ကျော်ဇေယျ
ရန်ကုန်၊ဖေဖော်ဝါရီ-၁၃၊၂၀၂၀
ပုလဲမွေးမြူရေးလုပ်ငန်းတွေကနေ ကောက်ခံနေတဲ့ မုတ်ကောင်ဝတ်ဆံသွင်းအခွန်ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကစလို လုံး၀ မရရှိတော့ဘူးလို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောပါတယ်။
“ ပြုပြင်ပြီးခန့်မှန်းခြေတွင် လျာထားချက်ပါဝင်သော်လည်း ဒုတိယခြောက်လပတ်တွက် လျာထားချက်လည်းမရှိ၊ ကောက် ခံရရှိခြင်းလည်းမရှိသည့် အခွန်ကတော့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကောက်ခံတဲ့ မုတ်ကောင်ဝတ်ဆံသွင်းအခွန်ဖြစ်ပါတယ်ခင်ဗျ ” လို့ ဒုဝန်ကြီးက ပြောတယ်။
၂၀၁၈-၁၉ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လအတွင်း အခွန်အကောက်ရရှိမှု အခြေအနေကို ပြည်ထောင်စုလွှတ် တော်ကို ရှင်းလင်းရာမှာ သူက ပြောခဲ့တာပါ။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္ထုတွင်းဦးစီးဌာနက ကောက်ခံတဲ့ ဒီအခွန်ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ကောက်ခံဖို့ လျာထားခဲ့ခြင်းလည်းမရှိဘူးလို့ သူက ဆိုတယ်။ ဒီလိုဖြစ်ရတာဟာ အဲဒီဘဏ္ဍာ နှစ်မှာ အသစ် ပြဌာန်းလိုက်တဲ့ မြန်မာ့ပုလဲလုပ်ငန်းဥပဒေသစ်ကြောင့် မုတ်ကောင်ဝတ်ဆံသွင်းခွန်တွေ ပေးသွင်းမှု မရှိတော့တာလို့ သူက ရှင်းလင်းပါတယ်။
ဒီဥပဒေပြင်ဆင်ချက်အရ မုတ်ကောင်ဝတ်ဆံသွင်းအခွန်ကို မကောက်တော့ဘဲ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့စနစ်နဲ့ အခွန်ရရှိမယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာတန်းဝင် အရည်အသွေးကောင်း ရွှေရောင်သန်းတဲ့ တောင်ပင်လယ်ပုလဲ အမျိုးအစားတွေကို တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အစိုးရ-ပုဂ္ဂလိကဖက်စပ်ပုံစံနဲ့ မွေးမြူနေပြီး ပြည်တွင်း၊ ပြည်ပ ဖက်စပ်ကုမ္ပဏီ ၁၂ ခုက မွေးမြူနေကြပါတယ်။
ပုံစာ- တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းမှာ တွေ့ရတဲ့ ပုလဲမွေးမြူရေးစီမံကိန်းတစ်ခု။ ဓါတ်ပုံ-မော်ကွန်း။
#Dailynews