ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၃ (မော်ကွန်း)
ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့နဲ့ တောင်ပိုင်းက မင်းတပ်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ငါးရက်ကြာလာပြီဖြစ်ပြီး စစ်ကောင်စီနဲ့ သူတို့ကြား နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့(Chin Brotherhood-CB)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒီအဖွဲ့ဟာ ‘ချင်းညီနောင်စစ်ဆင်ရေး-Operation CB’ လို့ နာမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ ဒီလ ၉ ရက်က စတင်ခဲ့ပြီး မြို့ထဲက စစ်ကောင်စီတပ်တွေကို ဝင်တိုက်နေတာ ဒီနေ့အထိပါ။
စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်လျက်ရှိပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတယ် လို့ CB က ထုတ်ပြန်ထားပါတယ်။
ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ မဟုတ်မမှန်တဲ့ တိုက်ပွဲသတင်းတွေကို လက်ရှိမှာ ရေးသား ဖော်ပြတာတွေ ရှိနေပြီး ဒီလိုရေးသားဖော်ပြတာ မလုပ်ဖို့လည်း CB က မေတ္တာရပ်ခံထားပါသေးတယ်။
ဒေသတွင်း သတင်းတွေမှာတော့ ချင်းညီနောင်ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကိုလည်း အရှင်ဖမ်းဆီးထားတယ်လို့လည်း ဖော်ပြနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ထဲက ဒေသခံလူငယ်တွေဟာ လက်နက်ကိုင်ခုခံတော်လှန်မှုတွေ ပြုလုပ်ခဲ့ကြပြီး ဒေသကာကွယ်ရေးအဖွဲ့တွေ အသီးသီး ဖွဲ့စည်းခဲ့ကြပါတယ်။
ဒီကာကွယ်ရေးအဖွဲ့တွေထဲက ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF-Zoland) ၊ ချင်းအမျိုးသားကောင်စီ-မင်းတပ်( CDF-Mindat) ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ သုံးဖွဲ့ပေါင်းကာ ချင်းညီနောင်အဖွဲ့ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။
နောက်ပိုင်းမှာတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF- Kampetlet) ၊ မရာအုပ်ချုပ်ရေး ကောင်စီ (MTC/ MDF) စတဲ့ ချင်းဒေသအခြေပြု တော်လှန်ရေးတပ်တွေလည်း ချင်းညီနောင်အဖွဲ့မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဒီနှစ် ဇွန်လပိုင်းကလည်း ချင်းညီနောင်အဖွဲ့ဟာ မဟာမိတ်တော်လှန်ရေးတပ်တွေဖြစ်တဲ့ အာရက္ခတပ်တော် (AA) ၊ ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ Yaw Army (YA) ၊ Yaw Defense Force (YDF) စတဲ့အဖွဲ့ တွေနဲ့ ပူးပေါင်းကာ မတူပီမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတူပီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ် စစ်ကောင်စီဘက်ကနေ ဝင်ကူတိုက်ပေးတဲ့ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ သူတို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ကြုံခဲ့ရပေမယ့် နောက်ဆုံးမြို့ကို သိမ်းနိုင်ခဲ့ပါတယ်။
CB ဟာ ယခင်ကလည်း ချင်းပြည်နယ်တောင်ပိုင်းက ကျင်ဒွေး၊ မကွီအိမ်နူး နဲ့ မတူပီ မြို့တွေကို သိမ်းဆည်းနိုင်ထားခဲ့ပြီး အခုအခါ မင်းတပ်နဲ့ ဖလမ်းမြို့တွေကိုပါ သိမ်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်နယ်တစ်ခုလုံးရဲ့ လူဦးရေ ထက်ဝက်နီးပါးရှိတဲ့ လူနှစ်သိန်းနီးပါးဟာ ဘေးလွတ်ရာဒေသတွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့မှာ စစ်ဘေးရှောင်နေ ကြရပါတယ်။
ပုံစာ – ချင်းညီနောင်အဖွဲ့ဝင် CDF-Mindat တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ – CDF -Mindat

