ပြန်လည်သုံးသပ်ရမည့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ မဲပေးခွင့်ဆုံးရှုံးမှု

ပြန်လည်သုံးသပ်ရမည့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ မဲပေးခွင့်ဆုံးရှုံးမှု

အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ (မော်ကွန်း)

ဆန္ဒမဲပေးသည့်နေ့က ကရင်လူမျိုးစောမင်းနိုင်သည် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကိုပါ ရွေးချယ်မဲပေးခွင့်ရ မည်ဟု မျှော်လင့်ထားခဲ့သော်လည်း လွှတ်တော်သုံးခုအတွက် မဲလက်မှတ်သုံးစောင်သာရသောကြောင့် မဲရုံတာဝန်ရှိ သူများထံ တစ်မဲထပ်ထောင်းသည်။

မဲဆန္ဒရှင်စာရင်းတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို မဲပေးခွင့်ရှိသူဟုပါဝင်မှသာ မဲပေးခွင့်ရမည်၊ မပါလျှင် ပေး ခွင့်မရဟု တာဝန်ရှိသူများက ရှင်းပြသည်။

ထိုရှင်းပြချက်ကို သူနားမလည်နိုင်။ သူနားလည်သည်က သူ၏အမည်သည် မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သည်၊ ထို့ကြောင့် ဆန္ဒမဲလေးခုပေးရမည်။ ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင်လည်း ထိုအတိုင်းမဲပေးခဲ့ပြီးပြီ။ ယခုတစ်ကြိမ် တွင်မူ ကျေနပ်လောက်စရာမရှိသည့် အကြောင်းပြချက်ဖြင့် မဲပေးခွင့်ဆုံရှုံးရတော့သည်။

“နိုင်ငံတော်က အသိအမှတ်ပြုတဲ့ မှတ်ပုံတင်မှာလည်း ကရင်လူမျိုး၊ မဲစာရင်းမှာလည်း ပါပြီးသားပဲ။ အရင်ကလည်း ဒီအတိုင်းပဲ မဲပေးခဲ့ပြီးပြီ။ ခုကျမှ အခွင့်အရေး တစ်ခုဆုံးရှုံးရတယ်” ဟု စောမင်းနိုင်က မကျေမလည်နှင့် ပြောသည်။

ငါးနှစ်ကြာမှ တစ်ကြိမ်ရသည့် အခွင့်အရေးဖြစ်သောကြောင့် ရက်အတန်ကြာပြီးသည့်တိုင် သူ့စိတ်ကမပြေနိုင်သေး။ လက်မှတ်ဖြတ်ပြီးသား ရထားတစ်စီးလွတ်သွားသကဲ့သို့ အောင့်သက်သက်ခံစားနေရသည်။ သူမဲသွားပေးခဲ့သည့် မဲရုံ သည် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း ရပ်ကွက်ရှိ မဲရုံအမှတ် (၈) ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် စောမင်းနိုင်ကဲ့သို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို မဲပေးရွေးချယ်ခွင့်ဆုံးရှုံးခဲ့သည့် မဲဆန္ဒရှင်များမှာ ထောင်နှင့်ချီ၍ရှိသည်ဟု ရန်ကုန်တိုင်းတွင် ထိုနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ် စားလှယ်လောင်းများက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်စာရင်းပြုစုရာတွင် ပေါ့လျော့မှုကြောင့် ထိုသို့ဖြစ်ရသည်ဟု ၎င်းတို့ကပြောသည်။ မဲပေးခွင့်ဆုံးရှုံးမှုအတွက် ရွေးကောက်ပွဲကော်မရှင်တွင်သာတာဝန်ရှိပြီး လာမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များ ယခုလိုမနစ်နာစေရန် ပြန်လည်သုံးသပ်ဆောင်ရွက်သင့်သည်ဟု ၎င်းတို့က အကြံပြုသည်။

