ပိုင်ရှင်မဲ့လူနာ ခိုနားရာရှာဖွေပေးကြပါ

ပိုင်ရှင်မဲ့လူနာ ခိုနားရာရှာဖွေပေးကြပါ

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  feature ဖြစ်ပါသည်။

ဗညားကျော် ရေးသည်။

ရန်ကုန်(မတ်၊ ၂၀၁၉)

လွန်ခဲ့တဲ့သုံးနှစ်ကျော်က ဒေါ်ခင်သန်းရွှေတစ်ယောက် ညအိပ်ရာဝင်ခါနီးမှာ ဆီးချိုတက်ပြီး သတိမေ့ သွားလို့ သမက်ဖြစ်သူနဲ့ အသိတစ်ယောက်က သူ့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်လူနာ အဖြစ် တင်လိုက်ကြပါတယ်။ ဘယ်ဘက်ခြေထောက်က အနာဟာ ဆီးချိုရောဂါအရှိန်နဲ့ ပုပ်ပွနေတာ ကြောင့် လှီးထုတ်လိုက်ရပြီး နောက်သုံးရက်အကြာမှာ ဒူးဆစ်လောက်အထိ ထပ်ဖြတ်လိုက်ရပါတော့တယ်။

ခြေထောက်ဖြတ်ပြီး တစ်လလောက်အထိ သမီးကြီးက ထမင်းဟင်းပို့ပေးတာမျိုး ရှိသလို လူနာစောင့်လည်း ငှားပေး ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းရက်တွေမှာ ကုန်ကျ စရိတ်များလာတဲ့အခါ သမီးကြီးတို့လင်မယားချင်း စကားများ ရန်ဖြစ်ကြပြီး ဆေးရုံကို ဘယ်သူမှ မလာကြတော့သလို ဘာမှ လည်း မပို့ပေးကြတော့ဘူးလို့ ဒေါ်ခင်သန်းရွှေက ပြောပြပါတယ်။

အဲဒီလိုနဲ့ သူလည်း တစ်လလောက် ဆေးရုံက ကျွေးတာ စားပြီး ခြေထောက်အနာမကျက်ခင်မှာဘဲသမီးကြီးအိမ်ကို ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့သမီးကြီးကသမီးငယ်အိမ်မှာသွားနေဖို့နဲ့ တစ်လကို ကျပ်ငါးသောင်း ထောက်ပံ့ပေးမယ်ဆိုပြီး အိမ်ပေါ်အတက် မခံဘူးလို့ ဆိုပါတယ်။

လှိုင်သာယာစက်မှုဇုန်နားမှာ နေတဲ့ သူ့သမီးငယ်အိမ် ရောက်သွားတဲ့အခါမှာလည်း သမက်ဖြစ်သူက လက်မခံသလို သမီးငယ်ကလည်း သင့်တော်ရာနေရာကို သွားပါတော့ ဆိုပြီး စွန့်ပစ်လိုက်တာကြောင့် သူတို့ရပ်ကွက်ထဲက ပရဟိတအဖွဲ့ တစ်ဖွဲ့ရဲ့ အကူအညီနဲ့ သန်လျင်သဘာဝတရားရိပ်သာကို ရောက် ခဲ့ရတယ်လို့ သူက ပြန်ပြောပြတယ်။

““ကိုယ့်ကိုယ်ကိုယ်တောင် တံတားပေါ်က ခုန်ဆင်းပြီး သေလိုက်ချင်တာ။ ဘယ်လိုမှ မခံစားနိုင်ဘူး။ ကိုယ်က မွေးထားတာ၊ သူတို့က ဒီလိုစကားပြောတာ လူကြားလို့လည်းမကောင်းဘူး””လို့ ပြောရင်း ဒေါ်ခင်သန်းရွှေတစ်ယောက် မျက်ရည်တွေ ဝဲတက် လာပါတယ်။

