ပေါက်-၂၀၂၂ ဇန်နဝါရီ ၂၂ (မော်ကွန်း)
စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ်အသုံးပြုခံရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ် ဝန်းချုံးကျေးရွာအုပ်စု လယ်ယာကျေးရွာက လူငယ်တစ်ဦးဟာ မနေ့က မိုင်းထိသေဆုံးခဲ့တယ်လို့ ပြည်သူ့စွမ်းအားတပ်ပေါင်းစု (People’s Power Coalition) ကတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“လယ်ယာက အရွယ်ကောင်းတဲ့ လူငယ်တွေရွေးခေါ်သွားတာဗျ၊ အားလုံး ၁၅ ယောက်၊ အယောက် ၂၀ လောက်ရှိတယ်။ နွားတွေလည်းပါသွားတယ်၊ လူသားဒိုင်းလုပ်ပြီးသွားတာပေါ့။ ကင်းမနဲ့ လယ်ယာကြားမှာ မိုင်းထိတော့ နွားငါးကောင်သေသွားတယ်၊ အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ယောက်ထိပြီး နောက်တစ်နာရီလောက်နေတော့ သေဆုံးသွားတယ်လို့ကျွန်တော်တို့သိရတယ်လို့” အဆိုပါတပ်ဖွဲ့ဝင်ကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေကဇန်နဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းက လယ်ယာကျေးရွာက ဒေသခံလူငယ်တချို့နဲ့ နွားကောင်ရေ ၂၀ ကျော်ကိုအဓမ္မခေါ်ဆောင်ပြီး ကင်းမကျေးရွာဘက်ကိုစစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။
ဝန်းချုံးကျေးရွာအုပ်စု၊ လယ်ယာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၂၀ ရက်ကတည်းကစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းမှာတပ်စွဲထားသလို အနီးအနားက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
#Dailynews

