ပေါက် – ၂၀၂၂ နိုဝင်ဘာ ၂၉ (မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းက ရွာရှစ်ရွာကိုအာဏာသိမ်းစစ်တပ်က နိုဝင်ဘာလအတွင်းမှာ စစ်ကြောင်းထိုးမီးရှို့တာကြောင့် ဒေသခံထောင်ချိီ စားနပ်ရိက္ခာနဲ့ နေစရာအခက်ခဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“စစ်တပ်ကအသွားအပြန်တစ်လျှောက်လုံးမှာ ရွာစဉ်ရွာဆက်မီးရှို့လာခဲ့တာပါ၊ တွေ့တာအကုန်ရှို့တာဗျ၊ ဝက်တွေကျွဲနွားတွေ အစဖွက်ထား သိုထားတဲ့ပစ္စည်းတွေပါ ရှာပြီးယူသွားကြတာဗျ၊ အခုဆိုပြာပုံပေါ်မှာပဲ ရှင်းပြီးနေနေကြရပါတယ်၊ အားလုံးဗလာအနေအထားနဲ့ ရင်ဆိုင်နေကြရတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံရွာသားတွေ ရွာတွေထဲမှာ ဝင်ရောက်နေထိုင်နိုင်ပေမယ့်စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့သွားတာကြောင့် နေစရာအခက်ခဲ ဖြစ်နေတယ်လို့ပြောပါတယ်။
နေအိမ်တွေအပြင် စောင်၊ အဝတ်အထည်နဲ့ စားနပ်ရိက္ခာတွေကိုပါ မီးရှို့ ဖျက်ဆီးသွားတာကြောင့် ဒေသခံတွေအတွက် စားနပ်ရိက္ခာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကထောက်ပံ့ကူညီနေရတယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ တာဝန်ရှိသူကပြောပါတယ်။
“ရွာတွေထဲ ဝင်မလာနိုင်အောင်ကာကွယ်ခဲ့ပေမယ့် လက်နက်လူအင်အားမမျှတော့ မတားဆီးနိုင်ခဲ့ပါဘူး၊ ပြည်သူတွေကိုကျနော်တို့ ပကဖ၊ ပအဖအဖွဲ့တွေကပဲ ကျန်းမာရေးအခက်အခဲတွေဖြေရှင်းပေးနေရတယ်”လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၂၂ရက်နေ့ကစတင်ပြီး ကျွန်းတိုင်းရွာ၊ ဂွေးဂုံရွာ၊ စသိန်းရွာ၊ ညောင်ရင်းရွာ၊ ဂဲပင်အင်းရွာစတဲ့ ရွာရှစ်ရွာက်ိုမီးရှို့သွားတာကြောင့် ဒေသခံထောင်နဲ့ချီပြီး အခက်အခဲတွေဖြစ်နေရတာပါ။
ပုံစာ – မီးရှို့ခံထားရသည့်နေအိမ်များ။
ဓာတ်ပုံ – Supplied
#Dailynews