သူဟာခြေထောက်မဖြတ်ရခင်တုန်းက သူနေထိုင်တဲ့ရပ်ကွက်ထဲကအိမ်တွေမှာ အဝတ်လိုက်လျှော်တာ၊ အမှိုက်ထုပ်ပစ် ပေးတာမျိုးတွေ လုပ်ရင်း အထည်ချုပ်ဝန်ထမ်းဖြစ်တဲ့ သမီးကြီး အိမ်မှာ နေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒေါ်ခင်သန်းရွှေလိုပဲ မိသားစုက စွန့်ပစ်တာ ခံလိုက်ရတဲ့ လူနာတွေကို ပြည်သူ့ဆေးရုံတွေမှာ အခမဲ့ကုသမှု တွေ လုပ်ပေးနိုင်ပေမယ့် အဲဒီနောက်ဆက်တွဲ သူတို့ကို ဘယ်မှာ၊ ဘယ်လို ပြုစုစောင့်ရှောက်မလဲဆိုတဲ့ မူဝါဒဟာ နိုင်ငံတော်မှာ မရှိသေးဘူးလို့ လူမှုရေးပရဟိတအဖွဲ့အစည်းတွေက ထောက်ပြ ကြပါတယ်။

စွန့်ပစ်ခံ လူနာတွေဟာ ဘဝအာမခံချက် မရှိသလို အစိုးရ ကလည်း သူတို့ကို လက်ခံပြုစုဖို့ မူဝါဒကောင်းတွေ မရှိသေးတဲ့ အတွက် စွန်ပစ်ခံ လူနာတွေကို လက်ခံပေးထားတဲ့ ရိပ်သာတွေ ဟာ မနိုင်ဝန်ထမ်းနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

သန်လျင်သဘာဝတရားတရားရိပ်သာရဲ့ ဥက္ကဋ္ဌ ဦးဘိုဘို တင်က ““အကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်မဲ့ဖြစ်လာရင် ကျန်း မာရေးဌာနနဲ့ လူကယ်ပြန်ဌာနက Link (အချိတ်အဆက်) လုပ် ပြီးနေထိုင်ဖို့၊ အစားအသောက်နဲ့ ကုသဖို့ ဆေးတွေ သီးသန့် ထားရမှာပေါ့””လို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနလက်အောက်က ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေနဲ့ ဝန်ထမ်းအင်အား နည်းပါးတာကြောင့် ပိုင်ရှင် မဲ့လူနာတွေ စောင့်ရှောက်မှုအပိုင်းကို မလုပ်နိုင်သေးဘူးလို့ လူမှု ဝန်ထမ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြက ပြောပါတယ်။

အစိုးရအနေနဲ့ အဲဒီလိုမလုပ်နိုင်သေးရင် လုပ်နေတဲ့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ရိပ်သာတွေကို ငွေကြေးထောက်ပံ့ပေးပြီး နေစရာ အဆင်ပြေအောင် အဆောက်အအုံတွေ၊ ဝန်ထမ်းတွေနဲ့ ဆရာဝန်တွေ ထားပေးမယ်ဆိုရင် ရိပ်သာတွေလည်း ထမ်းထား ရတဲ့ဝန် သက်သာမယ်လို့ ဦးဘိုဘိုတင်က ဆိုပါတယ်။

photo-banyar kyaw သန်လျင်သဘာဝတရားရိပ်သာရှိ သက်ကြီးလူနာတစ်ဦးအားပြုစုပေးနေသည့် သူနာပြုအကူများကို တွေ့ရစဉ်

photo-banyar kyaw သန်လျင်သဘာဝတရားရိပ်သာရှိ သက်ကြီးလူနာတစ်ဦးအားပြုစုပေးနေသည့် သူနာပြုအကူများကို တွေ့ရစဉ်

သန်လျင်သဘာဝတရားရိပ်သာဟာ ရန်ကုန်တိုင်း သန် လျင်မြို့နယ်၊ သန်လျင်ဘုရားကုန်း၊ ကျိုက်ခေါက်ဘုရားအနီးမှာ ရှိတာဖြစ်ပြီး ဝိပဿနာကိုအဓိကထား သင်ကြားပေးတဲ့အပြင် အခြားရိပ်သာတွေက လက်မခံနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ လူ မမာတွေနဲ့ ခိုကိုးရာမဲ့သူတွေကိုပါ ကူညီစောင့်ရှောက်ပေးတဲ့ နေရာ ဖြစ်ပါတယ်။

 

