ရေဂင်
ရန်ကုန် – ၂၀၂၀ သြဂုတ် ၁၇ (မော်ကွန်း)
ပြီးခဲ့သည့်ဧပြီလတွင် အပြီးတိုင်ပိတ်သိမ်းခဲ့သည့် မြန်မာနေရှင်နယ်လိဂ် အသင်းတစ်သင်း ဖြစ်သည့် ဇွဲကပင်ယူနိုက်တက်၏ ကစားသမားများအပါအဝင်၊ နည်းပြအဖွဲ့နှင့် ဝန်ထမ်းများ လက်ရှိအချိန်အထိ နစ်နာကြေးမရသေးကြောင်း အသင်းကစားသမားများကပြောသည်။
ဇူလိုင်ပထမအပတ်က မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများထံတိုင်ကြားရာ ၎င်းတို့ညှိနှိုင်းပေးမှုကြောင့် နှစ်လစာလျော်ကြေးပေးမည်ဟု သဘောတူညီချက်ရခဲ့သော်လည်း ယနေ့ထိ မရသေးခြင်းဖြစ်သည်။
“အခုဖြစ်နေတာက ကျွန်တော်တို့က တခြားအသင်းကိုလည်း သွားလို့မရဘူး၊ အပြင်အလုပ်ရှာ ဖို့ကလည်း ကိုဗစ်ဖြစ်နေတော့ ရဖို့မလွယ်ဘူး။ ဒါကြောင့် ဒီလစာကို ကျွန်တော်တို့ တောင်းနေတာပါ” ဟု ဇွဲကပင်ယူနိုက်တက်အသင်း ဂိုးသမား သက်မောင်သန့်ဇင်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်အား သွားရောက် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်းမရှိပေ။ ထို့အပြင် ဇွဲကပင်အသင်း အထွေထွေမန်နေဂျာထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန်ငြင်းဆန်ခဲ့သည်။
အသင်းဖျက်သိမ်းပြီးနောက် အသင်းပိုင်ရှင်မှ လစာတစ်ဝက်အား ကစားသမားများလာ ရောက်ထုတ်ယူနိုင်ကြောင်း၊ လာရောက်ထုတ်ယူရန် အဆင်မပြေပါက Wave Money ဖြင့် ထုတ်ပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့ပြီး အဆိုပါ ကမ်းလှမ်းမှုအား ကစားသမားများမှ ကျေနပ်မှုမရှိဘဲ အသင်းပိုင်ရှင်နှင့် တွေ့ဆုံညှိနှိုင်းရန်ကြိုးစားခဲ့သော်လည်း အသင်းပိုင်ရှင်မှ တွေ့ဆုံခွင့်မပေးခဲ့ကြောင်းအသင်း ကစားသမားများက ပြောသည်။
Photo : ZKP FC
#Dailynews