“မဲပေးတဲ့နေ့ကျမှ မှတ်ပုံတင်မှာကရင်ပါလျက်နဲ့ တိုင်းရင်းသားဝန်ကြီး (မဲ)ပေးခွင့်မရလို့ဆိုပြီး ကျွန်မကိုပြောလာတာတွေအများကြီးပဲ။ ပိုဆိုးတာက ကိုယ့်ပေးမယ့်သူတွေဖြစ်နေတယ်” ဟု ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသည့် နော်လှလှစိုးကပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလ အာဏာရပါတီ NLD မဲဆွယ်မှု မြင်ကွင်းတစ်ခု။
ဓါတ်ပုံ – ဂေထော

အခြားသောတိုင်းနှင့်ပြည်နယ်များတွင်ပါ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက် မဲပေးရွေးချယ်ခွင့်ဆုံးရှုံးခဲ့ရသူ အများအပြားရှိသည်ဟု ကရင်လူငယ်ကွန်ရက် – ရန်ကုန် (Karen Youth – Rangoon) က ဆိုသည်။ လတ်တလောတွင် အယောက် ၁၅၀ ဝန်းကျင် စာရင်းရထားပြီးဖြစ်သည်ဟု ထိုကွန်ရက်၏ဦးဆောင်သူ စောကျော်မင်းကပြောသည်။

မဲပေးခွင့်ရှိလျက်နှင့် မဲပေးခွင့်မရခဲ့

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင် တိုင်းရင်းသားလူမျိုးတစ်မျိုး၏ အရေအတွက်သည် တစ်နိုင်ငံလုံးလူဦးရေ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းရှိပါက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတစ်ယောက်ကို ရွေးချယ် ခန့်အပ်နိုင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှလွဲ၍ အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးရွေးချယ်ကြရသည်။

သို့သော် မည်သည့်မဲဆန္ဒရှင်သည် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို ရွေးချယ်မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်မထား၊ လွှတ်တော်သုံးခုအတွက်သာ ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကိုယ်စားလှယ်လောင်းစာရင်း ပြုစုစဉ်ကတတည်းက နော်လှလှစိုးသည် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်နှင့် သွားရောက်တွေ့ဆုံကာ မေးမြန်းခဲ့သည်။

မဲဆန္ဒရှင်တစ်ဦးသည် မှတ်ပုံတင်ပါလူမျိုးအတိုင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို မဲပေးရွေးချယ်ခွင့်ရှိပြီး ကပြား ( ဥပမာ – ဗမာ + ကရင်၊ ကရင် + ဗမာ) များပါ မဲပေးနိုင်သည်ဟု သတ်မှတ်ထားကြောင်း ကော်မရှင်က သူ့ကိုရှင်းပြလိုက်သည်။ (လဝက လုပ်ထုံးလုပ်နည်းအရ မှတ်ပုံတင်တွင် ဖခင်ဘက်မှ လူမျိုးကို ရှေ့တွင်ထားပြီး မိခင်ဘက်မှ လူမျိုးကို နောက်တွင်ထားသည်။)

ထိုသတ်မှတ်ချက်ကို အများပြည်သူကျယ်ကျယ်ပြန့်သိစေဖို့ ဆောင်ရွက်ပေးရန်တောင်းဆိုရာ သက်ဆိုင်ရာမဲဆန္ဒ နယ်များအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ကော်မရှင်ကပြန်ပြောသည်ဟု နော်လှလှစိုးက မော်ကွန်းကိုပြောသည်။

ကော်မရှင်၏သတ်မှတ်ချက်နှင့်ညီသော်လည်း ဆန္ဒမဲပေးခွင့်မရခဲ့သည့် မဲဆန္ဒရှင်များစွာက ဆက်သွယ်အကူအညီတောင်းလာကြသည်မှာ သောသောညံနေခဲ့သည်ဟု ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်မခံခဲ့ရသည့် ဦးတင်ထူးအောင်က ပြောသည်။