ပိုင်ရှင်မဲ့ လူနာဆိုတာ

မိသားစုက ဆေးကုဖို့ ဆေးရုံလာတင်ပြီးစွန့်ပစ်ထားခဲ့တာမျိုး ရှိသလို လူနာက သူ့ဟာသူ ဆေးရုံရောက်လာပြီး ဆေးရုံက ပြန်ဆင်းမယ့်အချိန်မှာ မိသားစုက ပြန်လက်မခံတဲ့လူနာဆိုပြီး ပိုင်ရှင်မဲ့လူနာ နှစ်မျိုး ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးလူမှုဆက်ဆံရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းက ရှင်းပြပါတယ်။

ဆေးလူမှုဆက်ဆံရေးဌာန ဆိုတာကတော့ လူနာတွေရဲ့ လူမှုရေးပြဿနာတွေကို ရှာဖွေဖြေရှင်းပေးတာဖြစ်ပြီး တစ်နှစ် ကို ကျပ်သိန်း ၂၀ နဲ့ လည်ပတ်တယ်လို့ သူက ဆိုပါတယ်။ နိုင်ငံတော်ဘတ်ဂျက်ကို လူနာတွေ အပြန်စရိတ်အတွက် အသုံးပြုတာ များပြီး လူနာတွေ လိုအပ်တဲ့ အစားအသောက်၊ အဝတ်အထည်နဲ့ နိုင်ငံတော်က မထောက်ပံ့တဲ့ တချို့သော စမ်းသပ်ခတွေ၊ ဆေးဝါး တွေကို အလှူရှင်တွေနဲ့ ချိတ်ဆက်ရှာပေးတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စွန့်ပစ်ခံရတဲ့ လူနာ အရေ အတွက်ဟာ ၂၀၁၆ မှာ ၁၅ ဦး၊ ၂၀၁၇ မှာ ၁၆ ဦးနဲ့ ၂၀၁၈ မှာ ၁၈ ဦးရှိခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလကုန်အထိ ပိုင်ရှင်မဲ့လူနာတစ်ဦးရှိတယ်လို့ ဆိုပါတယ်။

ပိုင်ရှင်မဲ့လူနာတွေကို ဆေးကုသမှု အပိုင်းပြီးရင်တော့ လူနာရဲ့ စိတ်ဆန္ဒကို မေးမြန်းပြီး သူတို့ကို လက်ခံနိုင်တဲ့ ရိပ်သာ တွေကို ပို့ပေးလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

““ဆေးရုံမှာ ဆေးကုသနေတုန်း သေဆုံးသွားတဲ့ ပိုင်ရှင်မဲ့ လူနာတွေကိုတော့ နိုင်ငံတော်စရိတ်နဲ့ သြင်္ဂိုဟ်လိုက်တယ်”” လို့ ဦးထွန်းလင်းက ရှင်းပြပါတယ်။

သန်လျင်သဘာဝတရားရိပ်သာမှာဆိုရင် အောင်ဆန်း တီဘီဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သန်လျင်ပြည်သူ့ ဆေးရုံ၊ ဇီဝိတဒါနသံဃဆေးရုံနဲ့ မျက်စိဆေးရုံတွေအပြင် အခြား ပြင်ပကလာတဲ့ ပိုင်ရှင်မဲ့လူနာအရေအတွက် တစ်လကို ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ဦးဘိုဘိုတင်က ဆိုပါတယ်။

များသောအားဖြင့် ဆေးရုံက လာပို့တဲ့ ပိုင်ရှင်မဲ့ လူနာတွေ ဟာ ကုသလို့မရတော့ဘဲ မေ့မြောနေတဲ့လူနာတွေ ပါသလို လေ ဖြတ်နေတဲ့သူတွေ၊ သတိမေ့နေတဲ့သူတွေ၊ စိတ်ဝေဒနာ ခံစားနေ ရတဲ့သူတွေ၊ ကူးစက်ရောဂါခံစားရသူတွေ၊ ဆီးချိုကြောင့် ခြေ ထောက်ဖြတ်လိုက်ရတဲ့သူတွေနဲ့ နေအိမ်တွေမှာ ပြုစုဖို့ခက်ခဲတဲ့ ဆေးယဉ်ပါးတီဘီဝေဒနာရှင်တွေ ဖြစ်တယ်လို့ သူကဆိုပါတယ်။

