ရန်ကုန်၊ ၂၀၂၃ မေ ၂၉ (မော်ကွန်း)
ပြည်တွင်းမှာ လူအများစားနေတဲ့ ကုလားပဲ၊ စားတော်ပဲ စတဲ့ပဲအမျိုးအစားတွေဟာ ယခုရက်ပိုင်းမှာ စျေးအမြင့်ဆုံးအထိတက်လာတယ်လို့ ပဲမျိုးစုံ ကုန်စည်ဒိုင်တွေက ပြောပါတယ်။
” ပြည်တွင်းစားတဲ့ ကုလားပဲအုပ်စုက ပဲလက်ကျန်နည်းလာတယ်။ ဒေါ်လာဈေးလည်း နည်းနည်းတက်သွားတော့ ပြည်ပပို့တဲ့ပဲစင်းငုံဈေး နည်းနည်းလိုက်ခုန်တက်သွားတယ်။ ကုလားပဲဈေးတွေလည်း အဲဒီအပေါ် လိုက်ခုန်တက်လာတာ။ အမြင့်ဆုံးဈေးကိုရောက်လာတယ်ပြောလို့ရတယ်” လို့ ဈေးကွက်အခြေအနေကို ပဲကုန်သည်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
လက်ရှိမှာ စားတော်ပဲ သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၄၀၀,၀၀၀ ပေါက်ဈေးဖြစ်နေကာ ၊ ကုလားပဲတစ်အိတ်ကို ကျပ် ၂၃၈,၀၀၀၊ မတ်ပဲတစ်အိတ်ကို ကျပ် ၂၂၀,၀၀၀ ပေါက်ဈေးရှိတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းတွေမှာ ဖော်ပြထားတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ် ယခုလိုကာလပေါက်ဈေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ထက်ဝက်ကျော်ဈေးမြင့်လာတဲ့ နှုန်းထားဖြစ်တယ်လို့ ပဲခူးတိုင်းအနောက်ခြမ်း၊အုတ်ဖို့မြို့နယ်က ပဲနှမ်းစိုက်ပျိုးရောင်းချတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
” ပဲဈေးကောင်းနေတယ်ပြောရမယ်။ မတ်ပဲ၊ ပဲစင်းငုံ ၊ ကုလားပဲ အကုန်ပြန်တက်လာတယ်။ မုန်တိုင်း အရှိန်ကြောင့်လည်းပါမယ်။ စိုက်ခင်းတွေ ပျက်တာတွေကြောင့် ဈေးကွက်ထဲအဝင်နည်းပြီး ကုန်သည်တွေမှာ ပဲအဝင်နည်းတယ်၊ လက်ကျန်ပဲတွေဈေးတက်လာတာ” လို့ သူကပြောပါတယ်။
ပြည်ပကိုတင်ပို့တဲ့ ပဲစင်းငုံ၊ မတ်ပဲဈေးနှုန်းတွေကတော့ ဒေါ်လာဈေးအတက်အကျအပေါ်မူတည်ကာ ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိပေမယ့် ပြည်တွင်းမှာစားသုံးနေတဲ့ ကုလားပဲအုပ်စုဝင် ပဲအမျိုးအစားတွေကတော့ ဈေးအမြင့်ဆုံးကို ရောက်နေတာဖြစ်တယ်လို့ ပဲ၊နှမ်း ကုန်သည်တစ်ဦးကပြောပါတယ်။
ပုံစာ – ကုန်စည်ဒိုင်တွင် ရောင်းချဖို့ပြသထားတဲ့ ပဲနမူနာများ
ဓာတ်ပုံ – MST
#Dailynews

