ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ မတ် ၂၇ (မော်ကွန်း)
ပြည်ပမှပြန်လာသူအမျိုးသားနှစ်ဦးတွင် COVID-19 ရောဂါပိုးထပ်တွေ့တယ်လို့ ယနေ့နံနက်အစောပိုင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါကြောင့် ယနေ့အထိ ရောဂါပိုးတွေ့ရှိသူ ငါးဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
မန္တလေးကန်တော်နဒီဆေးရုံနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွေမှာ အထက်ပါအမျိုးသားနှစ်ဦးကို သီးခြားခွဲကြပ်မတ်ကုသ ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
ရောဂါပိုးတွေ့ရတဲ့ အမေရိကန်နိုင်ငံသားခံယူထားသူ မန္တလေးမြို့က အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ ၊ ချမ်းမြ သာစည်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး မတ် ၁၉ ရက်မှာ ရန်ကုန်မြို့ကို ရောက်လာခဲ့သူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ဝင်လာမယ့်သူတွေကို အစိုးရက ၂ပတ်အကြာကန့်သတ်စောင့်ကြည့်မှု ( Quarantine ) အမိန့် မထုတ်ခင် ၂ ရက်စောပြီး ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
Qatar Airline နဲ့ မတ် ၁၉ ညနေ ၆ နာရီမှာ ရန်ကုန်ကို ရောက်လာတဲ့ သူဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ တစ်ညအိပ်ခဲ့ပါတယ်။ ထို့နောက် မတ် ၂၀ ည ၁၀ နာရီမှာ ခိုင်မန္တလေးအဝေးပြေးကားနဲ့ မန္တလေးကို ပြန်ခဲ့ပြီး မန္တလေး အဝေးပြေးကွင်းကနေ သူ့အိမ်ကို မီနီအိုးဝေငှားကာ ပြန်ခဲ့တာလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တယ်။
သူဟာ မတ် ၂၂ မှာ ဖျားနာတာ၊ ချောင်းဆိုးတာ၊ မောပန်းတာတွေ စတင်ခံစားခဲ့ရပြီး မတ် ၂၅ မှာ ဆေးရုံတတ်ရောက် ကုသမှုခံယူတဲ့အတွက် စောင့်ကြည့်လူနာသတ်မှတ်ပြီး ကုသပေးခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တယ်။
နောက်တစ်ဦးဖြစ်တဲ့ ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေထိုင်သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားကတော့ သူ့ရဲ့ နှာခေါင်းကင်ဆာရောဂါကို သြစတြေးလျနိုင်ငံမှာ တစ်လအကြာသွားကုသပြီး အပြန်မှာ စင်္ကာပူနိုင်ငံမှာ လေးရက် ဝင်နားခဲ့သူပါ။
သူဟာ မတ် ၁၄ ရက်မှာ မြန်မာနိုင်ငံကိုပြန်ရောက်ခဲ့ပြီး နောက်လေးရက်အကြာ ၁၈ ကတည်းက ဖျားနာတာ၊ ချောင်းဆိုး တာ၊ လည်ချောင်းနာတာတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် မတ် ၂၅ ကတည်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာ အဖြစ် သီးခြားခွဲကုသမှုပေးခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖော်ပြတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံမှ ဝင်လာသူနှစ်ဦး၊အင်္ဂလန်နိုင်ငံမှ ဝင်လာသူ နှစ်ဦးနဲ့ သြစတြေးလျနိုင်ငံမှ ဝင်လာသူ တစ်ဦးတို့တွင် ရောဂါပိုးများ တွေ့ခဲ့ပြီဖြစ်ပါတယ်။
#Dailynews