မန္တလေး-၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း)
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနဲ့ အနီးတဝိုက်ကရွာတွေမှာ ဒီနေ့မနက်အစောပိုင်းက တောင်ကျရေတွေကျဆင်းပြီး နားဋောင်းကျချောင်းရေလျှံလို့ ဒေသခံတွေကို ရွှေ့ပြောင်းနေရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီက တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“ ဒီနေ့မနက် လင်းအားကြီးပိုင်းလောက်ကတည်းက စပြီးတော့ ရေဝင်လာတယ်ဗျ။ ရေကတော့ အခုအနိမ့်ပိုင်းတွေကို အခုစပြီးတော့ဝင်တာပေါ့နော်။ တချို့နေရာကျလည်း ရင်ဘက်လောက်ရောက်တယ်။ တချို့နေရာတွေကျလည်း ခါးလောက်ပါပဲဗျ” လို့ သူကပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ရေဝင်တဲ့နေရာတွေက ဒေသခံတွေကို ရွှေ့ပြောင်းနေပြီး အုန်းချော ၆ ရပ်ကွက်မှာ ပိတ်မိနေတဲ့ ဒေသခံ ၁၀ ဦးကိုလည်း ဘေးလွတ်ရာကို ကယ်ထုတ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ တောင်ကျရေဟာ ဆက်တက်နိုင်သေးတဲ့အခြေအနေရှိတာကြောင့် ဒေသခံအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုရက်ပိုင်းမှာ မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ပဲခူး၊ လှည်းကူး စတဲ့မြို့နယ်တွေမှာလည်း ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ရေဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါသေးတယ်။
ပုံစာ- ဒီနေ့မနက်ပိုင်းက နားဋောင်းကျချောင်းရေလျှံပြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာနဲ့အနီးကရွာတွေ ရေဝင်နေလို့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးတွေလုပ်နေရပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီ