ဗညားကျော်
ရန်ကုန် -၂၀၂၀ ဧပြီ ၂၂ (မော်ကွန်း)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နဲ့အနီးတစ်ဝိုက်က ရွာတွေပေါ်ကို ဒီနေ့မနက်ပိုင်းက လက်နက်ကြီးကျည်ဆန်တွေကျလို့ လူသုံးဦးသေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ တဒိန်းဒိန်းချနေတာ။ မြို့ထဲမှာ လူသုံးယောက်သေသွားပြီ၊ ဘဏ်ရုံးအနီးမှာ” လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောပါတယ်။
ဘဏ်တစ်ခုရဲ့ အနောက်ဘက်မှာ သွားရောက်ပုန်းခိုးနေတဲ့ သူတွေထံကို လက်နက်ကြီးကျည်ဆန်ကျရောက် ပေါက်ကွဲတာကြောင့် အခုလို သေဆုံးမှုဖြစ်ခဲ့တာလို့ သူကပြောပါတယ်။ မော်ကွန်းကမေးမြန်းနေစဉ်မှာပဲ ကျရောက်ပေါက်ကွဲသံတွေကြားနေရပြီး အုပ်ချုပ်ရေးမှူးက ဖုန်းချသွားခဲ့ပါတယ်။
ပလက်ဝမြို့ရဲ့တစ်ဖက်ကမ်း ကုလားတန်မြစ်ဘေးက ကျေးရွာဖြစ်တဲ့ မီးလက်ဝကျေးရွာထဲကိုလည်း လက်နက်ကြီး ကျည်ဆန်တွေ ဒီနေ့တစ်နေကုန် ဆက်တိုက်ကျခဲ့တယ်လို့ အဲဒီရွာက ဒေသခံတွေက ပြောပါတယ်။
ယခုအခါ ရွာသားတွေဟာ ကျေးရွာဘုန်းတော်ကြီးကျောင်းထဲမှာ ပုန်းခိုနေကြပြီး ဒီနေ့တစ်နေကုန် လက်နက်ကြီးကျည်ဆန် ဆယ်ဂဏန်းမက ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မီးလက်ဝရွာသားတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
မီးလက်ဝရွာက အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ “ကလေးမလေး အခြေအနေက စိုးရိမ်စရာမရှိပေမဲ့ အခုက လက်နက်ကြီးတွေကျနေလို့ ပလက်ဝဆေးရုံကို သွားပို့လို့မရဘူး ဖြစ်နေတယ်။ လက်ကိုတော့ ဆေးထည့်ပေးထားတယ်”လို့ အထက်ပါရွာသားက ပြောပါတယ်။
ရွာပေါ်ကိုကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်ဆန်တွေဟာ ပလက်ဝမြို့ရဲ့ အရှေ့ဘက်အရပ်က လာကြတာလို့ သူကပြောပါတယ်။
ပလက်ဝမြို့အနီးက တိုက်ပွဲအခြေအနေတွေကို မေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
Photo- Banyar Kyaw ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မြင်ကွင်း
#Dailynews