ပန်းခင်းကို မြင်းစီးပြီး လျှောက်ကြည့်ခြင်း သို့မဟုတ် အီသီယိုးပီးယားအဝေးမြင် အနီးမြင်

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Travelogue ဖြစ်ပါသည်။
မြင့်ကျော် ရေးသည်။

ပန်းခင်းကို မြင်စီးပြီး လျှောက်ကြည့်ခြင်း” ဆိုတဲ့ နိုင်ငံခြား အသုံးအနှုန်း တစ်ခုကို တိုက်ရိုက်ပြန်ဆိုထားတဲ့ ဆိုရိုးစကား မှတ်သားဖူးပါတယ်။ အဓိပ္ပာယ်ကတော့ ကြည့်စရာတွေ တစ်ခုချင်း သေသေချာချာ အသေး စိတ် အနီးကပ်မကြည့်နိုင်ဘဲ ခပ်မြန်မြန် ခပ်သွက်သွက်အပေါ်ယံ သဘာဝဆန်ဆန် ကြည့်သွားတာလို့ နားလည်မိပါတယ်။ ဆရာ မြသန်းတင့်က ဆောင်းပါးတစ်ပုဒ်မှာ အဲဒီ အသုံးအနှုန်းသုံးနှုန်းခဲ့တာ မှတ်မိနေမိတာပါ။

ကျွန်တော်ရေးမယ့် အီသီယိုးပီးယား ခရီးသွားဆောင်း ပါးဟာလည်း ပန်းခင်းကို မြင်းစီးပြီး လျှောက်ကြည့်တာမျိုး ဖြစ် လိမ့်မယ်လို့ ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို သုံးလေးရက်ဆိုတဲ့ တိုတောင်းလှတဲ့ ရက်ပိုင်းအတွင်း ရောက်တဲ့နေရာ၊ မြင်တဲ့နေရာ လေးကိုသာ မြင်တဲ့အတိုင်း၊ တွေ့တဲ့အတိုင်း ပြန်တင်ပြတာမျိုးသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးဟာ မြို့တော်ရဲ့ မြင်ကွင်း တချို့၊ လူနေမှု ပုံစံတချို့နဲ့ ဓလေ့စရိုက်အချို့ကိုသာ ပြန်တင်ပြနိုင် တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။

အီသီယိုးပီးယားလို့ ဆိုလိုက်ရင် ကျွန်တော့်အနေနဲ့ ဘယ် အချက်ကိုပဲ သိထားသလဲဆို အငတ်ဘေး ကျရောက်ခဲ့တဲ့နိုင်ငံ၊ ကမ္ဘာ့မာရသွန် အပြေးသမားတွေ ထွက်ပေါ်တဲ့ နိုင်ငံဆိုတာပါ။ ဒီထက်ပိုတဲ့ အသေးစိတ် အချက်အလက်တွေ အရင်က ကျွန် တော် သိပ်မသိပါဘူး။ အာဖရိကတိုက်ရဲ့ မြောက်ပိုင်းမှာ ရှိတယ် ဆိုတာရယ် အထက်က အချက်နှစ်ချက်လောက်ပဲ သိတာပါ။

အဲဒီ အငတ်ဘေးအကြောင်းနဲ့ပတ်သက်လို့ အီသီယိုး ပီးယား အာဒစ်စ် အာဘာဘာ တက္ကသိုလ်မှာ လူ့အခွင့်အရေး ဘာသာရပ်ကို အထူးပြုလေ့လာနေတဲ့ အီသီယိုးပီးယား ကျောင်း သားကတော့ အဲဒီတုန်းက အငတ်ဘေးဆိုတာကလည်း တစ် နိုင်ငံလုံးဖြစ်တာ မဟုတ်ပါဘူးတဲ့၊ သူတို့နိုင်ငံရဲ့ ဒေသအချို့မှာ သာ ဖြစ်ပွားတာလို့ ကာကွယ် ပြောဆိုပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြပုံကြောင့်သာ အီသီယိုးပီးယားနဲ့ အငတ်ဘေးဆိုတာကို တွဲလျက်သိကြတာဆိုတဲ့ သဘော သူက ကာကွယ်ပြောဆိုတာပါ။

အလားတူ သူကလည်း ကျွန်တော်နဲ့ မိတ်ဆက်တဲ့အခါ ဘယ်နိုင်ငံကလာတာလဲ လို့မေးတဲ့အခါ မြန်မာလို့ဖြေတော့ သြော်၊ massacre (အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု) ဖြစ်ပွားတဲ့ နိုင်ငံကလားလို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်ကလည်း မြန်မာနိုင်ငံမှာ သတ်ဖြတ်မှု ဖြစ်ပွားတယ်ဆိုတာတွေဟာ နိုင်ငံရဲ့ ဒေသအချို့မှာဖြစ်တာလို့ ပြန်ချေပခဲ့ပါတယ်။

Photo-Myint Kyaw အီသီယိုးပီးယားလေကြောင်းမှ လေယာဉ်တစ်စင်း

အပြင်ပန်းအမြင် အီသီယိုးပီးယား

လေယာဉ်ဆိုက်ရောက်တော့ နံနက် ၆ နာရီ ထိုးဖို့ ၁၅ မိနစ် ခန့် လိုသေးတဲ့အချိန်ပါ။ လေယာဉ်ပြတင်းပေါက်က ကြည့်လိုက် တဲ့အခါ အမှောင်ပြေးခါစ အလင်းရောင်ဘက်နည်းနည်းများလာ ချိန်လေး မြင်တွေ့ရပါတယ်။ လေယာဉ်ဆိုက်ပေမယ့်လည်း လေယာဉ်တံခါးဖွင့်ဖို့ လေယာဉ်ပေါ်က ဆင်းခွင့်ရတဲ့အထိ ၁၅ မိနစ်ကနေ မိနစ် ၂ဝ လောက် ထပ်စောင့်ရပါတယ်။

လေယာဉ်ပေါ်က ဆင်းဖို့ရာအတွက် လှေကား အဆင်သင့် မဖြစ်သေးတာလား၊ ခရီးသည် လာကြိုတဲ့ကား အဆင်သင့် မဖြစ်တာလားတော့ မသိပါ။

ဆင်းခွင့်ရလို့ လေယာဉ်တံခါးဝက လှေကားဆီ ထွက်လိုက် တဲ့အခါမှာတော့ အေးမြတဲ့လေက ထိတွေ့လာပါတယ်၊ အေးမြတဲ့ လေကြောင့် ရှစ်နာရီကျော်ကြာ လေယာဉ်စီးခဲ့ရလို့ ငြီးနေတဲ့ ခန္ဓာကိုယ် လန်းဆန်းသွားပါတယ်။

