ပုလဲ – ၂၀၂၂ အောက်တိုဘာ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူးနဲ့ရဲဘော်တစ်ဦးကို ဒီကနေ့မနက်အ
စောပိုင်းက ခေါင်းဖြတ်သတ်ထားတာ တွေ့ရှိခဲ့ရတယ်လို့ ပုလဲမြို့နယ်ဂဠုန်နက်အဖွဲ့က ကိုဂဠုန်က မော်ကွန်းကိုပြောပါတယ်။
ရင်ပေါင်တိုင်ကျေးရွာကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေမနေ့မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားချိန်မှာ အဆိုပါတပ်ရင်းမှူးနဲ့ ရဲဘော်က အဆက်သွယ်ပြတ်တောက်ကျန်နေခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
” မနေ့ကထိတွေ့မှုဖြစ်ပြီးတော့ သူတို့နဲ့အဆက်သွယ်ပြတ်သွားတာ၊ဒီမနက်မှ သူတို့အလောင်းတွေကိုထိတွေ့မှုဖြစ်ပွားခဲ့တဲ့နေရာအနီးမှာတွေ့ခဲ့တာ၊ ရိုက်နှက်နှိပ်စက်ထားတဲ့ဒဏ်ရာတွေလည်းတွေ့တယ်၊ ဗိုက်ကိုလည်းခွဲထားတာ၊ အမျိုးသားအင်္ဂါတွေပါနှစ်ယောက်လုံးဖြတ်ထားတာ၊နောက်ဆုံးမှ ခေါင်းဖြတ်သတ်သွားတာ “လို့ကိုဂဠုန်ကပြောပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အဖွဲ့တွေ ပြန်ဆုတ်ချိန်မှာ အဆက်သွယ်ပြတ်တောက်ကျန်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က တပ်ရင်းမှူးနဲ့ ရဲဘော်တစ်ဥဦးရဲ့အလောင်းတွေကို အဖွဲ့ကသွားရောက်သယ်ဆောင်နေပြီဖြစ်တယ်လို့ သူကပြောပါတယ်။
ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာနဲ့ဇီးကုန်ကျေးရွာအနီးမှာအလောင်းတွေကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ရဟတ်ယာဥ်သုံးစိီးနဲ့ ရင်ပေါင်တိုင်ကျေးရွာကို စစ်သားတွေပို့ဆောင်ပြီးနောက် အဆိုပါစစ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ မနေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီးစစ်သားငါးဦးသေဆုံခဲ့ပါတယ်။
#Dailynews

