ရန်ကုန်- ၂၀၂၄ မေ ၂၀ (မော်ကွန်း)
အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၅၁ သိန်းကျော်ထိ စံချိန်တင်မြင့်တက်သွားပြီး ဈေးကွက်အတွင်း အရောင်း၊ အဝယ်တွေလည်း ရပ်ဆိုင်းထားရတယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ပြောပါတယ်။
ဒီလဆန်းမှာ တစ်ကျပ်သားကို ကျပ် ၄၇ သိန်းကျော်ကို ရောက်လာတဲ့ အခေါက်ရွှေဈေးဟာ သီတင်းပတ်သုံးပတ်အတွင်းမှာပဲ ကျပ်လေးသိန်းကျော် ထပ်မံမြင့်တက်ခဲ့တာပါ။
လက်ရှိမှာ ရွှေဈေးကွက်မတည်မငြိမ်ဖြစ်နေပြီး ဒီနေ့ညနေပိုင်း ပြင်ပဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၅၁ သိန်း တစ်သောင်းကျော်ထိ ရှိလာကာ ရွှေဆိုင်တွေကလည်း အရောင်းအဝယ် ယာယီရပ်လိုက်တယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
အခုလို ပြည်တွင်းရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်နေတာဟာ ကမ္ဘာ့ရွှေဈေးမြင့်တက်မှု၊ ဒေါ်လာဈေးမြင့်တက်နေမှုတွေအပြင် နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့အခြေအနေတွေကြောင့်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။
“အခုတော့ ဆိုင်တွေပါ ပိတ်ထားရတယ်။ သူတို့လည်း ဘယ်ဈေးနဲ့ ရောင်းပြီး ဘယ်ဈေးနဲ့ ပြန်ဝယ်ရမလဲ မသိတော့ဘူးထင်တယ်။ အရမ်းခုန်တက်နေတော့ အရောင်းမှား၊ အဝယ်မှားမဖြစ်အောင် ပိတ်ထားတာ” လို့ ရွှေဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးတွေရပ်တန့်နေပြီး စီးပွားရေးမှာရင်းနှီးမြုပ်နှံမှု ကျဆင်းလာခဲ့တာကြောင့် ရွှေကို ဝယ်စုသူတွေပိုများလာတယ်လို့ ပြောပါတယ်။
“တချို့လည်း ဝယ်ကစားတာရှိတယ်။ ဘဏ်ထဲထည့်ထားတာထက် ပိုသေချာတယ်လေ။ ရွှေက တောက်လျှောက် အတက်ပဲရှိတာ၊ ပြန်ကျတာမရှိဖူးသေးဘူး” လို့ ၎င်း လေ့လာသုံးသပ်က ဆိုပါတယ်။
လက်ရှိဖြစ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းကို ရောက်နေတာပါ။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကတော့ ဒေါ်လာဈေးမငြိမ်သက်မှုကြောင့် တစ်ကျပ်သား သိန်း ၃၀ ကျော်ကနေ သိန်း ၄၀ ကျော်ကို ခုန်တက်ခဲ့ဖူးပေမယ့် ၃၄ သိန်း ဝန်းကျင်ထိ ပြန်လည်ကျဆင်းခဲ့ပါသေးတယ်။
ပြင်ပမှာ အမှန်တကယ်အရောင်းအဝယ်မလုပ်တဲ့ ပြည်တွင်းရည်ညွှန်းရွှေဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်နေတဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၉ သိန်းကျော်မှာပဲရှိတယ်လို့ ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ – အကယ်ဒမီမီးလင်းအခေါက်ရွှေတုံး
ဓာတ်ပုံ – YGEA