““တစ်နေ့ကို တစ်ယောက်၊ နှစ်ယောက်ကတော့ ဆုံးတယ်။ စလာကတည်းက သေလုနီးပါးတွေပေါ့”” လို့ သူက ရှင်းပြပါတယ်။

ရိပ်သာရဲ့ လူနာတွေစာရင်းအရ လူနာပေါင်း ၈၀၀ ကျော် ရှိတဲ့အထဲမှာ အနယ်နယ်အရပ်ရပ်က စွန့်ပစ်ခံလူနာ ၆၀ ကျော်ရှိ တယ်လို့ ဆိုပါတယ်။

အဲဒီလိုစွန့်ပစ်ခံတွေထဲကအသက် ၅၅ နှစ်အရွယ် ဒေါ်ဆန်း ဆန်းမော်ဆိုရင် လေးဖက်နာရောဂါနဲ့ အဆစ်အမျက်ရောင်ရောဂါ ကို ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့အချိန်မှာပဲ သူ့   ယောက်မဖြစ်သူက စွန့်ပစ်သွားတယ်လို့ ဆိုပါတယ်။

ပြည်မြို့ဆေးရုံကြီးမှာ တစ်ပတ်ဝန်းကျင်လောက် အခမဲ့ ကုသခွင့်ရခဲ့ပေမယ့် လမ်းပြန်လျှောက်နိုင်ဖို့ စောင့်ရှောက်ပေး မယ့်သူ မရှိတာကြောင့် ဆေးရုံအကူအညီနဲ့ သန်လျင်သဘာ၀ တရားရိပ်သာကို ပြီးခဲ့တဲ့နှစ်က ရောက်ခဲ့တာဖြစ်ပါတယ်။

““ဒီကိုရောက်တော့ ပက်လက်ကြီး၊ လှုပ်တောင် မလှုပ်နိုင် ဘူး၊ ထမင်းကိုအဆောင်မှူးတွေ ခွံ့မှထမင်းစားရတာ””လို့ဒေါ်ဆန်းဆန်းမော်က သူရောက်ခါစက အခြေအနေကို ပြန်ပြော ပြပါတယ်။

အဲဒီနောက်ပိုင်း ရိပ်သာမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်အားပေးကြတဲ့ နိုင်ငံခြားသားက သူ့ကိုခြေလက်လေ့ကျင့်ခန်းတွေ လာလုပ်ပေးလို့ အခုလို ထိုင်နိုင်တာဖြစ်တယ်လို့ သူက မောျကှနျး ကို ပြောပြတယ်။ အခုလို လမ်းမလျှောက်နိုင်တဲ့ အချိန်မှာ ရင်ဖွင့် စရာလည်း ဘယ်သူမှ မရှိတာကြောင့် ဆုံးသွားတဲ့ မိဘတွေကို သတိရတယ်လို့ သူက ဆိုတယ်။

သူဟာ မွေးချင်းမောင်နှမနှစ်ဦးသာ ရှိပြီး အိမ်ထောင် လည်း မရှိပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက သူ့အစ်ကို လည်း ဆုံးပါးသွားခဲ့ပြီး သူ့ယောက်မနဲ့ အတူ ဆက်လက်နေထိုင် လာခဲ့တာပါ။ အဲဒီလိုနေလာရင်း ဆေးရုံတက်ရတဲ့အခါ သူ့ ယောက်မက လာမကြည့်တော့သလို ဆေးရုံဆင်းတဲ့အခါမှာ လည်း သူ့ကိုအိမ်မှာ ပြန်လက်မခံခဲ့ဘူးလို့ သူက ပြောပြပါတယ်။

သူ့ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ ရေနံချောင်းမြို့မှာရှိတဲ့ ဆွေမျိုးသားချင်းတွေကလည်း အသက်အရွယ် အိုမင်းနေကြပြီ ဖြစ်လို့ ““အခုလို ပုံစံမျိုးနဲ့ ရွာမပြန်ချင်ဘူး”” လို့ သူက ပြောရင်း မျက်ရည်လည်လာပါတယ်။

