အောင်ထူးနိုင်
ရန်ကုန်-၂၀၂၀ ဇွန် ၉ (မော်ကွန်း)
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်တော်(AA) ၏ စစ်ပွဲကြောင့် အရပ်သားသေဆုံးသူ ၄၀ ဦးရှိကြောင်း ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီ[CHIN IDP Support Committee (CISC)] က ယနေ့ထုတ်ပြန်သည်။
၎င်းသေဆုံးသူစာရင်းမှာ ယခုနှစ် ဇန်နဝါရီမှ ဇွန် ၅ ရက်အထိ ကောက်ခံထားသည့်စာရင်းဖြစ်ပြီး ဆီးဖလောင်းရွာ၊ ကြက်ဥဝရွာ၊ ပွီဝုန်းရွာ၊ မိတ်စာနောက်ရွာ၊ မိတ်စာရှေ့ရွာ၊ ဝက်မရွာ၊ ပြိုင်တိန်ရွာ၊ နန်းချောင်းဝရွာ၊ မင်တာရွာနှင့် ပလက်ဝမြို့ပေါ်တွင် နေထိုင်သူများဖြစ်သည်။
“နောက်နောင်မှာ ဒီလိုအဖြစ်မျိုးတွေ မဖြစ်အောင် အစိုးရတပ်မတော်ရော၊ AA လက်နက်ကိုင်အဖွဲ့ကိုရော ကျွန်တော်တို့က တောင်းဆိုချင်တယ်၊ တိုက်ပွဲအတွင်းမှာ အရပ်သားတွေ သေဆုံးတာမျိုး မဖြစ်ဖို့၊ စာနာထောက်ထားပေးဖို့ တောင်းဆိုပါတယ်”ဟု CISC မှ အတွင်းရေးမှူး ဦးကျော်အောင်က ပြောသည်။
သေဆုံးသူများတွင် အသက်(၆၀)နှစ်အထက် ခြောက်ဦး၊ အသက်(၄၀)နှစ်အထက် ခြောက်ဦး၊ အသက်(၂၀)နှစ်အထက် ၁၃ ဦး၊ အသက်(၁၀)နှစ်အထက် ခြောက်ဦး၊ အသက်(၁၀)နှစ်အောက် ကိုးဦးဖြစ်သည်။
သေဆုံးသူများ၏ မိသားစုဝင်များအတွက် အရပ်ဘက်အဖွဲ့အစည်းတချို့က ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိသည်ဟု ၎င်းက ရှင်းပြသည်။
“အဖွဲ့အစည်းတချို့က သေဆုံးတဲ့သူတွေအတွက် တစ်ဦးကို သုံးသိန်းနှုန်းနဲ့ ဒဏ်ရာရတဲ့သူတွေအတွက်ကို နှစ်သိန်းနှုန်း ကူညီထောက်ပံ့တာတွေတော့ ရှိတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အဲဒီလိုပမာဏများများ ကူညီတာတော့ ကျွန်တော်တို့ မကြားရသေးဘူး” ဟု ဦးကျော်အောင်က ဆက်ပြောသည်။
ပလက်ဝမြို့နယ်တွင် စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အိမ်ထောင်စု ၁,၆၁၁ စု၊ လူဦးရေ ၇,၁၅၂ ဦး ရှိသည်ဟု ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီ(CISC)က ဆိုသည်။
စစ်ပွဲအတွင်း အရပ်သားများသေဆုံးမှုနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအနေဖြင့် မည်သို့ အဖြေရှာဆောင်ရွက်နေသည်ကို သိရှိနိုင်ရန် လူမှုရေးဝန်ကြီး ပေါင်လွန်မင့်ထန်နှင့် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှှုလက်မှုဝန်ကြီး ဦးစိုးထက်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား တွေ့ရစဉ် Photo – CISC
#Dailynews