“ကျွန်တော့်ဆီကို အဲဒီ့နေ့က ဖုန်းတွေဝင်လာတာရာနဲ့ချီရှိတယ်။ ရပ်၊ ကျေး မြို့နယ်ကော်မရှင်ရုံးတွေမှာ လိုက်ညှိနှိုင်းခဲ့ပေမယ့် အများစုကအဆင်မပြေခဲ့ဘူး။ ဒါကြောင့် ပုံစံ-၁၉ (မဲရလဒ်ကို ကိုယ်စားလှယ်လောင်းက အတည်ပြုသည့်ပုံစံ) ကို လက်မှတ်မထိုးဘူး” ဟု ၎င်းက ပြောသည်။

အနိုင်ရခဲ့သည့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကိုယ်စားလှယ် ဒေါ်ထုမေကလည်း ထိုပြဿနာကို ကြိုတင် မဲပေးရက်ကတည်းက ကြားသိခဲ့ရသောကြောင့် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အချိန်မီဆောင် ရွက်ပေးပါရန်တင်ပြခဲ့သော်လည်း မည်သည့်ဖြေရှင်းမှုမျှမရခဲ့ပါ။

ထို့ကြောင့် နိုဝင်ဘာ ၅ နှင့် ၇ တွင် တိုင်းရွေးကောက်ပွဲကော်မရှင်သို့ လူကိုယ်တိုင်သွားရောက် ညှိနှိုင်းရာ ကော်မရှင် တာဝန်ရှိသူများက မဲဆန္ဒရှင်တစ်ဦးသည် မဲစာရင်းတွင်ပါဝင်သော်လည်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက် မဲပေးခွင့်ရရန် ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းတွင်တိုင်းရင်းသားလူမျိုးစုရေးရာဝန်ကြီး နေရာ မရသေးသည့် မွန်ညီညွတ်ရေးပါတီ၏ စမ်းချောင်းမြို့နယ်အတွင်းပြုလုပ်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကမ်ပိန်း။
ဓါတ်ပုံ – ဂေထော

“ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တွေအတွက်ကလည်း လျှောက်ရတာမ ဟုတ်ဘူး။ ၁၈ နှစ် ပြည့်ပြီး မဲစာရင်းမှာပါလို့ တစ်မဲထည့်ရပြီဆိုရင် ဒီလူဟာ မဲပေးရန်အရည်အချင်းပြည့်မီသူပဲ” ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် လွှတ်တော်သုံးခုအတွက် ဆန္ဒမဲပေးခွင့်ရှိသူများသည် ‘သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ’ ဟုသာ ဆိုထားပြီး မဲပေးခွင့်အတွက် လျှောက်ထားရမည်ဟု ဖော်ပြထားခြင်းမရှိပါ။

အမှားအယွင်း ဘယ်ကစ

မဲဆန္ဒရှင်သည် တိုင်းရင်းသားဖြစ်ပါလျက်နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို မဲပေးခွင့်မရခဲ့ခြင်းသည် မဲ စာရင်းပြုစုစဉ်ကတည်းက မှားယွင်းခြင်းကြောင့်ဖြစ်သည်ဟု အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော် လင်းက ဝန်ခံသည်။

သူ၏ ရှင်းပြချက်အရ ၂၀၁၅ မဲစာရင်းကို မသုံးတော့ဘဲ အသစ်ပြန်လည် ပြုစုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၈ ဇူလိုင်နှင့် သြဂုတ်တွင် အုပ်ချုပ်ရေးပိုင်း(ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ) က အခြေခံလူဦးရေစာရင်းကို စတင်ပြုစုခဲ့ကြသည်။

ထိုစာရင်းပါအချက်အလက်အတိုင်း ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းပြုစုခဲ့သည်။ သို့ရာတွင် အခြေခံလူဦး ရေစာရင်းပြုစုစဉ်က လူမျိုးမှားယွင်းဖော်ပြမှုသည် ရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်စာရင်းအထိပါ မှားယွင်းသွား ခဲ့သည်။

