ရန်ကုန် – ၂၀၂၅ ဇွန် ၁၂ (မော်ကွန်း)
ရခိုင်ရိုးမတောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အပိုင်ထဲမှာရှိတဲ့ စစ်ကောင်စီအမြှောက်တပ်ကို မနေ့ကညပိုင်းက အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
ရခိုင်ရိုးမအစပ် ဂွ-ငသိုင်းချောင်းလမ်းပေါ်က မြောက်စမ်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမတ (၃၄၄) အမြှောက်တပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
” နေ့တိုင်းလိုလိုကို ဖြစ်နေကြတာပါပဲ။ ညကဖြစ်တာတော့ အိမ်တွေပါတုန်တယ်၊ ထုနေကြတာ။ ညနေပိုင်းကတည်းက လေယာဉ်တွေနဲ့ သုံးကြိမ်လောက်လာပြီးတော့လည်း ဗုံးကြဲသေးတယ်”လို့ အဲဒီ အမြှောက်တပ်အနီးမှာ ဂွမြို့ကနေ စစ်ဘေးရှောင်အဖြစ် ရောက်နေတဲ့ ဒေသခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
အခုအတိုက်ခံနေရတဲ့တပ်ဟာ ပုသိမ်-မုံရွာလမ်းပိုင်း၊ ဂွ-ငသိုင်းချောင်းလမ်း၊ ငသိုင်းချောင်းမြို့ အထွက်က ရေနံသာလမ်းဆုံနဲ့ နှစ်မိုင်အကွာလောက်မှာရှိတဲ့ အမြှောက်တပ်ဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ တိုက်ပွဲတွေပြန်ငြိမ်သွားပြီး စစ်ကောင်စီတပ်ဟာ ဧရာဝတီတိုင်း၊ ကျုံပျော်ကနေ ဒီအမြှောက်တပ်ရှိရာကို စစ်ယာဉ်တန်းတွေနဲ့ စစ်ကူတွေပို့လွှတ်နေတယ်လို့ ငသိုင်းချောင်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေယာဉ်တွေလည်း တိုက်ပွဲဖြစ်တဲ့ ဒေသတစ်ဝိုက်မှာပျံဝဲနေပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
“ မြောက်စမ်းအမြှောက်တပ်(အမတ-၃၄၄)ကို အနီးကပ်ဝင်လုံးနေပြီလို့လည်း ကြားရတယ်ဗျ။ အဲဒီဘက်ကျသွားရင် ငသိုင်းချောင်းဘက် တိုက်ပွဲတွေရောက်လာနိုင်တယ်ဆိုတော့ ဒီကလူတွေကတော့ ဖြစ်လာရင်တော့ ကြိုပြီးပြင်ဆင်ထားတာမျိုးတော့ ရှိတယ်” လို့ အထက်ပါငသိုင်းချောင်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တိုက်ပွဲတွေစဖြစ်လာပြီး ပစ်ခတ်သံတွေကိုလည်း ငသိုင်းချောင်းမြို့ပေါ်ကနေ အနီးကပ်ကြားလာရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ ငသိုင်းချောင်း-ဂွ လမ်းပိုင်း၊ ရေနံသာဂိတ်ကနေပိတ်ကာ စစ်ကောင်စီတပ်က စစ်ဆေးနေပြီး ၎င်းလမ်းပေါ်မှာ စစ်ကားတွေပဲ အသွားအလာရှိတော့တယ်လို့ ဒေသခံတချို့ဆီက ဒီနေ့ပြောပါတယ်။
” အခုက ဆန်တောင်သယ်ဖို့ အခက်အခဲရှိသွားပြီး။ ငါးသိုင်းချောင်းကနေ အရင်က အိမ်ထောင်တစ်စု ခြောက်ပြည် သယ်ခွင့်ပေးတယ်၊ အခုက သုံးပြည်ပဲသယ်လို့ရမယ်လို့ ကြားရတယ်။ ရေနံသာဂိတ်မှာ ပိတ်ပြီး စစ်တပ်က စစ်ဆေးနေတာ” လို့ အတိုက်ခံနေရတဲ့ အမြှောက်တပ်အနီးက ရွာမှာ ဂွမြို့ကနေ စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်း ငသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာမြို့နယ်တွေမှာ ရခိုင်ပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်လာတဲ့ စစ်ရှောင်တွေလည်း အများအပြားရှိနေတာပါ။
ရခိုင်တောင်ပိုင်း ဂွနဲ့ သံတွဲမြို့တွေကို အာရက္ခတပ်တော် (AA) တပ်တွေ သိမ်းယူလိုက်ပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်မှာ ဂွ-ငသိုင်းချောင်းလမ်းပေါ်က စစ်ကောင်စီရဲ့ စစ်စခန်းတချို့ကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူခဲ့ပြီး ဧရာဝတီတိုင်း ရေကြည်နဲ့ လေးမျက်နှာ မြို့နယ်တွေအထိ တိုက်ပွဲတွေဖြစ်ပွားလာပါတာလည်း ဖြစ်ပါတယ်။
ပုံစာ – ရခိုင်နဲ့ ဧရာဝတီအစပ်ကို ရောက်ရှိလာတဲ့ AA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – AA Info Desk

