“ပြည့်စုံတာကတော့ နေရာအနှံ့ကူညီပေးကြတဲ့ ပရဟိတစိတ်ပါ။ မပြည့်စုံတာကတော့ အခုအချိန်မှာ ဆရာဝန်တွေကို အတင်းဖိနှိပ်နေလို့ information ကောင်းကောင်းစုလို့မရလို့ လူနာတွေ အရေးပေါ် အကူအညီတောင်းရင် အဆက်အသွယ်ရှာရခက်တာပါ။”

“ပြည့်စုံတာကတော့ နေရာအနှံ့ကူညီပေးကြတဲ့ ပရဟိတစိတ်ပါ။ မပြည့်စုံတာကတော့ အခုအချိန်မှာ ဆရာဝန်တွေကို အတင်းဖိနှိပ်နေလို့ information ကောင်းကောင်းစုလို့မရလို့ လူနာတွေ အရေးပေါ် အကူအညီတောင်းရင် အဆက်အသွယ်ရှာရခက်တာပါ။”

ရန်ကုန် – ၂၀၂၁ ဖေဖော်ဝါရီ (မော်ကွန်း)

စစ်တပ်အာဏာသိမ်းခြင်းကို ကန့်ကွက်သည့် ကျန်မားရေးလုပ်သားများသည် အလုပ် မဆင်းဘဲ အာဏာဖီဆန် ဆန္ဒပြသည့် Civil Disobedience Movement (CDM) လုပ်လာကြသည်မှာ တစ်လကြာပြီဖြစ်သည်။
တစ်နိုင်ငံလုံးတွင် ဆေးရုံ ၁,၂၆၂ ရုံရှိပြီး CDM လှုပ်ရှားမှုကြောင့် ပိတ်ထားရသည့်ဆေးရုံ ၃၅၇ ရုံ၊ ဆေးရုံဖွင့်ထားသော်လည်း ကုသခြင်းမရှိသည့် ဆေးရုံ ၂၇ ရုံရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖေဖော်ဝါရီ ၂၂ ရက် အာဏာသိမ်းစစ်ကောင်စီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့ဆေးရုံများပိတ်ထားသော်လည်း ဆေးကုသရန်လိုအပ်သည့် လူနာများကို နဂိုရှိရင်းစွဲ ပရဟိတဆေးခန်းများနှင့် ပုဂ္ဂလိက ဆေးခန်းများတွင် အခမဲ့ သို့မဟုတ် စရိတ်မျှပေးစနစ်ဖြင့် ကုသပေးလျက်ရှိ ကြောင်း Democracy Clinic အဖွဲ့က ဆိုသည်။

Democracy Clinic အဖွဲ့သည် အခမဲ့ (သို့မဟုတ်) စရိတ်မျှပေးဆေးခန်းများနှင့် သက်ဆိုင်သည့် အချက်အလက်များနှင့် ဆေးကုသရန် ငွေကြေးမတတ်နိုင်သူများကို အလှူရှင်များနှင့် ချိတ်ဆက်ပေးနေသည့် အဖွဲ့ဖြစ်သည်။

ထိုသို့ ကုသပေးရာတွင် ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည့် Democracy Clinic အဖွဲ့မှ တာဝန်ခံ ဆရာဝန်တစ်ဦးကို မော်ကွန်းက ဆက်သွယ်မေး မြန်းထားသည်။ လုံခြုံရေးအရ နာမည် ထည့်သွင်းမဖော်ပြရန် ၎င်းကမေတ္တာရပ်ခံထားသည်။

မော်ကွန်း ။ ။ CDM ကျန်းမာရေးလုပ်သားတွေဖွင့်လှစ်တဲ့ ဆေးခန်းရန်ကုန်မှာ ဘယ်နှစ်ခုရှိပါသလဲ။

Democracy Clinic ။ ။ CDM ကျန်းမာရေးလုပ်သားတွေ ဖွင့်ထားတဲ့ဆေးခန်း ရန်ကုန်မှာမရှိပါဘူး။ ပရဟိတဆေးခန်း ဒါမှမဟုတ် စရိတ်မျှပေးဆေးခန်းတွေကတော့ မြန်မာပြည် အနှံ့ရှိပါတယ်။ နဂိုကတည်းက ဖွင့်ထားတာတွေက လူနာအကျိုးအတွက်၊ ဆင်းရဲသူတွေအတွက် လျှော့ပေးတာရှိသလို (နဂိုကတည်းက ဖွင့် ထားတဲ့) ယာယီတွေလည်း ရှိပါတယ်။ ဆေးခန်းအရေအတွက်ကတော့ မကောက်ထားမိပါဘူး။ ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးသူအကုန်လုံး ကိုယ်စီကိုယ်စီ ပရဟိတ/စရိတ်မျှပေးရေးကို လူနာများအဆင် ပြေအောင် တတ်နိုင်သလောက် လုပ်ဆောင်ပေးကြပါတယ်။