အာဒစ်စ အာဘာဘာမြို့တော်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၈,ဝဝဝ ဝန်းကျင် အမြင့်မှာ တည်ရှိတဲ့မြို့ဖြစ်တာမို့ တနှစ်ပတ်လုံးပျမ်းမျှ အပူချိန်ဟာ ၁၅.၉ ဆဲလ်ဆီးယပ်စ် ရှိပြီး လအလိုက် အပူချိန်အနိမ့်အမြင့်က ၃ ဒီဂရီဆဲလ်ဆီးယပ်စ် သာ ရှိတာကြောင့်လည်း အတော်လေးကောင်းတဲ့ ရာသီဥတုလို့ ဆို ပါတယ်။

လေယာဉ်ကွင်း အဝေးဘက်မှာ အစိမ်းရောင်မြက်ခင်းတွေ လှမ်းတွေ့ရတယ်။ အရှေ့ဘက်က နေလုံးထွက်လာတာကို လှမ်း မြင်ရ တယ်။ အာဒစ်စ အာဘာဘာ လေဆိပ်ထဲမှာ အီသီယိုးပီး ယား လေကြောင်းလိုင်းက လေယာဉ်ကြီးတွေ၊ လေယာဉ်အလတ် တွေ၊ အေတီအာလေယာဉ်လို ပန်ကာနဲ့ လေယာဉ်တွေ အမျိုးမျိုး ဒါဇင်နဲ့ချီ ဆိုက်ကပ်ထားတာ တွေ့ရပါတယ်။

နောက်ပိုင်းလေ့လာကြည့်တဲ့အခါမှာ အီသီယိုးပီးယား လေကြောင်းလိုင်းက အာဖရိကရဲ့ အရှေ့မြောက်ပိုင်းတစ်ခွင်မှာ အောင်မြင်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေတယ်ဆိုတာပါပဲ။

လေဆိပ်က နှစ်ထပ်လေဆိပ်၊ အရှည်အားဖြင့် တော်တော် လေး ရှည်လျားပါတယ်။ ဆောက်ပြီး သက်တမ်းသိပ်မကြာသေးလို့ အဆောက်အအုံက သစ်နေသေးတာလည်း တွေ့ရပါတယ်။

ဗီဇာအွန်လိုင်းက ယူမလာခဲ့ရလို့ ဆိုက်ရောက်ဗီဇာ နေရာ မှာ ဝင်တန်းစီတော့ လူ ၆ဝ၊ ၇ဝ လောက် ရှိနေပြီး ကောင်တာ ၁ဝ ခုလောက် ဖွင့်ကာ စာရွက်စာတမ်း စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာတောင်မှ ကိုယ့်အလှည့်ရောက်ဖို့ ၂၅ မိနစ်လောက် ထပ်ကြာပြန်ပါတယ်။ ယူနက်စကိုက ပို့ပေးထားတဲ့ က်္ဘာ့သတင်း လွတ်လပ်ခွင့်နေ့အခမ်းအနား ဖိတ်ကြားသူစာရင်းထဲမှာ မိမိ နာမည် ပြသလိုက်တော့ ဗီဇာကို မြန်မြန်ဆန်ဆန် ခွင့်ပြုလိုက်ပါတယ်။

ဆိုက်ရောက်ဗီဇာ လက်ထဲမှာရတော့ ကြည့်လိုက်တဲ့အခါ Federal Democratic Republic of Ethiopia လို့ ရေးထား တာ သတိထားမိတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ် ဒီမို ကရက်တစ်လား၊ ဒီမိုကရက်တစ်ဖက်ဒရယ်လား အငြင်းပွားနေ ကြတာကို သွားသတိရမိတယ်။ သူတို့မှာလည်း လူမျိုးစု ပြဿနာ တွေရှိမှာပဲလားလို့ တွေးမိပြန်ပါတယ်။

ပြန်မလာခင် အီသီယိုးပီးယား တက္ကသိုလ်ကျောင်းသားနဲ့ စကားပြောဖြစ်တော့မှ လူမျိုးစုတွေ ဘယ်လောက်ရှိသလဲ မေးတော့ သူက လူမျိုးစု ၈ဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကျွန် တော်က ငါတို့ဆီမှာ ၁ဝဝ ကျော်တယ်လို့ ပြန်ပြောခဲ့ပါတယ်။

အာဖရိကတိုက်မှာ လူဦးရေ ဒုတိယ အများဆုံးနိုင်ငံ လူမျိုး စုပြဿနာတွေ၊ အိမ်နီးချင်းနိုင်ငံ အချို့နဲ့ ဆက်ဆံရေး မပြေလည် တဲ့ ပြဿနာတွေကနေ ဖြတ်ကျော်ပြီး တိုးတက်မှုဘက်ကို ဦး တည်နေတဲ့ နိုင်ငံ၊ စီးပွားရေး တိုးတက်နှုန်း ၁ဝ.၄ ရာခိုင်နှုန်း လောက်ရှိတာမို့ အာဖရိကတိုက်နိုင်ငံတွေထဲ စီးပွားရေးတိုး တက်မှုနှုန်း အမြင့်ဆုံးရှိတဲ့ နိုင်ငံအဖြစ် အီသီယိုးပီးယားကို သိရှိ ကြပါတယ်။

လေဆိပ်ကနေ ဟိုတယ်ကို သွားဖို့ရာ လေဆိပ်အဆောက် အအုံထဲက ထွက်လိုက်တဲ့အခါ ပတ်ဝန်းကျင် မြေလွတ်တွေမှာ ဆောက်လုပ်ရေးလုပ်ဖို့ မြေညှိနေ၊ ပြင်ဆင်နေတာတွေ မြင်တွေ့ ရတယ်။ တစ်ချိန်တည်းမှာပဲ အလုပ်သမားတွေ ယောကျ်ားလူငယ် လူလတ်ပိုင်းတွေ ဆောက်လုပ်ရေးလုပ်ခွင်မှာ ဥဒဟို သွားလာနေ ကြတာကိုလည်း တွေ့ရတယ်။

လမ်းတွေက ကောင်းတဲ့ အပိုင်းက အတော်လေး ကောင်း တယ်၊ ချောမွတ်နေတဲ့ ကတ္တရာလမ်းကျယ်တွေ၊ လမ်းမကြီး နံဘေးတစ်လျှောက် ၁ဝ ထပ်၊ ဆယ့်ငါးထပ် အထပ်မြင့် အဆောက်အအုံတွေ တွေ့ရတယ်၊

ဓာတ်ရထားလမ်းကို မြင်တွေ့ရတဲ့အခါ ရန်ကုန်ထက် တောင် လမ်းပန်းအဆောက်အအုံ ကောင်းနေပါလားလို့ ထင် မှတ်မိတယ်။ အချို့နေရာတွေမှာ ချင်းမိုင်မြို့ကလို လမ်းမကြီး အလယ်မှာ အောက်နိမ့်အောင် မြေကိုထိုးထားပြီး အမြန်မောင်း တဲ့ လမ်း၊ အပေါ် ဘေးနှစ်ဖက် နှစ်ချက်မှာ ဘယ်ညာ ပုံမှန်သွားတဲ့ လမ်းဖောက်ထားတာတွေ့တော့ ဒါမျိုး ငါတို့ ရန်ကုန်မှာတောင် မရှိသေးပါလားလို့ အထင်ကြီးမိတယ်။

