ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းတိုက်ခိုက်မှုမှာ နောက်ကအလစ်ပြန်တိုက်ခံရလို့ တော်လှန်ရေးရဲဘော်၂၁ ဦးကျဆုံး

ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းတိုက်ခိုက်မှုမှာ နောက်ကအလစ်ပြန်တိုက်ခံရလို့ တော်လှန်ရေးရဲဘော်၂၁ ဦးကျဆုံး

ပေါက် – ၂၀၂၃ နိုဝင်ဘာ ၁၇ (မော်ကွန်း)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းနဲ့ ပျူစောထီးတွေကို ‌ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေချိန်မှာ နောက်ကနေ အလစ်ပြန်တိုက်ခံရလို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၁ ဦး ကျဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပ.က.ဖ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၅း၀၀ နာရီမှာ ဇီးပြားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး “ခွေးဘက်က အထိခိုက်ကျဆုံးများတော့ လေကြောင်းကူတော့တာပဲ။ လေကြောင်းကူတုန်း ရှောင်တိမ်းနိုင်ပေမယ့်၊ ကျွန်တော်တို့နောက်ချန်ကင်းပေါ့ဆမှုလို့ဆိုရမှာပေါ့၊ အလစ်ဝင်တိုက်ခံရတယ်။အဒီအချိန် ကျွန်တော်တို့ဘက်က၂၁ယောက်ကျခဲ့တယ်။လက်နက်ငယ် ၁၂လက်အသိမ်းခံရတယ်ဗျ”လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူ ဗိုလ်လကျာ်က မော်ကွန်းကိုပြောပါတယ်။

ကျဆုံးတဲ့ ရဲဘော်တွေကတော့ မြိုင် ပ.က.ဖ တပ်ရင်း ၁၊ ၂၊ ‌ရပ်ကျေးပ.က.ဖဝင်တွေ၊ YFR (ပေါက်)၊ Earthquake Defence Force၊ တောင်ညိုနဂါးတပ်ဖွဲ့နဲ့ Royal 7 တပ်ဖွဲ့တွေက ဖြစ်ပါတယ်။

ဇီးပြားရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၁၁ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်ထိ ငါးရက်အတွင်း ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ အလုံး ၁,၀၀၀ လောက် ပစ်ချတိုက်ခိုက်ခဲ့ကာ နိုဝင်ဘာ ၁၅ ရက်မှာတော့ ဇီးပြားရွာထဲက ပျူစောထီးတွေရဲ့ ဘန်ကာတွေကို ဝင်ရောက်ဖျက်ဆီးပစ်ခဲ့တယ်လို့ ဗိုလ်လက်ျာကပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင်း အာဏာသိမ်းစစ်တပ်ဘက်က စစ်သား၊ ရဲနဲ့ ပျူစောထီး စုစုပေါင်း ၃၀ လောက်သေဆုံးခဲ့ပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန်တွေမှာ လေကြောင်းပစ်ကူတွေနဲ့အတူ ပေါက်မြို့ လက်နက်ထုတ်လုပ်ရေး ကပစကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူခဲ့ပါတယ်။

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."