ရန်ကုန်-၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း)
နိုင်ငံတဝန်းက ပြစ်ဒဏ်အသီးသီးနဲ့ အကျဉ်းကျခံနေရသူ(၈၁၄)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီနေ့ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အင်းစိန်ထောင်မှာ ထောင်ဒဏ်ကျခံနေရသူတချို့ကို မီနီဘတ်စ်ကား လေးစီးနဲ့ စတင်လွှတ်ပေးနေပါတယ်။
“၅၀၅တွေ မပါသေးဘူး။နိုင်ငံရေးသမားတစ်ယောက်မှမပါသေးဘူး။ မူးယစ်မှုနဲ့ကျတဲ့သူတွေကိုအရင်လွှတ်ပေးနေတာ။ သားကိုလာစောင့်တာ။ ကျောက်တန်းကနေလာရတာ။ အကုန်လုံးလွတ်စေချင်တယ်”လို့ ပုဒ်မ ၅၀၅ နဲ့ ထောင်ချခံထားရတဲ့ သားဖြစ်သူကိုလာစောင့်တဲ့ ဖခင်တစ်ဦးကပြောပါတယ်။
လက်ရှိအချိန်အထိတော့ မြေပြင်မှာ လာစောင့်ကြိုနေသူတွေကိုမေးမြန်းချက်အရ ၅၀၅(က)နဲ့ ထောင်ချခံထားရသူတွေမပါသေးဘူးလို့သိရပါတယ်။
လွတ်ငြိမ်းခွင့်မှာ သီရိလင်္ကာနိုင်ငံသား ခုနစ်ဦးကိုပြည်နှင်ဒဏ်နဲ့ ရခိုင့်တပ်တော် AAအဖွဲ့ဝင်တွေနဲ့ဆပ်စပ်သူ ၄၆ ဦးကို အမှုပိတ်သိမ်းကြောင်းလည်းပါဝင်ပါတယ်။
စစ်ကောင်စီက ထောင်ဒဏ်နှစ် ၈၀ ချမှတ်ထားတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကိုလည်း ပြစ်ဒဏ်ထက်ဝက် လျှော့ချခဲ့ပါတယ်။
စစ်ကောင်စီက အကျဉ်းကျခံနေရသူတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြန်လွှတ်တာဖြစ်ပါတယ်။
#Dailynews