ဟိုတယ်က လာကြိုပေးတဲ့ ကားကတော့ တိုယိုတာ ဟိုင်း အေ့စ်အမျိုးအစား (ရန်ကုန်မှာ အန်စာတုံးလို့ခေါ်တဲ့ ကားမျိုး) ပါ၊ အီသီယိုးပီးယားနိုင်ငံလည်း လက်ယာကပ်မောင်းဖြစ်တာမို့ ဘယ်မောင်းကားတွေပါ။ တခြားကား အမျိုးအစားတွေကတော့ မြန်မာနိုင်ငံမှာသုံးတဲ့ ဂျပန် တစ်ပတ်ရစ်ကားတွေ ဖြစ်တဲ့ ပရာဒို၊ တိုယိုတာ ယာရစ် (ဒီမှာတော့ vitz ) ၊ ဘယ်လ်တာဆလွန်းနဲ့ တောတွေ လမ်းကြမ်းတွေသွားတော့ လေးထောင့်ပုံ ခပ်ကျကျ တိုယိုတာ လန်ခရုဇာကားတွေအပြင် လွန်ခဲ့တဲ့ နှစ် ၃ဝ ကျော် မော်ဒယ်လ်ကားဟောင်းတွေ ၁၉၇ဝ ခုနှစ်နှောင်းပိုင်းနဲ့ ၈ဝ ခုနှစ် အစောပိုင်း မော်ဒယ်လ်တိုယိုတာကိုရိုလာနဲ့ ဒတ်ဆန်း ၁၂ဝ့ လို ကားမျိုးတွေကို တက်္ကစီအနေနဲ့ အများအပြား တွေ့မြင်နေရ ပါ တယ်။

ကားအောက်ပိုင်းတစ်ဝက်က အပြာရောင် ကားအမိုးကို အဖြူရောင် စပ်ခြယ်ထားတဲ့ တက္ကစီတွေက မြို့နေရာ အနှံ့အပြား မှာ တွေ့ရပါတယ်။

အဲဒါတွေ အပြင် ကိုးရီးယားလုပ် ဟွန်ဒေးကားတွေ၊ တရုတ်နိုင်ငံထုတ် လီဖန်းဆလွန်းကားတွေလည်း အများအပြား တွေ့ရတယ်၊ အဝါရောင် တက္ကစီကား အများအပြားက တရုတ် နိုင်ငံလုပ် လီဖန်းကားတွေဖြစ်ပါတယ်။ အဲဒီတက်္ကစီ တန်ဖိုးက တော့ အီသီယိုးပီးယား ဘီအာရ် သုံးသိန်းဝန်းကျင် (ကန်ဒေါ်လာ တစ်သောင်းကျော်) ရှိတယ်လို့ ဆိုတယ်။ တိုယိုတာဗစ်ဇ်လို ဂျပန် တစ်ပတ်ရစ်ကား ၂ဝဝ၇ မော်ဒယ်လ်ဝန်းကျင် ဆိုရင်တော့ ဘီ အာရ် နှစ်သိန်းလောက် ရှိတယ်လို့ ဆိုတယ်။

လီဖန်းကားတွေကို တပ်ဆင်တဲ့ စက်ရုံလည်း အာဒစ်စအာ ဘာဘာ မြို့တော်နဲ့ ၂၈ မိုင်ဝန်းကျင်အကွာ အရှေ့ပိုင်း စက်မှုဇုန်လို့ နာမည်ပေးထားတဲ့ တရုတ်ကုမ္ပဏီက ပြည့်ပြည့်ဝဝ ပိုင်ဆိုင်တဲ့ စက်မှုဇုန်မှာရှိတာ တွေ့မြင်ခဲ့ရပါတယ်။

အီသီယိုးပီးယားမှာ လွန်ခဲ့တဲ့ နှစ် ၃ဝ ကျော် မော်ဒယ်လ် ကားဟောင်းတွေ မြင်ရတော့ ၂ဝ၁၁၊ ၂ဝ၁၂ မတိုင်ခင် အရည်ကြို စနစ် မစခင်ခေတ်က တက္ကစီကားတွေနဲ့ ရန်ကုန်မြို့ကို ပြန်သတိရ မိပါတယ်။

အီသီယိုးပီးယား တက္ကသိုလ်ကျောင်းသားကို ကားတင် သွင်းခွင့် မူဝါဒနဲ့ ပတ်သက်လို့ မေးကြည့်မိတော့ ကားတင်သွင်းရင် နိုင်ငံအနေနဲ့ နိုင်ငံခြားငွေ များများသုံးစွဲရမှာ စိုးတာကြောင့် ကားတင်သွင်းရာမှာ အခွန်နှုန်းမြင့်မြင့် ကောက်ခံကြောင်း ပြော ပါတယ်။ သူ့အနေနဲ့တော့ အဲဒီမူဝါဒကို သဘောတူတယ်လို့လည်း ဆိုပါတယ်။ တစ်နိုင်ငံလုံး ကားမော်ဒယ်လ်ဟောင်းတွေချည်း လား ဆိုရင်တော့ မဟုတ်ပါဘူး၊ 4 WD လန်းခရုဇာ မော်ဒယ်လ် မြင့်တွေလည်း စီးနေကြတာ တွေ့ရပါတယ်။ အဲဒီကားတွေ အများစုကိုတော့ ယူအန်လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချမ်း သာသူအချို့ စီးကြတာ တွေ့ရပါတယ်။

လေဆိပ်နဲ့ ဟိုတယ်က ၁၅ မိနစ်၊ မိနစ် ၂ဝ ဝန်းကျင် လောက်သာမောင်းရပါတယ်။ ကားကျပ်တဲ့ မြင်ကွင်း သိပ်မတွေ့ ရပါ၊ မြို့လူဦးရေနဲ့စာရင် ကားအစီးရေ နည်းပါးတာလား၊ ကား တန်ဖိုးကြီးလို့ ကားမကျပ်တာလား၊ လျှပ်စစ်ရထားစနစ် ရှိ တာကြောင့် ကားနည်းပါးတာလား ဆိုတဲ့ အတွေးဝင်မိပေမယ့် တကယ်တော့ အဲဒီနေ့က မေဒေးနေ့ဖြစ်တာကြောင့် အလုပ်ပိတ် ရက်မှာ မြို့ထဲ ကားရှင်းလင်းနေတယ်ဆိုတာ နောက်ရက်ကျမှ သဘောပေါက်ပါတယ်။ နောက်ရက် မြို့ထဲကို မနက်နဲ့ ညနေ ခင်းပိုင်း ဖြတ်သွားတော့မှ ကားအကြီးအငယ် အမျိုးမျိုး တန်းစီ နေကြတာတွေ့ရပါတယ်။ သို့ပေမဲ့ ရန်ကုန်လောက်တော့ ကား ကျပ်ခြင်း မရှိတာ တွေ့ရပါတယ်။

