ကြို့ပင်ကောက်-၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမတောင်တန်းပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် ဒေသခံ တစ်သောင်းကျော်လောက် စစ်ဘေးရှောင်နေရတယ်လို့ ကယ်ဆယ်ကူညီပေးသူတချို့က ပြောပါတယ်။
ဒီလ ၂၄ ရက်ကတည်းက ထိုးလာတဲ့အဲဒီစစ်ကြောင်းကြောင့် သခွတ်ပင်၊ အင်တိုင်း၊ ရုံးချောင်း၊ ဥယျာဥ်ကြီး၊ အေးရွာလေးနဲ့ သင်္ခရိုင်ရွာတွေက ဒေသခံတစ်သောင်းလောက် ပဲခူးရိုးမတောတွင်း ဘေးလွတ်ရာတွေကို ထွက်ပြေးနေရပြီး ဒီနေ့အထိ အဲဒီစစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ရေလှောင်တမံဘေးက သင်္ခရိုင်ပရဟိတကျောင်းမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ ရိုးမထဲကတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ ဒီနေ့မနက် ခုနစ်နာရီက သင်္ခရိုင် ပရဟိတကျောင်းထဲက စခ (စစ်ကောင်စီတပ်သား) ၇၀ ခန့်က ဘော်ဘင်ဆည်ဘောင်အတိုင်း ဘော်ဘင်ရွာကို ပြန်ထွက်သွားတယ်။ အလောင်းတွေကို ဖျာနဲ့လိပ် ထမ်းသွားတယ်လို့ သိရပါတယ်။ သင်္ခရိုင် ပရဟိတကျောင်းမှာတော့ တစ်ဝက်ကျန်ခဲ့သေးတယ်။ တပ်ပြန်မဆုတ်သေးဘူး။ ဒီနေ့တော့ တိုက်ပွဲအခြေအနေအေးနေပါတယ်။ စစ်ရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး” လို့ ရိုးမအနောက်ခြမ်းက စစ်ရေးအခြေအနေကို သူကပြောပြတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရိုးမပေါ်က တော်လှန်ရေးမဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံး၊ ထိခိုက်တာတွေရှိပေမယ့် အတိအကျမသိရသေးဘူးလို့ ဒီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။
ဘော်ဘင်ရွာနဲ့ ဘော်ဘင်ရေလှောင်တမံကို အခြေပြုစစ်ကြောင်းထိုးနေတဲ့ အဲဒီစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်တပ်တွေက ရှိတဲ့အားနဲ့ တားဆီးနေတယ်လို့လည်း သူကဆိုပါတယ်။
“စစ်ကတော့ဆိုင်ထားပါတယ်။ ကျွန်တော်တို့ကလည်းမပိုင်ဘဲလုပ်မရဘူး။ ပိုင်မှ ကိုယ့်ဘက်က အထိအခိုက်မရှိနိုင်မှ လုပ်ရမှာပါ ။ ခွေးတွေ (စစ်ကောင်စီတပ်သား) က လက်နက်အင်အား၊ လူအင်အား အများကြီး သာတယ်။ ကျွန်တော်တို့က လက်နက်ခဲယမ်းမစုံလင်ဘူး။ ဒါတောင် မဟာမိတ်ပူးပေါင်းပြီး တိုက်ခိုက်ရတာ” လို့ စစ်ပွဲရဲ့ လက်ရှိအခြေအနေကို သူကပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမတကျောမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်ရင်း ငါးရင်းအထိရှိပြီး ပြည်ခရိုင်မှာနှစ်ရင်းနဲ့ သာယာဝတီခရိုင်မှာသုံးရင်း စစ်ကောင်စီကို တော်လှန်နေတာ ဖြစ်ပါတယ်။
ပုံစာ- စစ်ကောင်စီစစ်ကြောင်းတပ်စွဲထားတဲ့ ဘော်ဘင်ဆည်အနီးက သင်္ခရိုင်ပရဟိတကျောင်း။
ဓါတ်ပုံ- Google map
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