သူ့စိတ်ဆန္ဒကတော့ လမ်းပြန်လျှောက်လာနိုင်ရင် ရွာ မပြန်တော့ဘဲ ရိပ်သာက သူ့လိုလူနာတွေကို ပြန်ပြုစုရင်း ဆရာ တော်ကို အလုပ်အကျွေးပြုမယ်လို့ ဆိုပါတယ်။ လောလောဆယ် မှာတော့ ရိပ်သာမှာ မှီခိုရင်း ခုတင်ပေါ်မှာ တရားပဲမှတ်နေတယ်လို့ ပြောပြပါတယ်။

 

ပိုင်ရှင်မဲ့လူနာ ဘာကြောင့် များလာ

တချို့မိသားစုဝင်တွေဟာ ငွေကြေးရှိလျက်နဲ့ မိဘက သား သမီးကို ပစ်၊ သားသမီးက မိဘကို ပစ် ဖြစ်နေကြတာဟာ လူတွေ ရဲ့  မေတ္တာတရား နည်းပါလာတာကြောင့်လို့ လက်ထောက် ညွှန် ကြားရေးမှူး ဦးထွန်းလင်းက သုံးသပ်ပါတယ်။ တချို့ကလည်း ငွေကြေးအခက်အခဲအရရော၊ လူမှုရေးအရပါ ခက်ခဲကြတာ ကြောင့် လူနာတွေကို မစောင့်ရှောက်နိုင်တဲ့အခါ စွန့်ပစ်ကြလို့ ပိုင်ရှင်မဲ့ လူနာတွေ များလာရတာဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။

လူမှုကူညီရေးအလုပ်တွေလုပ်နေတဲ့ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ စခန်းမှူး ဦးထိန်လင်းအောင်က တချို့ပိုင်ရှင်မဲ့ လူနာတွေကတော့ နဂိုကတည်းက လမ်းပေါ်မှာ ဖြစ်သလိုရှာဖွေစားသောက်နေကြတာဖြစ်ပြီးနေမကောင်းလို့ လမ်းပေါ် လဲပြီး ဆေးရုံရောက်လာကြတာတွေလည်းရှိတယ်လို့ပြောပြပါတယ်။

လမ်းပေါ်လဲကျနေတာတွေ့လို့ သူတို့အဖွဲ့ကို အကြောင်း ကြားလာတဲ့အခါ အဲဒီလူနာကို နီးစပ်ရာ ဆေးရုံတင်ပေးပြီး လူနာရဲ့မိသားစုတွေ၊ အသိတွေနဲ့ အဆက်အသွယ်ရဖို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ် ပုံတင်ပြီး အဆက်အသွယ်ရှာတယ်လို့ သူတို့ရဲ့ လုပ်ကိုင်ပုံကို ဦးထိန်လင်းအောင်က ရှင်းပြပါတယ်။

photo-banyar kyaw မဲဆောက်ဆေးရုံမှ သဘာဝတရားရိပ်သာသို့ ရောက်ရှိလာသည့် အောက်ပိုင်းချည့်နဲ့နေသည့် လူနာတစ်ဦး

photo-banyar kyaw မဲဆောက်ဆေးရုံမှ သဘာဝတရားရိပ်သာသို့ ရောက်ရှိလာသည့် အောက်ပိုင်းချည့်နဲ့နေသည့် လူနာတစ်ဦး

““အဲဒီအချိန်မှာ ပိုင်ရှင်ပေါ်ပေါ်၊ မပေါ်ပေါ် ဒီလူနာ အသက် ရှင်ဖို့ (ပရဟိတအဖွဲ့ကနေ) ပိုင်ရှင်အနေနဲ့ တာဝန်ယူရတယ်””လို့ သူက ပြောပြပါတယ်။

အဲဒီလိုရှာနေတုန်း လူနာဟာ နေပြန်ကောင်းလာပြီး မိသားစုနဲ့အဆက်အသွယ်မရသေးတာမျိုး၊ လုံး၀ အဆက်အသွယ် မရတော့တာမျိုးဆိုရင် လှည်းကူးမြို့နယ်၊ စေတနာ့ရွာက သဘာဝတရားရိပ်သာမှာ စွန့်ပစ်ခံလူနာအနေနဲ့ ပို့ပေးထားတယ် လို့ သူက ပြောပြပါတယ်။ လူနာမိသားစုက ပြန်ဆက်သွယ်လာ တဲ့အခါ အဲဒီရိပ်သာကို ပြန်ညွှန်ပေးလိုက်တယ်လို့ သူက ဆက် ပြောပါတယ်။

