ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၂၁ (မော်ကွန်း)
ပဲခူးမြို့မှာ မြစ်ရေပြန်ကျသွားပေမယ့် နေအိမ်တွေရေမြုပ်ခဲ့လို့ ရေဘေးရှောင်တွေဟာ နေအိမ်တွေကိုမပြန်နိုင်ကြသေးဘူးလို့ ဒေသအခြေစိုက်ကူညီကယ်ဆယ်ရေးအသင်းထံမှသိရပါတယ်။
“ရေဘေးကနှစ်ခါကြုံလိုက်ရတော့ နေအိမ်တွေပျက်စီးသွားလို့ နလန်မထူနိုင်တော့တဲ့မိသားစုတွေရှိတယ်။ မြို့သစ်ရပ်ကွက်မှာဆို အိမ်ထောင်စု ၁၁ စုဆို နေအိမ်အလုံးလိုက်ရေမြုပ်သွားလို့ အခုထိမပြန်နိုင်သေးဘူး။ ဓမ္မာရုံမှာပဲသူတို့ကိုထားထားရတယ်” လို့ ကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးမြစ်ရေတက်လာလို့ ရထားလမ်းတွေပေါ်မှာ တဲအိမ်ထိုးပြီး ရေဘေးရှောင်ခဲ့ရတဲ့ အိိမ်ထောင်စု ၂၀ နီးပါးဟာလည်း ရေမြုပ်ပြီးနေအိမ်တွေပျက်စီးကုန်လို့ မပြန်နိုင်ကြဘဲ သူတို့ရဲ့အသိမိတ်ဆွေတွေ၊ ဆွေမျိုးအိမ်တွေမှာ ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ ပဲခူးမြို့လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှသိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တော့ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက်ပြန်ကျသွားပြီလို့ထုတ်ပြန်ပါတယ်။
မြေနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေကရင်စို့လောက်ကျန်သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဩဂုတ်လပထမအပတ်ကတစ်ကြိမ် စက်တင်ဘာတတိယအပတ်မှာတစ်ကြိမ် ပဲခူးမြစ်ရေတက်ခဲ့လို့ ရေဘေးနှစ်ခါကြုံခဲ့ရတာပါ။
ပဲခူးမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ “ဒီတစ်ခေါက်ရေကြီးတာ ဒေသခံ ရာနဲ့ချီ ရေဘေးကြုံခဲ့ရတယ်လို့ပြောလို့ရတယ်။ အခုတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေပါတယ်။ အကူအညီတွေလည်းလိုအပ်နေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့တစ်ခေါက် ပဲခူးမြစ်ရေတက်တုန်းက လူဦးရေတစ်သောင်းကျော်ဟာ ကယ်ဆယ်ရေးစခန်း ၃၂ ခုထံ ရေဘေးတိမ်းရှောင်ခဲ့ရတာပါ။
ဩဂုတ်လဆန်းကစလို့ မြန်မာနိုင်ငံမှာ မိုးအဆက်မပြတ်ရွာပြီးရေကြီးမှုကြောင့် ရေဘေးကြုံခဲ့ရတဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေက လူဦးရေ ၈၀,၀၀၀ ကျော်ရဲ့ တစ်ချို့ဟာ သူတို့ရဲ့နေအိမ်တွေကို ပြန်ခဲ့ကြပေမယ့် အများစုကတော့ အခုချိန်ထိ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က မနေ့က ထုတ်ပြန်ပါတယ်။
ပုံစာ- နေအိမ်မပြန်နိုင်သေးတဲ့ ရေဘေးရှောင်ဒေသခံများ
ဓာတ်ပုံ- အနာဂတ်ကြယ်ပွင့်လူမှူကူညီရေးအသင်း
#Dailynews

