ရန်ကုန်- ၂၀၂၃ ဇူလိုင် ၂၀ (မော်ကွန်း)
ယခုရက်ပိုင်းမှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်ခဲ့တာကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာတယ်လို့ စက်သုံးဆီဆိုင်တွေဆီက သိရပါတယ်။
ကမ္ဘာ့ဈေးကွက်မှာ ရေနံစိမ်းဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇွန်လပိုင်းက တစ်ပေပါကို ကန်ဒေါ်လာ ၇၀ ဝန်းကျင်ရှိရာက လက်ရှိမှာ တစ်ပေပါကို ၇၅ ဒေါ်လာဝန်းကျင်ထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
အခုလို စက်သုံးဆီဈေးတွေမြင့်တက်လာတာဟာ ကမ္ဘာပေါ်မှာ ရေနံအများဆုံးထုတ်လုပ်နေတဲ့ ရုရှားနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က ရေနံစိမ်း ထုတ်လုပ်မှုပမာဏတွေကို လျှော့ချလာတဲ့အတွက်ကြောင့်လို့ ဈေးကွက်စီးပွားရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
“နိုင်ငံတကာ စတော့ဈေးကွက်တွေမှာ ကမ္ဘာ့ရွှေဈေးတွေနဲ့ ရေနံစိမ်းဈေးတွေ အတက်ဘက်ကိုသွားနေတယ်၊ ရုရှားကလည်း သူ့ရဲ့ရေနံထုတ်လုပ်မှုကို လျှော့ချလိုက်တယ်၊ ဆော်ဒီကလည်း အလားတူ လျှော့ချဖို့ ပြောထားတယ်။ အဲ့ဒီလိုလျှော့ချတာကို ပြန်ထိန်းချုပ်ဖို့ကို အမေရိကန်ကလည်း ရေနံသိုလှောင်မှုပမာဏတွေကို လျှော့ချလိုက်တယ်။ သူလည်းဝင်လျှော့ပေမယ့် ဒေါ်လာက သိပ်မမာဘူးဖြစ်နေတယ်၊ အဲ့ဒီ ဂယက်တွေကြောင့် ကမ္ဘာ့ဈေးကွက်မှာ ရေနံကဈေးထိုးတက်နေတယ်၊ အတက်ပိုင်းမှာပဲ ဆက်ရှိနေတာပေါ့” လို့ ၎င်းကပြောပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းကလည်း ပြီးခဲ့တဲ့ ဇွန်လမှာ တစ်လီတာကို ၁,၉၀၀ ကျပ် ဝန်းကျင်မှာရှိနေရာက ယခုလအတွင်း တစ်ရိပ်ရိပ်နဲ့ ပြန်လည်မြင့်တက်လာခဲ့ပြီး တစ်လီတာကို ၂,၁၀၀ ကျော်ထိ ရောက်ရှိလာပါတယ်။
ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ ဓာတ်ဆီ 92 Ron တစ်လီတာကို ၂,၁၁၅ ကျပ် ဝန်းကျင်မှာ ရှိနေပြီး 95 တစ်လီတာကို ၂,၂၃၀ ကျပ်နဲ့ ဒီဇယ် တစ်လီတာကို ၂,၁၀၀ ကျပ် ဝန်းကျင်မှာ ရှိနေတယ်လို့ ရန်ကုန်မြို့ရဲ့ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလို စက်သုံးဆီဈေးနှုန်းဟာ အတက်ပိုင်းမှာရှိနေတဲ့အတွက် ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေအတွက် အခက်အခဲတွေဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
“ဆီကားသမားတွေတော့ သိပ်မလွယ်ဘူး၊ ခရီးသည်ရှာဖို့ ပတ်မဆွဲနိုင်တော့ဘူး၊ ဟိုက်ဝေးတွေလည်း သိပ်မလိုက်ရဲဘူးပေါ့။ ဆီဖိုးကာမိအောင် မနည်းတွက်နေရတယ်။ မသိသာသလို သိသာသလိုနဲ့ တက်နေတာ ၂,၁၀၀ ကျော်ကို တက်လာတာ ရက်ပိုင်းလေးမှာပဲ တော်တော်မြန်တယ်၊ ဆီဖိုးနဲ့ အုံနာခနဲ့ အလျင်မီအောင် မနည်းရှာရတယ်” လို့ အငှါးယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလအတွင်း တစ်လီတာကို ၂,၃၀၀ ကျပ်ကျော်ထိ မြင့်တက်ခဲ့ပြီးနောက် ဈေးနှုန်းအနည်းငယ်ပြန်လည်ကျဆင်းခဲ့ပါတယ်။
လက်ရှိပြည်တွင်းမှာ သုံးစွဲနေတဲ့ ဓာတ်ဆီ၊ ဒီဇယ် စတဲ့ စက်သုံးဆီတွေကို စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံတို့ကနေ တင်သွင်းရတာဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုရဲ့ ၉၀ ရာခိုင်နှုန်းကို တင်သွင်းနေရတယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်အသင်းဆီက သိရပါတယ်။
ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းမှုမဖြစ်ခင်က တစ်လီတာကို ၆၀၀ ကျပ်ကျော်ဝန်းကျင်သာ ရှိခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဆကျော် သုံးဆနီးပါး ဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။
ပုံစာ – ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်
Photo – Mawkun
#Dailynews