သူ့အတွေ့အကြုံအရ စွန့်ပစ်လူနာအများစုဟာ သက်ကြီး ရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ စိတ်ဝေဒနာရှင်တွေ ဖြစ်တယ် လို့ ရှင်းပြပါတယ်။ စိတ်ဝေဒနာရှင်တွေဟာ လမ်းပေါ်မှာ လျှောက် ပြေးနေလို့ ရပ်ကွက်က အကူအညီတောင်းတဲ့အခါ သွားရောက် ခေါ်ယူပြီး ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာ ဆိုရင်လည်း လာ ရောက်ကုသတဲ့ လူနာ ၁,၅၀၀ ဝန်းကျင်အပြင် စိတ်ကျန်းမာရေး သက်သာနေပေမယ့် မိသားစုကလာမခေါ်တဲ့ လူနာ ၂၀၀ ကျော် လောက်ရှိတယ်လို့ စိတ်ကျန်းမာရေးပညာဌာန၊ ဆေးတက္ကသိုလ် ၁ မှ ပါမောက္ခ/ဌာနမှူး ဒေါက်တာတင်ဦးက မော်ကွန်းကို ပြောပါတယ်။

တချို့ မိသားစုတွေက လဝက်နီးပါး ဆေးရုံမှာ ထားပြီးမှ ပြန်လာခေါ်တာမျိုး ရှိသလို တချို့ကျတော့ လမ်းစရိတ်မရှိတာ၊ အနီးကပ်စောင့်ရှောက်ပေးမယ့်သူ မရှိတာတွေကြောင့် လာမခေါ် ဖြစ်ကြတာလို့ သူက ရှင်းပြပါတယ်။

 

စွန့်ပစ်ခံလူနာ ရိပ်သာတိုင်း လက်မခံပါ

မြန်မာနိုင်ငံမှာ တရားဝင်ဖွင့်ထားတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေ ရှိနေပေမယ့် မကျန်းမာသူတွေနဲ့ ကူးစက်ရောဂါ ရှိသူတွေကို လက်မခံတာကြောင့် စွန့်ပစ်လူနာ တွေကို ပို့လို့မရဘူးလို့ လူမှုရေးပရဟိတအဖွဲ့အစည်းတွေက ဆို ကြပါတယ်။

လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာအရ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေက တည်ထောင်ထားတဲ့ ဘိုးဘွားရိပ်သာပေါင်း ၈၃ ခုရှိပြီး မှတ်ပုံမတင်ရသေးတာတွေလည်း ရှိသေးတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စွန့်ပစ်ခံလူနာတွေကို စောင့်ရှောက်ပေးတဲ့ ရိပ် သာတွေအင်မတန်နည်းပါးတယ်လို့ ဦးထွန်းလင်းက ဆိုပါတယ်။ ဒါ့အပြင် လူနာတွေကိုဆေးရုံမှာ နှစ်ရှည်လများထားဖို့ မဖြစ် သလို၊ အဲဒီလို အစီအမံလည်း မရှိတာကြောင့် လူမှုဝန်ထမ်းနဲ့ ကျန်းမာရေးဦးစီးဌာနတို့ အချင်းချင်းချိတ်ဆက်ပြီး အစောင့် အရှောက်တွေ ရှိသင့်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။

သန်လျင်သဘာဝတရားရိပ်သာရဲ့ ဥက္ကဋ္ဌ ဦးဘိုဘိုတင်က လူနာတွေ ရိပ်သာရောက်လာတဲ့အခါ ရိပ်သာအနေနဲ့ စားစရာ၊ နေထိုင်စရာ ပေးထားပြီး လိုအပ်တဲ့ ဆေးဝါးတွေကို သက်ဆိုင် ရာ ဆေးရုံတွေဆီက အထောက်အပံ့ရတယ်လို့ ရှင်းပြပါတယ်။

