ရန်ကုန် – ၂၀၂၅ ဇွန် ၃၀ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့ ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့ကို မနေ့ကနေ့လယ်ပိုင်းနဲ့ ညပိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။
မနေ့က ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ရပ်ကွက် ၁ အတွင်း ကျရောက်ပေါက်ကွဲကာ ဒေသခံ ခြောက်ဦးထိခိုက်ဒဏ်ရာရသွားတဲ့အပြင် နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နောင်ချိုမြို့ကိုလည်း ဒီနေ့မနက်ပိုင်းနဲ့ မနေ့က ညပိုင်းတွေမှာ လက်နက်ကြီးတွေ၊ လေကြောင်းပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က ပစ်ခတ်မှုမှာ နောင်ချိုမြို့မဈေးအနီးက နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။
“ဒီမနက်အစောပိုင်းကတည်းကနေ မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ထိခိုက်တာတော့ မကြားသေးဘူး။ လူတွေလည်း ရှောင်ကုန်ကြပြီ သိပ်မရှိတော့ဘူး” လို့ ၎င်းကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က TNLA ဆီကို လက်လွှတ်ရတဲ့ ရှမ်းမြောက်အဝင်က နောင်ချိုမြို့ကို ပြန်ရဖို့အတွက် ဒီနှစ်လယ်ပိုင်းကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ နောင်ချို-တောင်ခမ်းလမ်းပိုင်းက ဉာဏ်တော၊ လုံစံနဲ့ နောင်လင်ရွာတွေမှာ စစ်ကောင်စီနဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ ဒရုန်းတွေ အသုံးပြုပြီး ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။
ပုံစာ – မနေ့က လေကြောင်းပစ်ခတ်ခံရတဲ့ ကျောက်မဲမြို့ပေါ်က အပျက်အစီးတချို့
ဓါတ်ပုံ – TNLA

