ကမ္ဘာ့အင်အားကြီး နိုင်ငံသို့ လေ့လာရေးခရီးတစ်ခေါက်

အမေရိကန်ဆိုသောအမည်သည် ကျွန်တော့်အတွက်တော့ လူမှန်းသိတတ်စအရွယ်ကတည်းက ရင်းနှီးခဲ့ရသည့် နာမည် တစ်ခုဖြစ်၏။ အကြောင်းမှာ အမေရိကန်နှင့် ဗီယက်နမ်စစ်ပွဲများ အကြောင်း အခြေခံပြီးရိုက်ကူးထားသည့် ဗီဒီယိုဇာတ်ကားများ ကို ငယ်ငယ်ကတည်းက ကြည့်ရှုလာခဲ့ရသောကြောင့်သာဖြစ်၏။ ထိုစဉ်က အမေရိကန်စစ်သားတို့သည် ကျွန်တော့်အတွက်တော့ မင်းသား(ဇာတ်လိုက်)လည်း ဟုတ်သည်။ လူစွမ်းကောင်းလည်း ဖြစ်သည်။

အမေရိကန်စစ်သားများခံနေရ၍ စစ်ကူလာသည့်ဇာတ်ဝင် ခန်းမျိုး ကြည့်ရပြီဆိုလျှင် လက်ခုပ်လက်ဝါးပင် တီးမိလေ၏။ အမေရိကန်အလံဆိုလျှင်လည်း ငယ်ငယ်တည်းကပင် မှတ်မိနေ သည့် အလံဖြစ်သည်။ ကျွန်တော့်အစ်ကို လူပျိုပေါက်ဘဝရောက် လို့ အတွင်းခံဘောင်းဘီဝတ်စဉ်က အမေရိကန်အလံ အတွင်းခံ ဘောင်းဘီကို ဝယ်ဝတ်တာတွေ့တော့လည်း အတော်ပင်သဘော ကျခဲ့ရသေး၏။

အရွယ်ရောက်လာလို့ သတင်းစာ၊ ဂျာနယ် ဖတ်ဖြစ်၊ ရေဒီယိုနားထောင်ဖြစ်သည့်အခါတွင်လည်း အမေရိကန်သည် ကျွန် တော်တို့နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ပတ်သက်နေသည်ကို ဖတ်ရှုကြားသိရပြန် သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်တွင်းလှုပ်ရှားမှုများ တွေ့ရသလို နိုင်ငံ တကာဖိအားအနေဖြင့်လည်း အမေရိကန်၏ ဖိအားပေးမှုကို အဓိကအားထားကြသည်ကို တွေ့ရသည်။

၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီအကူး အပြောင်း ဖြစ်လာသည့်အခါတွင်လည်း အမေရိကန်သည် မြန်မာနိုင်ငံနှင့် အနီးဆုံးသို့ ရောက်လာခဲ့သည်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည်ပင် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်အထိပင်ဖြစ်ခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်စဉ်က သမ္မတအိုဘားမား၏ လုံခြုံရေးနှင့် မီဒီယာအဖွဲ့များကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသော ကျွန်တော့်မှာ ထိုပုဂ္ဂိုလ်၏ ခမ်းနားမှု နှင့် ဘုန်းတန်ခိုးကြီးမှုအား အထင်ကြီးမလေးစားဘဲ မနေနိုင်။ ထို စဉ်က မြန်မာပြည်သူတို့၏ နှုတ်ဖျားတွင်လည်း သူ၏အကြောင်း များက ပြောစမှတ်ပင် ဖြစ်ခဲ့ရသည်။

အထက်ပါ အကြောင်းအရာများဖြင့် ငယ်စဉ်ကတည်းက ယနေ့အချိန်အထိ အမေရိကန်နိုင်ငံကို အဝေးမှသာ အထင်ကြီး လေးစားအားကျခဲ့ရလေသည်။ ယခုအခါ အမေရိကန်နိုင်ငံသို့ သွားရောက်ရန် အခွင့်အလမ်းတစ်ခုကို ကျွန်တော် ကံကြီးစွာဖြင့် ရလိုက်လေသည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ပထမပတ်တွင် ကျင်းပ သည့် အမေရိကန်ကြားဖြတ် သက်တမ်းဝက်ရွေးကောက်ပွဲသို့ သွားရောက်လေ့လာရန်ဖြစ် သည်။ ထိုခရီးစဉ်တွင် မြန်မာနိုင်ငံမှ စာနယ်ဇင်းသမား ၁၅ ဦး သွားရောက်လေ့လာခွင့်ရသည့်အထဲ ကျွန်တော်ပါဝင်ခွင့်ရခဲ့သည်။

