်မ ၂၆၁ ကဲ့သို့ ပုဒ်မများ ပါရှိနေသောကြောင့်NLD ပါတီအနေဖြင့် ထောက်ခံရခက်၊ ကန့်ကွက်ရခက်သည့် အခြေအနေသို့ ဆိုက်ရောက်လျက် ရှိသည်။

၂၀၀၈ အခြေခံဥပဒေသည် နိုင်ငံသားများ၏ဆန္ဒမပါဘဲ စစ်အာဏာရှင်တစ်စုအလိုကျ ရေးဆွဲထားသည့်ဥပဒေ ဖြစ်သော ကြောင့် ယင်းဥပဒေပြင်ဆင်ရေးသည်လည်း နိုင်ငံသားပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကိုသာ ဦးတည်စေလိုပြီး တစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့၏ အာဏာအတွက် ခုတုံးမဖြစ်စေရေး ဦးတည်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ကျွန်ုပ်တို့မော်ကွန်းက လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

 

မော်ကွန်းအယ်ဒီတာအဖွဲ့




 

အမျိုးအစား - အယ်ဒီတာ့အာဘော်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."