အစားအသောက်အနေနဲ့ကတော့ သီးသန့်လာလှူတဲ့ အလှူရှင် ရှိရင် ရှိသလို ကျွေးမွေးနိုင်ပေမယ့် အလှူရှင်မရှိတဲ့ ရက်တွေမှာတော့ ပဲဟင်း ဒါမှမဟုတ် ချဉ်ရည်ဟင်းအပြင် အရွက် ကြော်တစ်ခုခုနဲ့ပဲ ကျွေးမွေးတယ်လို့ သူက ဆိုပါတယ်။

ကုသစောင့်ရှောက်မှုပိုင်းမှာတော့ ရောဂါဗေဒဆိုင်ရာ ဆရာဝန်၊ စိတ်ကျန်းမာရေးဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်၊ မျက်စိဆရာဝန်နဲ့ တိုင်းရင်းဆေးဆရာဝန်ကြီးတွေက တစ်ရက် တစ်ယောက်နှုန်း လာရောက်ကုသပေးကြသလိုသူနာပြုသင် တန်းကျောင်းတွေက အကူသူနာပြု ၁၀၀ ဝန်းကျင်နဲ့ ရိပ်သာက ခန့်ထားတဲ့ သူနာပြုအကူ ၂၀ ကျော်ရှိတယ်လို့ သူက ရှင်းပြပါတယ်။

 

ဂရုစိုက်ပေးကြပါ ပိုင်ရှင်မဲ့လူနာ

လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေကို အသက်မွေးဝမ်း ကျောင်းသင်တန်းကျောင်းတွေ၊ အတတ်ပညာကျောင်းတွေ ဖွင့် လှစ်ကာ စောင့်ရှောက်မှုတွေ လုပ်ထားပေမယ့် စွန့်ပစ်လူနာနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းတွေ မဖွင့်နိုင်သေးဘူးလို့ ဒေါ်ရူပါမြ က ဆိုပါတယ်။

““လုပ်ရတဲ့ လုပ်ငန်းစဉ်တွေကအများကြီးပဲလေ။ အားလုံး ကိုတော့ အကောင်းဆုံးလုပ်ကြတာပေါ့။ လိုအပ်ချက်၊ အားနည်းချက်တွေလည်း ရှိတာပေါ့””လို့ သူက ဆိုပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့တော့ နာတာရှည်စွန့်ပစ်လူ နာတွေနဲ့ ပတ်သက်ပြီး မလုပ်နိုင်သေးတဲ့ ဝန်ဆောင်မှုတွေကို ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးတယ်လို့ သူက ဆိုပါတယ်။

မှတ်ပုံတင်ထားတဲ့ ရိပ်သာတွေကို အဆင့်သုံးဆင့်ထားပြီး ထောက်ပံ့ပေးထားတယ်လို့ ပါတယ်။ ပထမအဆင့် ရိပ်သာတွေ ကို လူတစ်ဦးအတွက် တစ်နှစ်စာ ဆန်ဖိုး၊ သက်တမ်းသုံးနှစ်ပြည့်ပြီး ဒုတိယအဆင့်လာလျှောက်တဲ့ ရိပ်သာတွေကို ဆန်ဖိုးနဲ့ အဝတ် အစားဖိုး ထောက်ပံ့ပြီး သက်တမ်းငါးနှစ်ရှိလာပြီး တတိယအဆင့် လာလျှောက်တဲ့ ရိပ်သာတွေကို ဆန်ဖိုး၊ အဝတ်အစားနဲ့ ဂေဟာ မှူးလစာပါ ထောက်ပံ့တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ဝက်ဘ် ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရိပ်သာတွေကို သူတို့တည်ထောင်တဲ့သက်တမ်းနဲ့ အဆင့် သတ်မှတ်ထားတာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုကာကွယ်စောင့် ရှောက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီရွှေက ရှင်းပြပါတယ်။

