ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ အောက်တိုဘာလ ၆ (မော်ကွန်း)
နိုင်ငံရေးပါတီတွေရဲ့ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု အညွှန်းကိန်း (Political Financing Index) ကို ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်သွားမယ်လို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) က ထုတ်ပြန်ပါတယ်။
ဒီအညွှန်းကိန်းကို ကောက်ယူရတာဟာ နိုင်ငံရေး ပါတီတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွကြားမှာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့အတွက်ဖြစ်တယ်လို့ MATA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ဒီလိုပွင့်လင်းမြင်သာမှုကို ဖော်ဆောင်ခြင်းအားဖြင့် ပါတီတွေအတွက် အောင်မြင်မှုလမ်းကြောင်းကိုဖော်ဆောင်နိုင်မယ့် လမ်းစလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
နိုင်ငံရေးပါတီတွေရဲ့ ရန်ပုံငွေစုဆောင်းမှု၊ ပါတီပိုင် ဘဏ္ဍာရေးအရင်းအမြစ်တွေနဲ့ တခြား ပိုင်ဆိုင်မှုတွေကို အများပြည်သူက မှန်ကန်စွာ သိရှိခွင့်နဲ့ ဆန်းစစ်ဝေဖန်ခွင့် အတွက် ဒီအညွှန်းကိန်းကို ကောက်ယူမှာဖြစ်တယ်လို့ MATA က ထုတ်ပြန်ပါတယ်။
အညွှန်းကိန်းမှာ ကိုယ်စားလှယ်ရွေးချယ်မှုဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိတာနဲ့ ပါတီရဲ့ သတင်းအချက်အလက်နဲ့ ဆုံးဖြတ်ချက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိတာ စတဲ့ ကဏ္ဍတွေခွဲပြီး ဆန်းစစ်မယ်လို့ ထုတ်ပြန်ပါတယ်။
တည်ဆဲနိုင်ငံရေးပါတီပေါင်း (၉၄) ပါတီ အနက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စား လှယ်လောင်း (၃၀) ဦးနဲ့အထက် ပါဝင်ယှဉ်ပြိုင်မယ့် ပါတီပေါင်း (၂၃) ပါတီကို အညွန်းကိန်းအတွက် ရွေးချယ် ဆန်းစစ်သွားမယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၃ ရက် ကစပြီး အညွန်းကိန်းအတွက် အချက်အလက်တွေကို ကောက်ယူနေပြီလို့ MATA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
အညွှန်းကိန်းမှာ ပါဝင်မယ့် အချက်အလက်တွေဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ နဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ မပါဝင်ပေမယ့် အများပြည်သူအနေနဲ့ သိရှိဖို့ အရေးကြီးတယ်လို့ MATA က ထုတ်ပြန်ပါတယ်။
#Dailynews