မပြန်ခင်နေ့ မြို့ပြင်မှာ ရှိတဲ့ အရှေ့ဘက် စက်မှုဇုန်ကို သွား တဲ့အခါမှာတော့ လမ်းမကြီးတစ်လျှောက် ကားတွေ တန်းစီနေ တာ တွေ့ရပါတယ်။

မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကတော့ ဓာတ် ရထား၊ ရန်ကုန်ကလို ဘတ်စ်ကားကြီးတွေနဲ့ ပုဂ္ဂလိကပိုင် စပါယ်ယာပါတဲ့ ဟိုင်းအေ့စ်ကားတွေ၊ မော်ဒယ်လ်ဟောင်း ဟောင်း တက္ကစီကားတွေနဲ့ မြို့ရဲ့ အစွန်အဖျားတွေမှာ တုတ်တုတ် လို သုံးဘီးကားတွေ ရှိတာ တွေ့ရပါတယ်။

ဘတ်စ်ကားကြီးတွေက တစ်ကြိမ်စီး တစ်ဘီအာရ်လောက် သာရှိပြီး စီးနင်းသူတွေ ဈေးနှုန်းသက်သာအောင် အစိုးရအနေနဲ့ ပမာဏတစ်ခု အရှုံးခံ ပြေးဆွဲတာလို့ ဆိုပါတယ်။ ပုဂ္ဂလိက ဟိုင်း အေ့စ်တွေက အကွာအဝေးပေါ် မူတည်ပြီး နှစ်ဘီအာရ်လောက် ရှိတယ် ဆိုပါတယ်။ ဟိုင်းအေ့စ်တွေက မြို့ထဲက လမ်းတွေမှာတင် မကဘဲ မြို့ပြင် အဝေးပြေးလမ်းမတွေအထိ ပြေးဆွဲနေတာ တွေ့ မြင်ရပါတယ်။ တက္ကစီတွေကတော့ နိုင်ငံခြားသား ခရီးသည်တွေ အဖို့ အနည်းဆုံး ၁ဝဝ ဘီအာရ် လောက်က စပါတယ်။ ဒေသခံ တွေ ဆိုရင်တော့ ဒီထက် လျော့ကောင်းလျော့ပါလိမ့်မယ်။ သူတို့ ငွေကြေး ဘီအာရ်ရဲ့ ငွေလဲနှုန်းက ကန် တစ်ဒေါ်လာကို ၂၈ ဒဿမ ၅ ဘီအာရ်လောက်ရှိပါတယ်။ မြန်မာကျပ်ငွေနဲ့ တိုက်ရိုက် အချိုး ချမယ်ဆို တဘီအာရ်ကို ကျပ် ၅ဝ သာသာ ရှိပါတယ်။

အီသီယိုးပီးယား မြို့တော်က ကြယ်လေးပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေအနေနဲ့ သူတို့ဟိုတယ်မှာတည်းခိုတဲ့ ဧည့်သည်ကို လေဆိပ်နဲ့ ဟိုတယ် အသွားရော အပြန်ပါ အခမဲ့ပို့ဆောင်ပေးပါ တယ်။ခရီးသည် လေဆိပ်ကို ရောက်နေပြီဆို အကြိုထောက်တဲ့ သူက ဖုန်းဆက်လိုက်ရင် ဟိုတယ်က ဖယ်ရီကားက လာကြိုတာမို့ မြန်မာနိုင်ငံ မြို့ငယ်တချို့မှာသာ ရတဲ့ ဝန်ဆောင်မှုမျိုး ဒီနိုင်ငံမှာ ရပါတယ်။

လေဆိပ်ကနေ ဟိုတယ်အထိကို မိနစ် ၂ဝ ဝန်းကျင်နဲ့ ရောက်သွားပါတယ်။

ကြယ်လေးပွင့် အဆင့်ရှိတဲ့ ဟိုတယ်ကြီးတွေကနေ လမ်း ပေါ် ထွက်လိုက်တာနဲ့ လမ်းဆုံနားမှာ ဟိုတယ်တွေနဲ့ မျက်နှာ ချင်းဆိုင်မှာ တစ်ထပ် လက်ဖက်ရည်ဆိုင်လေးတွေ၊ ရန်ကုန်လို နေရာမှာဆို ဆင်ခြေဖုံးရပ်ကွက်က လမ်းကြားလိုမျိုး မြင်ကွင်း တွေ မြင်ရပါတယ်။

လမ်းနံဘေးမှာ ရေပုံးလေးသေးသေး နှစ်ပုံး၊ သုံးပုံးနဲ့ ဖိနပ် ဆေးကြောပြီး ဖိနပ်အရောင်တင်ပေးတဲ့သူတွေကလည်း ရန်ကုန်က ဈေးသည်တွေရဲ့ ထီးလိုမျိုးနဲ့ ဟိုနားသည်နား တွေ့ရ ပါတယ်။

နောက်တစ်ရက် မနက်စောစော ကွန်ဖရင့်ကျင်းပရာ နေရာမသွားမီ ဟိုတယ်ရှေ့ ကားစောင့်နေတုန်း ပတ်ဝန်းကျင် လေ့လာကြည့်တဲ့အခါ ခရီးသည်စောင့်နေတဲ့ တက္ကစီသမားတွေ၊ ပလပ်စတစ်ပုံးသေး နှစ်လုံး၊ သုံးလုံးနဲ့ ဖိနပ်ဆေးကြောပြီး ပေါလစ်တင်တဲ့ ဆယ်ကျော်သက်အရွယ် အီသီယိုးပီးယား လူငယ်တွေ ဟိုနားသည်နား သွားလာနေကြတယ်၊ အဲဒါအပြင် အသက် ၄ဝ၊ ၅ဝ အရွယ် အမျိုးသမီးတစ်ဦးက ဆွဲခြင်း နှစ်ခြင်းထဲ ဓာတ်ဘူးနှစ်လုံးနဲ့ ကော်ဖီ၊ လက်ဖက်ရည် အထုပ်တွေနဲ့ လမ်းမှာ ကော်ဖီလည်ရောင်းတာမျိုး ထူးခြားစွာ တွေ့ရပြန်တယ်။

တက္ကစီမောင်းတဲ့သူတွေနဲ့ လမ်းနံဘေးမှာ စုစု စုစုနဲ့ ရပ်နေ သူတွေကို ကော်ဖီ၊ လက်ဖက်ရည် ရောင်းနေတာပါ။ ပလတ်စတစ် ခွက်တွေ စက္ကူခွက်တွေ မသုံးဘဲ ဖန်ခွက် သို့မဟုတ် ကြွေခွက်နဲ့ ရောင်းတာမျိုးပါ၊ ကော်ဖီသောက်ပြီးမှ ခွက်ပြန်သိမ်း၊ ဆွဲလာတဲ့ ခြင်းထဲကရေနဲ့ ဆေးကြောပြီး ပြန်ရောင်းတာပါ။ ဒါကိုမြင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရထားပေါ်တွေမှာ လက်ဖက်ရည် လိုက်ရောင်းကြတာမျိုး လိုပါလားလို့ သတိရမိပါတယ်။