ဦးဘိုဘိုတင်ကတော့ နိုင်ငံတော်အနေနဲ့ သူတို့ရိပ်သာက အသက် ၈၅ နှစ်အထက် သက်ကြီးတွေကို တစ်လ ကျပ်တစ် သောင်းနှုန်း ထောက်ပံ့ပေးတာကလွဲရင် တခြားလိုအပ်တဲ့ အဆောက်အအုံ၊ ကျွေးမွေးစရိတ်တွေ၊ ပစ်္စည်းပစ်္စယတွေနဲ့ စေတနာ့ဝန်ထမ်းတွေ မရှိဘူးလို့ ထောက်ပြပါတယ်။ စားစရာကို မျှစားခိုင်းလို့ အဆင်ပြေပေမယ့် နေစရာအတွက်တော့ အခက် အခဲ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စေတနာ့ဝန်ထမ်းတွေ ထက် ပရော်ဖက်ရှင်နယ်ကျပြီး ပိုကျွမ်းကျင်တဲ့ သူနာပြုတွေနဲ့ နေ့၊ ည ပြုစုမယ်ဆိုရင် အမှားနည်းမယ်လို့ ဆိုပါတယ်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးက ပါမောက္ခ/ဌာန မှူး ဒေါက်တာတင်ဦးက အာဆီယံ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူလိုနိုင်ငံမှာ စွန့်ပစ်ခံ စိတ်ကျန်းမာရေးလူနာတွေ အတွက် ပြန်လည်ပြုစုပျိုးထောင်ရေးနဲ့ သာမန် အလုပ်တွေ လုပ် ကိုင်နိုင်တဲ့ အစီအမံတွေရှိတဲ့ ဂေဟာတွေ အစိုးရက ဖွင့်ပေးထား တယ်လို့ ဆိုပါတယ်။

အဲဒီလိုလုပ်ပေးတဲ့အခါ လူနာတွေလည်း တစ်နေ့လုံး အိပ် လိုက်၊ စားလိုက်နဲ့ပဲ အချိန်တွေမကုန်တော့ဘဲ အလုပ်တွေ လုပ် လာမယ်ဆို ပိုအကျိုးရှိလာမယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက် ပြီး လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်ထားတဲ့ အစီအမံတွေ မရှိသေး သလို ပြည်သူ့ဆေးရုံကြီးတွေမှာလည်း ပြန်လည်ထူထောင်ရေး တွေကို အများကြီး မလုပ်နိုင်သေးတာကြောင့် ““သူတို့ဆီက လုပ် အားရှုံးနေတယ်ပဲ ပြောရမှာပေါ့””လို့ ဆိုပါတယ်။

သန်လျင်သဘာဝတရားရိပ်သာကို စွန့်ပစ်ခံလူနာအဖြစ် ရောက်လာတဲ့ ဒေါ်ခင်သန်းရွှေတစ်ယောက်ကတော့ ခုတင်ပေါ် မှာပဲ ထိုင်နေရတာကို ငြီးငွေ့လှတယ်လို့ ဆိုပါတယ်။ ဆီးချို တက် တက်လာလို့ သူ့မှာ ခုတင်ပေါ် လှဲနေရပြီး အဆောင်မှူး ကျွေးတာ စား၊ ပြုစုသမျှခံနေရတာကိုလည်း အားနာတာကြောင့် သူ့ကိုယ် သူ အားမလိုအားမရဖြစ်တယ်လို့ ညည်းတွားပါတယ်။

photo-banyar kyaw ဒေါ်ဆန်းဆန်းမော်

photo-banyar kyaw ဒေါ်ဆန်းဆန်းမော်

သိန်းထီပေါက်ရင် သူ့သားသမီးတွေဆီ ပြန်လိုက်သွားချင် သေးတယ်လို့ သူ့စိတ်ကူးကို ဖွင့်ဟပါတယ်။ ဒါပေမဲ့ သူ့မှာထီထိုးဖို့ ငွေမရှိသလို ပိုင်ဆိုင်ထားတာလည်းဘာမှမရှိဘူးလို့ ဆိုပါတယ်။

““ကျွန်မ (သားသမီးတွေကို)ဆုံးမသွန်သင်တာ အသုံးမကျ ခဲ့လို့ သူတို့ပစ်တာ ခံရပြီး အခုလို ဘဝရောက်ရတာ””လို့ သူ့ကိုယ် သူအပြစ်တင်ရင်း မှောင်ရီပျိုးစပြုနေတဲ့ အဆောင်အပြင်ဘက်ကို တွေတွေကြီး ငေးကြည့်နေပါတော့တယ်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."