“တချို့ရပ်ကွက်တွေမှာ အခြေခံလူဦးရေစာရင်းပြုစုတဲ့သူတွေက လူမျိုးဖော်ပြမှုက ဘယ်လောက်အရေးကြီးလဲဆိုတာ မသိဘဲ အလွယ်တကူမှန်းထည့်တာတွေရှိခဲ့တယ်။ ကရင်ဖြစ်လျက်သားနဲ့ ဗမာလို့ထည့်လိုက်တာ၊ ရခိုင်ဖြစ်လျက်သား နဲ့ ဗမာလို့ထည့်လိုက်တာတွေ” ဟု ဦးကျော်လင်းက ပြောသည်။

မဲစာရင်းကြေညာသည့်အခါ မဲဆန္ဒရှင်အနည်းစုကသာ ထိုအမှားကိုသတိပြုမိခဲ့ပြီး ပြန်လည်ပြင်ဆင်ပေးရန် လျှောက် ထားခဲ့သောကြောင့် ရွေးကောက်ပွဲကော်မရှင်က မဲပေးသည့်နေ့မတိုင်ခင် နှစ်ရက်အလို နိုဝင်ဘာ ၆ အထိ ပြင်နေခဲ့ရ သည်။

မဲပေးသည့်နေ့တွင်မူ သတိမပြုမိခဲ့သည့် မဲဆန္ဒရှင်အများစုက မဲပေးခွင့်မရကြောင်း ဆက်သွယ်ပြောဆိုလာသည့် တယ်လီဖုန်းခေါ်ဆိုမှုများမှာ မရေမတွက်နိုင်အောင်များပြားခဲ့သည်ဟု ဦးကျော်လင်းကဆိုသည်။

“အဲဒီအချိန်မှာပဲ တိုင်းရွေးကောက်ပွဲကောက်မရှင်နဲ့ အစည်းအဝေးလုပ်နေတာ။ တခြားမြို့နယ်တွေမှာလည်း ဖြစ်နေ တယ်လို့သိရတယ်။ မှားယွင်းသွားသူတွေကို မဲပေးခွင့်ပြုပါတယ်ဆိုတဲ့ ဗဟိုကညွှန်ကြားစာသာထွက်လာခဲ့ရင် အ ဆင်ပြေနိုင်တယ်။ ဒါပေမဲ့ စာထွက်မလာခဲ့ဘူး” ဟု ၎င်းကပြောသည်။

မဲရုံများသည် မဲဆန္ဒရှင်၏ မဲစာရင်းပါလူမျိုးကိုသာအတည်ယူပြီး မှတ်ပုံတင်ပါလူမျိုးကို ထည့်သွင်းမစဉ်းစားခဲ့ကြပါ။
ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်၏ ပြောရေး ဆိုခွင့်ရှိသူများကို မော်ကွန်းကတယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြား ခြင်းမရှိပါ။

မဲပေးခွင့်ဆုံးရှုံးမှုသည် မဲဆန္ဒရှင်များ၏မဲစာရင်းစစ်ရာတွင် ပေါ့လျော့မှုကြောင့်လည်းပါဝင်သည်ဟု ဆိုနိုင်သော်လည်း အဓိကတာဝန်ရှိသည်မှာ ရွေးကောက်ပွဲကော်မရှင်သာဖြစ်သည်ဟု နော်လှလှစိုးက ယူဆသည်။

“ကိုဗစ်ကာလမှာ အကန့်အသတ်တွေကြောင့် မဲစာရင်းမှာ နာမည်ပါပြီးရောဆိုပြီး သေချာမစစ်ဆေးလိုက်ရတဲ့ မဲဆန္ဒ ရှင်တွေရှိတယ်။ ရွေးကောက်ပွဲနေ့ကျမှ မဲပေးလို့မရဘူးဆိုတာသိကြရတာ” ဟု ၎င်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းများ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတာမြို့နယ်အတွင်း ကပ်ထားစဉ်။
ဓါတ်ပုံ – ဂေထော