နောက်ရက်တွေ မြို့ထဲ လမ်းလျှောက်ကြည့်တဲ့အခါမှာ လမ်းနံဘေးမှာ လျှပ်စစ်ရေနွေးအိုး သေးသေးကို နံဘေးမှာချ၊ လက်ဖက်ရည်ကြမ်းငှဲ့သောက်တဲ့ တရုတ်လုပ် ကြွေပန်းကန်လုံး လေးတွေ ထပ်စီထားတဲ ကော်ဖီရောင်းတဲ့ဆိုင်လေးတွေလည်း အများအပြားရှိတာ သတိထားမိပါတယ်။

အီသီယိုးပီးယားက ထွက်တဲ့ ကော်ဖီအမျိုးအစားတချို့က နိုင်ငံတကာထိ နာမည်ကြီး ထင်ရှားတယ်လို့ ဆိုပါတယ်။ ကော်ဖီ စေ့တွေ နိုင်ငံခြားတင်ပို့လို့ သူတို့နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ရာခိုင် နှုန်းတစ်ခုထိ ရလောက်အောင် နိုင်ငံရဲ့ တောင်ပိုင်းမှာ စိုက်ပျိုး ထွက်ရှိတယ်လို့ ဆိုပါတယ်။

Photo-Myint Kyaw အာဒစ်စအာဘာဘာမြို့က တက္ကစီ၊ ၁၉၇ဝ နှောင်းပိုင်း ၈ဝ အစောပိုင်း မော်ဒယ်လ်ကားတွေပါ

မြို့တော်နဲ့ လုံခြုံဘေးကင်းမှု

အီသီယိုးပီးယား မြို့တော် အာဒစ်စအာဘာဘာနဲ့ ပတ် သက်လို့ အွန်လိုင်းပေါ်က ခရီးသွားအကြံပြုချက်မှာ မြို့တော်ရဲ့ နေရာအားလုံးနီးပါး ဘေးကင်းစွာ သွားလာနိုင်ကြောင်း ရေး ထားတာ တွေ့ရသလို၊ ဟိုတယ် ဝန်ထမ်းဖြစ်သူကလည်း သူတို့မြို့ တော်မှာ ဘယ်နေရာသွားသွား ဘာအန္တရာယ်မှမရှိဘူးလို့ ပြောပါ တယ်။ ဟိုတယ်ဝန်ထမ်းဖြစ်သူက သူတို့ဆီမှာ အုပ်စုဖွဲ့ ဒုစရိုက် ဂိုဏ်းတွေလည်း မရှိဘူး၊ လုတာ ယက်တာတွေလည်း မရှိဘူး၊ ကြိုက်တဲ့နေရာ သွားလို့ရတဲ့အကြောင်း ဂုဏ်ယူစွာပြောပါတယ်။

လမ်းထိပ်တွေ၊ လမ်းထောင့်တွေမှာ လူငယ်တွေ ဟိုစုစု သည်စုစုနဲ့ ရပ်နေကြ၊ ထိုင်နေကြတာ အီသီယိုးပီးယားမှာ မြင်ရ တဲ့ ထူးခြားတဲ့ မြင်ကွင်းပါ။ လူငယ်တွေ၊ လူလတ်ပိုင်းတွေ စကား ပြောနေကြတာ၊ လမ်းနံဘေးမှာ စုထိုင်နေကြတာတွေ အနှံ့ အပြားတွေ့ရပါတယ်။

အာဖရိက သမဂ္ဂရုံးချုပ်တစ်ဝိုက် ရပ်ကွက်တွေမှာ ညနေရုံး ဆင်းချိန် မြင်ကွင်းကတော့ အလုပ်ကပြန်တဲ့သူတွေ လမ်းမကြီး နံဘေး တန်းစီပြီး ဘတ်စ်ကားစောင့်နေကြတာ ဟိုနားသည်နားကားစောင့်နေကြတာမြင်တော့ ရန်ကုန်မြို့လယ် မြင်ကွင်းထက် တောင် ပိုပြီး လူဦးရေထူထပ်တာကို သတိပြုမိပါတယ်။

Photo-Myint Kyaw လမ်းဘေးစာအုပ်အဟောင်းအရောင်းဆိုင်

မြို့ရဲ့ အဓိကလူစည်ကားရာ လမ်းမကြီးနံဘေးမှာတော့ ဖိနပ်တိုက်သူတွေ နေရာတိုင်းလောက်တွေ့မြင်ရပြီး တချို့သော လမ်းဘေးတွေမှာ ရေသန့်ဗူး၊ အချိုရည်ဘူးရောင်းသူတွေ ဟိုနား သည်နား တွေ့ရပါတယ်။ မြို့လယ်မီးပွိုင့်ကြီးတွေနားတော့ ကား တွေ မီးပွိုင့်စောင့်ချိန်မှာ ကားမှန်ကို အဝတ်နဲ့ လိုက်သုတ်ပေးပြီး မုန့်ဖိုးတောင်းတဲ့ ဆယ်ကျော်သက်တွေလည်း တွေ့ရပါတယ်။

အီသီယိုးပီးယားနိုင်ငံက အာဖရိကနိုင်ငံတွေထဲ စီးပွား ရေးတိုးတက်မှု နှုန်းအမြင့်ဆုံး ဖြစ်ပေမယ့် တစ်ဦးချင်း ထုတ် လုပ်မှု ပမာဏကတော့ ကန်ဒေါ်လာ ၇ဝဝ ဝန်းကျင်မှာပဲ ရှိနေ သေးတာပါ။ မြန်မာနိုင်ငံအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် ၂ဝ၁၇ စာရင်းအရ မြန်မာက ကန်ဒေါ်လာ ၁,၂၅၆ ရှိပါတယ်။ လူဦးရေ အားဖြင့် ၁ဝ၂ သန်းကျော်ရှိတဲ့နိုင်ငံ၊ စီးပွားရေးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်မြင့်တက်လာနေသည့်တိုင် ဆင်းရဲမှုက လူဦးရေရဲ့ ရာခိုင်နှုန်းအချို့မှာ ရှိနေဆဲဖြစ်တာ မြို့တော်မှာ မြင်ရ တဲ့ မြင်ကွင်းတချို့က ဖော်ပြနေပါတယ်။

မြို့လယ် ဟိုတယ်ကြီးတွေရဲ့ အရှေ့နားတွေမှာပင် ဆင် ခြေဖုံးရပ်ကွက်ကလို လမ်းသွယ်မျိုးတွေ တစ်ထပ်အိမ်နိမ့်နိမ့် အမိုးလေးတွေနဲ့ ဈေးဆိုင်တွေ၊ အချို့လမ်းမကြီးနံဘေးမှာ သွပ်ပြားတွေနဲ့ ဖြစ်သလိုဆောက်ထားတဲ့ နေအိမ်တချို့ မြင်တွေ့ရ ပါသေးတယ်။

