အောင်ထူးနိုင်
ရန်ကုန်-၂၀၂၀ မေ ၂၀(မော်ကွန်း)
ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် တဲအိမ်များဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ တစ်သောင်းခန့်(၉,၃၃၇)အထိ ရှိနေပြီး ၎င်းတို့နေထိုင်ရန် ချင်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် တဲအိမ်လေးများ ဆောက်လုပ်ပေးနေခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
“ကျွန်တော်တို့ ရထားတဲ့ အလှူငွေလေးကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရပေါင်းစပ်ပြီးတော့ ဘတ်ဂျက်ချပေးလိုက်တယ်၊ အဲဒါနဲ့ အခုလက်ရှိဆောက်နေပါတယ်”ဟု ပြောသည်။
အလှူငွေ ကျပ်သိန်းပေါင်း ၂,၄၀၀ ခန့်ဖြင့် ဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး ပေ ၁၀၀ x ပေ ၃၀ အခန်းရှည် ငါးလုံး ဆောက်လုပ်လျက်ရှိကာ လုံးချင်းအိမ်လေးများကိုလည်း ဆက်လက်ဆောက်လုပ်ပေးသွားမည်ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်ပြည်သူတို့သည် ပလက်ဝမြို့နယ် ဆမီးမြို့၊ မီးဇာနှင့် စိမ်းစင်းဝတို့တွင် ယာယီခိုလှုံနေကြရပြီး စားသောက်ရေးအတွက် ပြည်ထောင်စုအစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် လာမည့်ဇူလိုင်လအထိ ဆန်ရိက္ခာဖြည့်တင်းထားပြီး နောက်ငါးလစာအတွက် ဆန် ၂၄ ပြည်အိတ် ၅,၅၀၀ ဖြည့်တင်းရန် စီစဉ်နေသည်ဟု ဦးပေါင်လွန်းမင့်ထန်က ဆက်ပြောသည်။
လက်ရှိတွင် ချင်းပြည်နယ်အစိုးရအနေဖြင့် ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းထားပြီး လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
ပလက်ဝတိုက်ပွဲရှောင် လူဦးရေစာရင်း ရရှိရေး၊ IDP Camp များ ဆောက်လုပ်နိုင်ရေး၊ စားနပ်ရိက္ခာထောက်ပံ့နိုင်ရေး၊ နေအိမ်များပြန်လည်တည်ဆောက်ပေးနိုင်ရေးနှင့် ရန်ပုံငွေတည်ထောင်နိုင်ရေးတာဝန်ငါးခုကို လုပ်ဆောင်လျက်ရှိသည်ဟု ယင်းကော်မတီဝင်များက ပြောသည်။
Photo – ဗညားကျော်
#Dailynews