ရန်ကုန်-၂၀၂၄ အောက်တိုဘာ ၂၅ (မော်ကွန်း)
ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ‘နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်’ လှုံ့ဆော်တယ်လို့စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ သူတို့ထိန်းချုပ်ထားတဲ့ သတင်းစာတွေကတဆင့် စစ်ကောင်စီက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
မန္တလေးမြို့မှာအဖမ်းခံရတာဖြစ်ပြီး ပြည်ကြီးတံခွန်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
သူဟာ ယခင်အာဏာရှင်ခေတ်က မောက်မာရိုင်းစိုင်းသူအဖြစ် လူထုကြားနာမည်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အချစ်တော်မြေးဖြစ်သူ နေရွှေသွေးအောင်(ခ)ဖိုးလပြည့်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးလိုက်ပြီလို့ လူမှုကွန်ယက်တွေမှာသတင်းပျံ့နေတာကြာပြီဖြစ်ပေမယ့် ဒီကနေ့မှ စစ်ကောင်စီက သတင်းထုတ်ပြန်တာပါ။
အကြမ်းဖက်ကို အားပေးထောက်ခံနေသူလို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်အကောင့်တွေမှာလှုံ့ဆော်ခံရပြီး သီတင်းတစ်ပတ်လောက်အတွင်းမှာ သူအဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ သူ့ယောက္ခမအာဏာစွန့်ပြီးနောက်ပိုင်း အရပ်သားအစိုးရခေတ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ထောက်ခံသူအဖြစ် ပြောင်းလဲလာခဲ့ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချမှုကြောင့် မကြာခင်က သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်းနည်းသတိရကြောင်းမှတ်ချက်တွေ လူမှုကွန်ယက်မှာ ရေးသားခဲ့သေးတာပါ။
“ ခံစားချက်တွေပြင်းထန်လွန်းလို့ မျက်ရည်ကျမိပါတယ်။ ကိုယ့်ပြည်သူတွေအတွက် ကိုယ့်တာဝန်ယူတဲ့ဒေသ တိုးတက်အောင် အားကြိုးမာန်တက်ဆောင်ရွက်ပေးခဲ့ပေမယ့် ဆရာနေမကောင်းတဲ့ကာလမှာ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ခဲ့လို့ စိတ်မကောင်း ဖြစ်ရပါတယ်ဆရာ။ မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့ အိပ်စက်အနားယူပါတော့ဆရာ။ နောင်ဘဝမှာ လူဖြစ်ခဲ့ရင် လွတ်လပ်တရားမျှတပြီး လူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက် သယ်ပိုးပေးနိုင်ပါစေဆရာ” လို့ သူက ဒီလ ၇ ရက်တုန်းက လူမှုကွန်ယက်မှာ ရေးသားခဲ့သေးတာပါ။
စစ်ကောင်စီဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလို ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း လူထုဆန္ဒပြပွဲ တွေမှာ ဆန္ဒပြသူတွေကို ဆေးဝါးအကူအညီပေးခဲ့တဲ့သူ့ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေကို အကျဉ်းချဖမ်းဆီးခဲ့သလို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
လူခြေတိတ်ချိန် ညအချိန်တွေမှာ မြို့ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲပြီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို သွယ်ဝိုက်ကာ “မြန်မာပြည်သူအပေါင်း လေယာဉ်သံ၊ ဗုံးသံတွေကင်းစင်ပြီး ဘေးမသီ၊ ရန်မခ အိပ်ပျော်တဲ့ညတွေဖြစ်ပါစေ” လို့ ဒီလ ၃ ရက်မှာ သူ့က ရေးသားခဲ့ပါသေးတယ်။
နေ့စဉ်လိုလို လူမှုကွန်ယက်မှာ မှတ်ချက်ရေးသားမျှဝေနေတဲ့သူ့ပို့စ်တွေကို နောက်ဆုံးတင်ခဲ့တာက ဒီလ ၁၁ ရက်က ဖြစ်ပြီး အဲဒီနောက်ပိုင်း သူအဖမ်းခံလိုက်ရပြီလို့ သတင်းတွေထွက်ခဲ့ပေမယ့် ဒီနေ့မှ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။
ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ယခုအာဏာရှင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သူ့နေရာ ဆက်ခံသူအဖြစ် ၂၀၁၀ ခုနှစ်မှာ ရွေးချယ်အပြောင်းအလဲလုပ်ခဲ့ပေမယ့် အခုတော့ သူ့မိသားစုဝင်တစ်ဦးကိုပါ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးတာနဲ့ ကြုံရတာဖြစ်ပါတယ်။
ပုံစာ- ဦးသန်းရွှေသမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်နဲ့သူသားဖိုးလပြည့်
ဓါတ်ပုံ- နေစိုးမောင်
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