လုံခြုံရေး သတိထားတဲ့နိုင်ငံ

အပြာနုရောင် ပျောက်ကြား လက်တိုယူနီဖောင်းကို ကိုယ် နဲ့ အတိကျပ်နေအောင် ဝတ်ထားတဲ့ လုံခြုံရေးတွေကို မြို့ထဲက အချို့သော အဆောက်အအုံတွေအနီး လုံခြုံရေး ယူထားပေးတာ တွေ့ရပါတယ်။ ဟိုတယ်က ဝန်ထမ်းကို မေးကြည့်တော့ အဲဒီ အပြာရောင်ဝတ်လုံခြုံရေးတွေက မြို့လုံခြုံရေး ရဲတပ်ဖွဲ့တွေလို့ ဆိုပါတယ်။ ရဲ နှစ်ဦး၊ သုံးဦးလောက်မှာ တစ်ဦးက အေကေ ၄၇ မောင်းပြန်ကို လွယ်ထားလျက်နဲ့ ပတ်္တရောင်လှည့်နေတာလည်း တွေ့ရပါတယ်။ ဘဏ်လို အဆောက်အအုံရှေ့မှာလည်း အပြာနု ရောင်မဟုတ်တဲ့ ကာကီရောင်ဝတ် လုံခြုံရေးက အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် လွယ်ထားပြီး စောင့်နေတာလည်း တွေ့ရပါတယ်။

ဟိုတယ်တိုင်းလိုလိုမှာ ဝင်တဲ့အခါတိုင်း ပစ္စည်းတွေ အား လုံး စကင်နဲ့ (Scan) ဖြတ်တယ်။ ဟိုတယ်ဝင်ပေါက်မှာ ဘယ်သူ မဆို ဖုန်းတွေ၊ ပစ်္စည်းတွေ အားလုံး ဓာတ်မှန်ဖြတ် လူကို လက်နဲ့ ရှာဖွေတာမျိုး အကြိမ်တိုင်း လုပ်တာ ကြုံရပါတယ်။

ဟိုတယ်တွေတင်မကဘဲ ဈေးဆိုင်တွေရှိတဲ့ အဆောက် အအုံ၊ ရုံး ဘယ်ဟာမဆို ဝင်ပေါက်ဝမှာ ခန္ဓာကိုယ်ကိုယ် ရှာဖွေမှု လုပ်တာကြုံရတွေ့ရပါတယ်၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ စစ်ဆေးခြင်း မရှိဘဲ ဝင်ခွင့်မပြုဘူး၊ ဘဏ်တွေ ဈေးဆိုင်စင်တာ တွေ ဘယ်လောက်ပဲ သေးသေး လုံခြုံရေးဝန်ထမ်းတွေ ထား ကြတာ တွေ့ရတယ်။ အကြမ်းဖက်မှုလို၊ ဗုံးကွဲမှုလိုမျိုး အန္တရာယ် လိုမျိုး သိပ်မရှိသော်လည်း လုံခြုံရေး သတိထားတဲ့ သဘောလား လို့ ကောက်ချက်ချမိတယ်။

မြို့တော်အနေနဲ့ကတော့ ဘယ်နေရာသွားသွား အန္တရာယ် ပြုမှာ၊ လုမှာ စိုးရိမ်စရာမလိုဘူးလို့ဆိုတယ်။ ဟိုတယ်ဝန်ထမ်းနဲ့ စကားပြောကြည့်တဲ့အခါမှာလည်း သူတို့မြို့တော်မှာ ဒုစရိုက် ဂိုဏ်းတွေ မရှိဘူး၊ ခါးပိုက်နှိုက်လောက်တော့ ရှိတယ်လို့ ဆိုတယ်။

စည်ကားတဲ့ ကားလမ်းမကြီးတွေမှာ ကားမီးပွိုင့် ရပ်စောင့် နေတုန်း အဝတ်အစားခပ်နွမ်းနွမ်း ဆယ်ကျော်သက် လူငယ်တွေ ကားမှန်လာသုတ်ပေးပြီး မုန့်ဖိုးတောင်းနေတာမျိုး၊ ကားသန့်ရှင်း ရေး လုပ်မလား စတဲ့ဝန်ဆောင်မှုတွေ ကမ်းလှမ်းတာမျိုးတွေ တွေ့မြင်ရတယ်။ သက်ကြီးရွယ်အို မသန်စွမ်းသူတချို့လည်း လမ်းနံဘေးမှာ တောင်းရမ်းနေတာတွေ လူစည်ကားတဲ့ လမ်းမ ကြီးတွေမှာ တွေ့ရတယ်။

လမ်းနံဘေးမှာ အများဆုံးတွေ့ရတာကတော့ ဖိနပ်တိုက် ချွတ်တဲ့သူတွေပါပဲ၊ တာလပတ်တွေနဲ့ မိုးထားပြီး ဖိနပ်တိုက်ခံ မယ့်သူ ထိုင်ဖို့ အုတ်ခဲခုထားတာ၊ ဟောင်းနွမ်းနေတဲ့ ကျိုးနေတဲ့ ခုံ၊ ဖိနပ်တင်ဖို့ အုတ်ခဲ ခုထားတဲ့ ဖိနပ်တိုက်ဝန်ဆောင်မှုကတော့ မြို့တော်အနှံ့ပါပဲ။ မြို့လယ်နေရာ ရပ်ကွက်တွေ တင်မကပါ၊ ဆင် ခြေဖုံးလမ်းဆုံ ကားမှတ်တိုင်လိုမျိုးတွေမှာလည်း အများအပြား တွေ့ရတာပါ။

Photo-Myint Kyaw မြို့တော်လမ်းမနံဘေးမှာ တွေ့ရတဲ့ တရုတ်ကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခု

အစားအသောက်

အီသီယိုးပီးယား အစားအသောက်လို့ဆိုရင် ဆန်ကို ကြိတ် ပြီး ဆန်နှစ်ကို ဒယ်ပြားမှာ ကျက်အောင် လုပ်ထားတဲ့ တိုရှည်လို ဆန်ပြားလိပ်၊ အမျိုးအမည် သိပ်မသိတဲ့ ပဲကို ကြက်သွန်၊ ဂေါ်ဖီ ထုပ်၊ သခွားသီးနဲ့ သုပ်ထားတာမျိုး၊ အမဲသားကို မဆလာ ငရုတ်သီးနဲ့ စပ်စပ်ဟင်းအနှစ်အနေနဲ့ ချက်ထားတာမျိုး၊ အရောင် ဆိုးထားတဲ့ ထမင်းကြော်လိုမျိုး စတာတွေ တွေ့ရပါတယ်။ စမူဆာ လိုမျိုးလည်း တွေ့ရပေမယ့် မြန်မာနိုင်ငံက စမူဆာနဲ့ အရသာ တော့ ကွဲတာ တွေ့ရပါတယ်။

