ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ခြောက်လအတွင်း ကလေး ၃၀ အပါအဝင် အရပ်သား တစ်ရာကျော်သေဆုံး

ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ခြောက်လအတွင်း ကလေး ၃၀ အပါအဝင် အရပ်သား တစ်ရာကျော်သေဆုံး

ရန်ကုန်-၂၀၂၃ ဩဂုတ် ၁၁ (မော်ကွန်း)

ပြီးခဲ့တဲ့ခြောက်လအတွင်း နိုင်ငံတစ်ဝန်းမှာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ကလေးသူငယ်တစ်ရာကျော် ဒဏ်ရာရရှိခဲ့ပြီး အဲဒီအထဲက အယောက် ၃၀ သေဆုံးခဲ့တယ်လို့ ဒီဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ကုလသမဂ္ဂကလေးသူငယ်ရံပုံငွေအဖွဲ့(UNICEF)ရဲ့ Mineaction အဖွဲ့က ထုတ်ပြန်တယ်။

ယခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ နိုင်ငံတစ်ဝှမ်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ထိခိုက်မှုဖြစ်စဉ်ပေါင်း ၃၀၆ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၅၅၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အဲဒီအထဲက ၁၀၂ ဦး သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ခြောက်လပတ်အစီရင်ခံစာမှာ ဖော်ပြတယ်။ သေဆုံးသူတွေထဲမှာ အယောက် ၃၀ ဟာ ကလေးတွေ ဖြစ်ပြီး အခြား ကလေး ၈၃ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြတယ်။

ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ အရေအတွက်ဟာ အရပ်သားထိခိုက်မှုတွေကိုသာ ပြုစုထားတာလို့ မိုင်းအက်ရှင်အဖွဲ့က သတိပေးတယ်။

အာဏာသိမ်းစစ်တပ်ကို အပြင်းအထန် ခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ၂၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ၃၂ ဦးက ကလေးသူငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကလေး ၁၁ ဦး သေဆုံးခဲ့ရတယ်လို့ မိုင်းအက်ရှင်အဖွဲ့က ထုတ်ပြန်တယ်။

စစ်ကိုင်းမှာ တစ်နိုင်ငံလုံး ထိခိုက်မှုစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းအထိဖြစ်ပွားခဲ့ပြီး မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ ဆိုးကျိုးကို အများဆုံးခံခဲ့ရတဲ့ ဒေသလို့ ဖော်ပြတယ်။

ဒါအပြင် ပဲခူးတိုင်းမှာလည်း ဒီလိုပေါက်ကွဲတတ်တဲ့ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၆၉ ဦးရှိခဲ့ပြီး အဲဒီအထဲက ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့စာရင်းထဲမှာ ကလေးသူငယ် ကိုးဦးပါဝင်ပြီး အဲဒီအထဲက နှစ်ဦးသေဆုံးခဲ့တယ်လို့ မိုင်းအက်ရှင်အဖွဲ့က ထုတ်ပြန်တယ်။

တစ်နိုင်ငံလုံးထိခိုက်မှုစုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်း ပဲခူးမှာ ဖြစ်ပွားခဲ့တာပါ။

နောက်ဒေသတစ်ခုကတော့ ရှမ်းပြည်နယ်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ထိခိုက်မှုရဲ့ ခြောက်ရာခိုင်နှုန်းအထိရှိတဲ့ ရှမ်းမှာဆိုရင် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၅ ဦးရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။ အဲဒီနှစ်ဦးထဲကတစ်ဦးဟာ ကလေးသူငယ်ပါလို့ မိုင်းအက်ရှင်အဖွဲ့က ဖော်ပြတယ်။

အခြားဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ တနင်္သာရီနဲ့ ရန်ကုန်ဒေသတွေမှာလည်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၂၈ ဦးအထိ ရှိတယ်လို့ ဖော်ပြပြီး ဒီဒေသတွေအားလုံးရဲ့ စုစုပေါင်းဟာ တစ်နိုင်ငံလုံးဖြစ်ပွားမှုရဲ့ ၄၁ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ပြန်တယ်။

ဒီအစီရင်ခံစာကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရဲ့ သတင်းအချက်အလက် ဖြန့်ဝေမှုဝန်ဆောင်မှုဌာနဖြစ်တဲ့ မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်(MIMU) ရဲ့ ဝက်ဆိုက်ကနေ ဒီနေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ်။

အရပ်သားတွေကို ဒုက္ခရောက်စေတဲ့ ကမ္ဘာမှာ ပိတ်ပင်ထားတဲ့မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ပေါ်ပေါ်တင်တင်အသုံးပြုနေပြီး သူ့ကို ခုခံတော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘက်မှာလည်း အသုံးပြုနေတာတွေ ရှိတယ်လို့ မြေမြှုပ်မိုင်းအရေး လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ပုံစာ_ ၂၀၂၃ မတ်လအတွင်း ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို KNDF က တိုက်ခိုက်သိမ်းပိုက်ရာတွင် ဖမ်းမိခဲ့တဲ့ လက်နက်ခဲယမ်းတွေအနက် မြေမြှုပ်မိုင်းတွေလည်း ပါဝင်သည်ကို တွေ့ရစဉ်။
ဓါတ်ပုံ_ KNDF


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."