ပုလဲ – ၂၀၂၃ ဧပြီ ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကန်ရွာကို အာဏာသိမ်းစစ်တပ်က မနေ့က မီးရှို့ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ်အဘွားတစ်ဦးမီးလောင်သေဆုံးခဲ့ပြီး အသက် ၇၂နှစ်အရွယ်အဘိုးတစ်ဦးမီးလောင်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
“ရွာမီးရှို့ခံရတော့ အဘွားကမပြေးနိုင်ဘဲကျန်ခဲ့တာ၊ မီးလောင်သေသွားတယ်၊ အဘိုးတစ်ဦးကတော့ မီးလောင်ဒဏ်ရာပဲရတာ၊ လွတ်သွားခဲ့တယ်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က အိမ်ခြေ ၁၃၀ ဝန်းကျင်ရှိတဲ့နှောကန်ရွာကိုမီးရှို့တာကြောင့် နေအိမ် ၆လုံးဝန်းကျင်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နှောကန်ရွာက သုံးဘီးဆိုင်ကယ်၊ ဆန်စက်၊ ထွန်စက်၊ ရေစက်၊ ထန်းလျှော်တောင်းပြုလုပ်တဲ့ ကုန်ကြမ်းတွေ၊ နွားနှစ်ကောင်၊ ကောက်ပဲသီးနှံတွေ၊ လှည်းတွေနဲ့စိုက်ပျိုးရေးသုံးပစ္စည်းတွေကိုပါမီးရှို့သွားခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
Data for Myanmar ရဲ့ ၂၀၂၃ ဖေဖော်ဝါရီလကုန်ထိ စောင့်ကြည့်တွက်ချက်မှုတွေအရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့လို့ ပျက်စီးရတဲ့ အရပ်သားနေအိမ်ဟာ ၄၈,၀၀၀ နီးပါးရှိနေပါတယ်။
ပုံစာ – မီးလောင်ပြာကျထားရတဲ့ နှောကန်ရွာ
ဓါတ်ပုံ – Pale Entertainment
#Dailynews