အိန်္ဒိယ အစားအသောက် တချို့လည်း စားသောက်ဆိုင် ဟင်းလျာစာရင်းထဲ တွေ့ရ ပါတယ်။

သူတို့အစားအစာထဲမှာ အသားစိမ်းတချို့ကိုလည်း ပါရှိ ကြောင်းသိရပေမယ့် ရောက် တုန်းရောက်ခိုက် စားဖြစ်တဲ့အထဲ မှာ အသားစိမ်းတွေ ပါဝင်တာ မတွေ့ရပါဘူး။ ခရီးသွားလမ်းဩန် တွေမှာတော့ ပြည်ပက အလည် အပတ် သွားသူတွေအနေနဲ့ အသားစိမ်းစားသောက်တာကို သတိပြုကြဖို့ ရေးသားထားတာ ဖတ်ရပါတယ်။

အီသီယိုးပီးယား အကြောင်းတွေ ပြောနေပေမယ့် ဒီနိုင်ငံ ကို ဘာကိစ္စနဲ့ ရောက်လာသလဲဆိုတာ မပြောရသေးပါဘူး၊ လာရ တဲ့ အကြောင်းကတော့ ယူနက်စကိုက နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့ သတင်းလွတ်ခွင့်နေ့ အထိမ်းအမှတ်နဲ့ ဂွီလာမိုကာနို သတင်းလွတ် လပ်ခွင့်ဆု ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားကို မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကိုယ်စား တက်ရောက်ဖို့ လာရောက်ခြင်းပါ။

Photo-Myint Kyaw အီသီယိုးပီးယား အစားအစာ

ဒီကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို တစ်နှစ် တစ်နိုင်ငံကို ရွေးချယ်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ၂ဝ၁၇ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပစဉ် ကလည်း တစ်ကြိမ်တက်ရောက်ခဲ့ဖူးပြီး ယခုအကြိမ်က ဒုတိယ မြောက် အတွေ့အကြုံလည်း ဖြစ်၊ အာဖရိကတိုက်ကို ပထမဆုံး ရောက်ဖူးခြင်းလည်း ဖြစ်ပါတယ်။

၁ ရက်၊ ၂ ရက် နေ့ခင်းတွေမှာ သတင်းမီဒီယာနဲ့ သက် ဆိုင်တဲ့ အကြောင်းအရာ ခေါင်းစဉ်မျိုးစုံကို ကျွမ်းကျင်သူတွေက ဆွေးနွေးဖလှယ်ကြပြီး ၂ ရက် ညနေမှာ ညစာစားပွဲနဲ့ ဂွီလာ မိုကာနို သတင်းလွတ်လပ်ခွင့် ဆုပေးပွဲကို ကျင်းပတာပါ။ ယခုနှစ် ဆုရရှိသူကတော့ မြန်မာနိုင်ငံက ရိုက်တာသတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖြစ်ပါတယ်။ ဆုပေးပွဲညမှာ ကိုဝလုံးရဲ့ ညီဖြစ်သူ ကိုသူရအောင်က ဆုရရှိသူ နှစ်ဦးစလုံး ကိုယ်စား တက်ရောက်ရယူပေးခဲ့တာပါ။

Photo-Myint Kyaw ကိုဝလုံးနဲ့ကိုကျော်စိုးဦးကိုယ်စား ဂွီလာမိုကာနို သတင်းလွတ်လပ်ခွင့်ဆု လက်ခံရယူနေသူ ကိုဝလုံးရဲ့ညီ ကိုသူရအောင်

တရုတ်နိုင်ငံနဲ့ အဆက်အစပ်

ကျွန်တော်တို့တည်းခိုတဲ့ Elily International ဟိုတယ် ဆိုတာက အာဒစ်စ အာဘာဘာမှာ ကြယ်လေးပွင့် အဆင့်လို့ ဆိုတဲ့ဟိုတယ် အတန်းအစားထဲပါဝင်ပါတယ်။ နိုင်ငံခြားသား အများအပြား တည်းခိုကြတာတွေ့ရပါတယ်။ သူတို့ပြည်တွင်းက ခရီးသည်တွေ တည်းခိုတာ သိပ်မတွေ့ရပါ။

ဟိုတယ်ရဲ့ ဧည့်ခန်းမှာ အင်္ဂလိပ်ဘာသာနဲ့ သတင်းစာ လိုမျိုး တင်ထားတာ တွေ့မိတော့ ဒီနိုင်ငံမှာ ဘယ်လိုသတင်းစာမျိုး ထုတ်ဝေနေသလဲ ဒါမှမဟုတ် နိုင်ငံတကာ အင်္ဂလိပ်ဘာသာ ဘယ်လိုသတင်းစာတွေ ရမလဲလို့ ကြည့်မိတော့ ချိုင်းနားဒေးလီး သတင်းစာတစ်မျိုးတည်း တွေ့ရပါတယ်။ ချိုင်းနားဒေးလီး သတင်းစာကလွဲလို့ အခြားဒီနိုင်ငံထုတ် သတင်းစာလည်း မတွေ့၊ အခြားနိုင်ငံက ပြန်ပုံနှိပ်တဲ့ နိုင်ငံတကာ သတင်းစာတွေ လည်း မတွေ့ရပါဘူး။

အီသီယိုးပီးယားက မပြန်ခင် မနက်ခင်းမှာတော့ ကွန်ဖရင့် ကျင်းပတဲ့ ကော်မတီက စီစဉ်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှု လေ့လာရေး ခရီးစဉ်တစ်ခုကို လိုက်သွားခဲ့တယ်။

အဲဒီစက်မှုဇုန်က အာဒစ်စ အာဘာဘာမြို့ပြင်ကနေ မိုင် အားဖြင့် ၂ဝ ကျော် ၃ဝ နီးပါး အကွာအဝေး အရှေ့ဘက်မှာ ရှိတာ မို့လို့ မြို့ကို ကျော်လွန်သွားပြီဆိုရင်ကို အဝေးပြေးလမ်းမကြီး အဖြစ် တည်ဆောက်ထားတဲ့ လမ်းအတိုင်း သွားရပါတယ်။