မော်ကွန်း ။ ။ ဘယ်လိုရောဂါကနေ ဘယ်လိုရောဂါအထိ လက်ခံကုသပေးလဲ။

Democracy Clinic ။ ။ အိမ်ဆေးခန်းကစလို့ ခွဲခန်းရှိတဲ့ ဆေးရုံ/ဆေးခန်းအထိ ပရဟိတအဖြစ် အခုချိန်မှာ စရိတ်လျှော့ပေးခြင်း၊ စရိတ်မျှပေးခြင်းတွေလုပ်ဆောင်ပေးကြပါတယ်။ သာမာန် ဖျားနာ/နာတာရှည်ရောဂါ တွေကနေ ခွဲစိတ်မှုတွေထိ နိုင်သလောက်အကုန်ဝိုင်းကူပေးကြပါတယ်။

မော်ကွန်း ။ ။ အခမဲ့လား၊ စရိတ်သက်သာလား။ ဘာတွေပြည့်စုံပြီး ဘာတွေမပြည့်စုံဘူးလဲ။

Democracy Clinic ။ ။ ဆရာဝန်ကြည့်ရှုစစ်ဆေးခတွေကိုတော့ မတတ်နိုင်တဲ့သူတွေကို အခမဲ့အကုန် ကုပေးကြပါတယ်။ ဆေးဖိုး/ဆေးရုံဖိုးကိုတော့ စရိတ်မျှပေးလုပ်ပေးကြတာ များပါတယ်။ ပြည့်စုံတာကတော့ နေရာအနှံ့ကူညီပေးကြတဲ့ ပရဟိတစိတ်ပါ။ မပြည့်စုံတာကတော့ အခုအချိန်မှာ ဆရာဝန်တွေကို အတင်းဖိနှိပ်နေ လို့ Information ကောင်းကောင်းစုလို့မရလို့ လူနာတွေ အရေးပေါ်အကူအညီတောင်းရင် (ဆရာဝန်တွေကို) အဆက်အသွယ်ရှာရခက်တာပါ။ ဖိနှိပ်တယ်ဆိုတာ အခုနိုင်ငံပိုင်သတင်းစာမှာပါပါတယ်။
CDM ဆရာဝန်တွေကို အရေးယူမယ် ကြေညာပြီးသားပါ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေကတစ်ဆင့် ဖုန်းဆက်မေးမြန်း ခြိမ်း ခြောက်တာမျိုးလည်းရှိပါတယ်။ နာမည်စာရင်းမှတ်တာတွေရှိပါတယ်။ ဆရာမလေးတွေကို CDM မလုပ်တဲ့ အကြီးတွေက ဖိအားပေးနေတာမျိုးလည်းရှိပါတယ်။ CDM လုပ်တဲ့ ဆရာဝန်များ၊ ဆရာမများ ဝန်ထမ်းအိမ်ရာ သို့မဟုတ် မိမိပုံမှန်နေနေကျ အဆောင်၊ အိမ်တို့မှာ မနေရဲတော့ပါဘူး။

မော်ကွန်း ။ ။ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေက ဘယ်လိုအားဖြည့်ကူညီပေးကြလဲ။

Democracy Clinic ။ ။ ပုဂ္ဂလိကထဲမှာတော့ အတတ်နိုင်ဆုံးဈေးလျှော့ပြီး ကူပေးကြတဲ့ ဆေးရုံတွေ အများအပြားရှိပါတယ်။ တချို့ဆေးရုံတွေကတော့ ဈေးနှုန်း အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဆေးရုံတွေ ဈေးလျှော့ပေးတာတောင် မတတ်နိုင်ကြတဲ့လူနာတွေလည်းရှိကြပါတယ်။ အဲ့ဒါကို Democracy Clinic အနေနဲ့ Funding အလှူစာရင်းကောက်ခံပြီး မတတ်နိုင်တဲ့သူတွေရှိလာတဲ့အခါ လိုအပ်သူနဲ့ အလှူရှင်ကို တိုက်ရိုက်ချိတ်ဆက်လှုဒါန်းလို့ရတဲ့ အစီအစဉ်လေးတစ်ခု လုပ်ပေးပါတယ်။

မော်ကွန်း ။ ။ နောက်ထပ်ရော ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိသေးလဲ။

Democracy Clinic ။ ။ အခုလည်း Democracy Clinic အနေနဲ့ အများသုံးလို့ရတဲ့ ကျန်းမာရေးသတင်းအချက်အလက်တွေ အခမဲ့ဖြန့်ဝေပေးမယ့် Application တစ်ခုလုပ်ဖို့ရှိပါတယ်။ ဒီအတွက် Information/ Volunteer Form ကောက်ခံမှုတွေမှာ ဖိနှိပ်မှုတွေကြောင့် အဆင်မပြေတော့ဖြစ်နေပါတယ်။ တစ်နိုင်ငံလုံး ဘယ်မြို့၊ ဘယ်ရွာ ဖြစ်ဖြစ် ကျန်းမာရေးအတွက်လိုအပ်လို့ Application ကိုဖွင့်လိုက်တာနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း အစုံအလင် ပြပေးနိုင်ဖို့ထိ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ဒါကတော့ အကြာကြီးလှမ်းရဦးမယ်လို့မြင်မိပါတယ်။

စရိတ်မျှပေး၊ ပရဟိတဆေးခန်းများနှင့် ဆက်သွယ်ရမည့် လိပ်စာများ





Feature

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."