ရွေးကောက်ပွဲတွင် သူသည် အနိုင်ရကိုယ်စားလှယ်ဖြစ်သွားခဲ့သော်လည်း မဲဆန္ဒရှင်များ၏ မဲပေးခွင့်ဆုံးရှုံးမှုကြောင့် သူအမှန်တကယ်ရမည့် မဲအရေအတွက်၏ အနည်းဆုံးငါးရာခိုင်နှုန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု သူကခန့်မှန်း သည်။
ဒေါ်ထုမေကလည်း ရခိုင်တိုင်းရင်းသားမဲစာရင်းတွင်မပါဟု အကြောင်းပြချက်ဖြင့် ရခိုင်တိုင်းရင်းသားများ မဲထည့်ခွင့်မ ရခြင်းသည် မဲဆန္ဒရှင်များ၏တာဝန်ပျက်ကွက်မှုမဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင်၏တာဝန်သာဖြစ်သည်ဟု ပြော သည်။

ပြန်လည်သုံးသပ်ရန်လို

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်တွင်နေထိုင်သည့် ကရင်လူမျိုးစောအောင်ကိုလတ်၏ မိသားစုဝင်သုံးဦးသည် လည်းပဲ စောမင်းနိုင်ကဲ့သို့ပင် မဲပေးခွင့်ဆုံးရှုံးခဲ့ရသည်။

“အမေ ကြိုတင်မဲထည့်ကတည်းက တိုင်းရင်းသားမဲမပါလို့ ပြောခဲ့တယ်။ နောက်ရက် ပြန်ထည့်လို့ရအောင် စီစဉ်ပေး မယ်ပြောပြီး ဘာအကြောင်းမှမပြန်တော့ဘူး။ ကျွန်တော်တို့ မဲသွားပေးတဲ့နေ့မှာလည်း မဲစာရင်းမှာမပါလို့ဆိုပြီး ပေး ခွင့်မရခဲ့ဘူး” ဟု ၎င်းက ပြောသည်။

မဲရုံက ကျေနပ်လောက်အောင် ရှင်းမပြနိုင်သည့် ၎င်းတို့၏မဲပေးခွင့်ဆုံးရှုံးမှုကို ကရင်လူငယ်ကွန်ရက် – ရန်ကုန်ထံ စာရင်းပေး တိုင်ကြားခဲ့သည်။

ကရင်လူငယ်ကွန်ရက် – ရန်ကုန်၏ ဦးဆောင်သူ စောကျော်မင်းက “တန်းတူအခွင့်အရေးဆုံးရှုံးတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ အချက်အလက် အပြည့်အစုံရတဲ့အခါ ဒီစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့သွား မယ်။ နောက်ထပ် ဒါမျိုးတွေမဖြစ်အောင် အလေးထားစေချင်ပါတယ် ” ဟု ပြောသည်။

အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်လင်းက ၎င်းတို့၏ ပေါ့လျော့မှုကြောင့် မဲပေးခွင့်ဆုံးရှုံးသည့် မဲဆန္ဒရှင်များကို တောင်းပန်ခဲ့ပြီး မှားယွင်းရသည့် အကြောင်းအရင်းကိုလည်း လူထုကို ကျယ်ကျယ်ပြန့်ပြန့် သိစေချင် နေသည်။

“ဒီကိစ္စကို ပြန်လည်သုံးသပ်မယ်။ မြို့နယ်အလိုက် စီမံချက်ပြန်ရေးဆွဲပြီး မှန်အောင်လုပ်မှရမယ်။ နောက်ရွေးကောက်ပွဲ တွေမှာ ဒါမျိုးဖြစ်လို့မရဘူး။ လူထုလည်း ပူးပေါင်းပါဝင်ပေးပါ” ဟု ၎င်းက တောင်းဆိုသည်။


#Feature

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."