အဝေးပြေးလမ်းက ရန်ကုန်မ်္တလေး အမြန်လမ်းထက် ပိုကျယ်ဝန်းပါတယ်။ တစ်ဖက်ကို သုံးလမ်းသွား ဖြစ်ပါတယ်။ လမ်းနံဘေးမှာ ရေမြောင်းစနစ်ကို ထည့်သွင်းထားပါတယ်။ ထိုင်း ကုမ္ပဏီက ကန်ထရိုက်ယူဆောက်လုပ်တဲ့ ကော့ကရိတ် မြဝတီ လမ်းလိုပဲ လမ်းဘေးဝဲယာ နှစ်ဖက်နှစ်ချက်မှာ ရေမြောင်းစနစ် ပါဝင်တာပါ။ ဒါ့အပြင် အဝေးပြေးလမ်းနဲ့ ကန့်လန့်ဖြတ်လမ်း၊ လာပေါင်းဆုံတဲ့ လမ်းရှိရင်လည်း နိုင်ငံတကာမှာ တည်ဆောက် သလို အနိမ့်အမြင့်နဲ့ ပေါင်းစည်းသွားတဲ့သဘော ကန့်လန့်ဖြတ် ဆိုရင် မြေသားဖို့ပြီး အပေါ်အောက် ဖြတ်သွားတဲ့ သဘော ဖောက်လုပ်ထားတာမို့ မြန်မာနိုင်ငံက အဝေးပြေးလမ်းဆိုတာ ထက် ပိုစနစ်ကျတာ တွေ့ရပါတယ်။ ဒီလမ်းတွေ ဘယ်သူဆောက် ပေးတာလဲဆိုတာ အီသီယိုးပီးယား ဒေသခံကို မေးကြည့်တော့ တရုတ်နိုင်ငံက ချေးငွေနဲ့ ဆောက်လုပ်တာလို့ ဆိုပါတယ်။ အီသီ ယိုးပီးယား အစိုးရက ၄၃ ရာခိုင်နှုန်း စိုက်သုံးပြီး တရုတ်နိုင်ငံ China Exim Bank က ၅၇ ရာခိုင်နှုန်းချေးငွေ စိုက်ထုတ်ပြီး ဖောက်ပေးတာလို့ ဆိုပါတယ်။ ဒီလမ်းတွေက တစ်နိုင်ငံလုံးလား လို့ မေးကြည့်တော့ မြို့တော်ကနေ ကီလိုမီတာ ၁ဝဝ ဝန်းကျင်မှာ ပဲ ဆောက်လုပ်ပြီးစီးသေးတယ်လို့ ဆိုပါတယ်။ တခြားဒေသတွေ ကတော့ အခုလောက် လမ်းတွေ မကောင်းသေးဘူးလို့ ဆိုပါတယ်။

Photo-Myint Kyaw ဟိုတယ်ဧည့်ခန်းမှာ တွေ့ရတဲ့ အင်္ဂလိပ်ဘာသာနဲ့တွေ့ရတဲ့ ချိုင်းနားဒေးလီး သတင်းစာ

တရုတ်ကုမ္ပဏီက တည်ထောင်တဲ့ အရှေ့ပိုင်းစက်မှုဇုန်

အာဒစ်စအာဘာဘာမြို့ အရှေ့ဘက် မိုင် ၃ဝ လောက် အကွာအဝေးမှာ သစ်ပင်တစ်ပင်တလေသာ ခပ်ကျဲကျဲ မြင်တွေ့ ရတဲ့ ကွင်းပြင်ထဲမှာ အဆောက်အအုံတွေ၊ လမ်းတွေနဲ့ အစုအဝေး ကို တွေ့မြင်ရပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံကုမ္ပဏီတစ်ခုက တည်ထားတဲ့ အရှေ့ပိုင်း စက်မှုဇုန် ဆိုတဲ့နေရာပါ။

Photo-Myint Kyaw တရုတ်ကုမ္ပဏီတစ်ခုမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်တဲ့ ဖိနပ်စက်ရုံ

 

အဲဒီစက်မှုဇုန်ထဲမှာ ဒေသခံ အီသီယိုးပီးယား လုပ်သား တစ်သောင်းခွဲ အလုပ်လုပ်ကိုင်နေကြတယ်လို့ ဆိုတယ်။ တရုတ် နိုင်ငံသားကတော့ တစ်ထောင်ကျော် ရှိတယ်ဆိုတယ်။

ဖိနပ်ချုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ မော်တော်ကား တပ် ဆင်တဲ့ စက်ရုံ၊ အခြားသော ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ ရှိတယ်လို့ သိရတယ်။ သွားကြည့်ခွင့်ရတဲ့ စက်ရုံတစ်ခုကတော့ ဖိနပ်ချုပ်စက်ရုံပါ။

လုပ်သားအင်အား ရာနဲ့ချီရှိမယ့် စက်ရုံပါ။ ချုပ်လုပ်တဲ့ ဖိနပ်တွေကို အမေရိကန် ဈေးကွက်ကို ၉ ဝ ရာခိုင်နှုန်းတင်ပို့ပြီး ဥရောပဈေးကွက်ကိုတော့ ၁ဝ ရာခိုင်နှုန်းလောက် တင်ပို့တယ် ဆိုပါတယ်။

လုပ်ခ ဘယ်လောက်ရကြလဲ လိုက်ပြတဲ့ တရုတ်နိုင်ငံသူ တာဝန်ရှိသူကို မေးကြည့်တော့ တစ်လကို အခြေခံလစာ ဘီအာရ် ၁,ဝဝဝ (၂၈.၅ ဘီအာရ် ကန် တစ်ဒေါ်လာ) ရတယ်ဆိုတယ်။ တစ်ရက် သုံးနပ် ကျွေးမွေးပြီး နေစရာပေးထားတယ် ဆိုတယ်၊ အခြေ ခံလစာအပြင် အချိန်ပိုလုပ်ရင် အချိန်ပို ခံစားခွင့်ရှိတယ်လို့ ဆိုတယ်။

အလုပ်သမားတွေနဲ့တော့ တိုက်ရိုက်မေးဖို့ အခွင့်မသာ ခဲ့ဘူး။

ကားပေါ်ရောက်တော့ အီသီယိုးပီးယား တက္ကသိုလ် ကျောင်းသားက ပြောပြရာမှာ အဲဒီအလုပ်သမားတွေ အနေနဲ့ လူဦးရေထူထပ်တဲ့ ဒေသတွေက လာကြပြီး သူတို့မှာအခြား ရွေး ချယ်စရာ အလုပ်အကိုင် အခွင့်အလမ်းမရှိတော့ အခုလို အလုပ် ရှင်တွေအနေနဲ့ လုပ်ခ ဈေးပေါပေါနဲ့ ခိုင်းဖို့ အခွင့်သာတဲ့သဘော သူ့အမြင်ကို ပြောပါတယ်။

စက်ရုံက ပြန်အထွက်မှာတော့ စက်ရုံဝင်းအဝင်ဂိတ်နားက နေရိပ်မှာ အီသီယိုးပီးယား အမျိုးသမီး ၁၈ ဦးလောက်ကို သူတို့ ဘာသာစကားနဲ့ လေ့ကျင့်ပေးနေတာ တွေ့ရပါတယ်။ လိုက်ပြသ ပေးတဲ့ တရုတ်နိုင်ငံသူ စက်ရုံအုပ်ချုပ်သူ အမျိုးသမီးက ဝန်ထမ်း သစ်တွေ လေ့ကျင့်ပေးနေတာလို့ပြောပါတယ်။ အသက် ၁၈ ၊ ၁၉ အရွယ်ကနေ သုံးဆယ်ကျော်အရွယ်ထိ အမျိုးသမီးတွေ ဘယ် ညာ ဘယ်ညာ ခြေလှမ်းတာ တစ်နှစ် သုံးလေး တိုင်ပေးပြီး လေ့ ကျင့်နေတဲ့ အသံကတော့ နိမ်း စောင် စံ .. နိမ်း စောင် စံ.. နိမ်း စောင်စံ ဆိုတဲ့ တိုင်ပေးတဲ့ အသံကို ကြားခဲ့ရပါတော့တယ်။

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."