အမေရိကန်သို့ အသွား

ကျွန်တော်တို့သည် ရန်ကုန်လေဆိပ်မှ ဂျပန်နိုင်ငံ နာရီတာ လေဆိပ်သို့ ခြောက်နာရီကြာ လေယာဉ်စီးခဲ့ရသည်။ ထိုမှတစ် ဆင့် မိုင် ၆,၈၀၀ ကျော် ကွာဝေးသော အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီသို့ ၁၂ နာရီကြာ ထပ်မံ၍ လေယာဉ်စီးခဲ့ရ သည်။ လေယာဉ်မဆင်းမီကပင် ကျွန်တော်သည် အမေရိကန်ကို မြင်ချင်ဇောဖြင့် ဘေးနားတွင် ထိုင်နေသည့် လူတစ်ယောက်ကို ကျော်ကာ လေယာဉ်ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့် မိသည်။ လုံးချင်းအိမ်ဖြူလေးများ၊ အစိမ်းရောင်မြက်ခင်းများနှင့် အရောင်စုံလှသော သစ်ပင်များကို လှလှပပတွေ့မြင်လိုက်ရ သည်။ “လှတယ်ကွာ”ဆိုသည့် စကားကိုပင် ဘယ်နှကြိမ်ပြောမိ လိုက်မှန်းမသိ။

လေယာဉ်သည် မြေပြင်နှင့် နီးကပ်လာသည်နှင့်အမျှ မြင်ကွင်းက ပိုရှင်းလာသည်။ အရွယ်တူ သစ်ပင်တို့သည် အစိမ်း ရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင်စသည့်အရောင်တို့ဖြင့် ဆေးဆိုးပေးထားလေသလား ထင်မှတ်ရသည်။ ထိုရောင်စုံ သစ်ပင်များကြားတွင် မြစ်တစ်စင်းသည် ကွေ့ကောက်ကာ စီး ဆင်းနေလိုက်သေးသည်။ ပန်းချီဆွဲမည်ဆိုပါက လှပသည့် ရောင်စုံပန်းချီကားတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ကျွန်တော်တို့ ဝါရှင်တန်၊ ဒါးလက်စ်လေဆိပ်သို့ ရောက် သောအခါ လူဝင်မှုကြီးကြပ်ရေးသို့ဖြတ်လျှင် စစ်ဆေးမေးမြန်းမှု များ လုပ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတွင် “ဘာအတွက်လာတာလဲ”ဆိုသည့် မေးခွန်းကိုသာ မေးသည်။ ကျွန်တော့်အလှည့်၌ ဘာမှတောင် မမေး။ အကောက်အခွန်ဖြတ် တော့လည်း ဒီအတိုင်းပင်။

အမှန်တိုင်းဆိုရလျှင် အမေရိကန်သို့သွားရန် စိုးရိမ်စိတ် များတော့ ရှိခဲ့သည်။ ဗီဇာအလွယ်တကူ ရပါ့မလား၊ အမေရိကန် လေဆိပ်တွင် လုံခြုံရေးအရ အလွယ်တကူဝင်ခွင့်ပြုပါ့မလား စသည့် စိတ်ပူပန်မှုများတော့ ရှိခဲ့သည်။ သို့သော် တကယ်တမ်း တွင် ထင်တာထက် အများကြီး လွယ်ကူခဲ့သည်။

လာကြိုသူနှင့် စီးရမည့်ကားကို စောင့်ပြီးနောက် လေဆိပ် မှ တည်းခိုမည့်ဟိုတယ်သို့ ထွက်လာခဲ့ကြသည်။ ကားလမ်းများ က ကျယ်သည်။ ညီညာသည်။ တချို့နေရာများတွင် ကားလမ်းများ က အပေါ်တွင် တစ်လမ်း၊ အောက်တွင် တစ်လမ်း။ ကားလမ်းပေါ် တွင် ကားများ များသည့်တိုင် လမ်းပိတ်တာမျိုး မတွေ့ရ။ သူ့လမ်း နှင့် သူ အရှိန်ပြင်းပြင်း မောင်းနေကြသည်။ ရာသီဥတုကသာယာပြီး အေးစိမ့်နေသဖြင့် ကျွန်တော်တို့ စီးလာသည့် ကားထဲတွင် အပူပေးစက် ဖွင့်ထားရသည်။

ထူးခြားသည်က ကားလမ်းမဘေးနှင့် မြေလွတ်နေရာများ တွင် မြက်ခင်းစိမ်းများကို မြင်ရခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် ထိုကဲ့သို့သော မြက်ခင်းစိမ်းများကို ပန်းခြံများ၌သာ တွေ့ရ သည်။ အထူးသဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ တွင် လုပ်ထားသော မြက်ခင်းသည်ပင် ကျွန်တော်တို့အတွက် ရှားပါးသည့် အဖိုးတန်နေရာလေးတစ်ခုလို ဖြစ်နေသည်။

ယခု ကျွန်တော်တို့လေဆိပ်မှ ဟိုတယ်သို့ သွားသည့်လမ်း တစ်လျှောက်တွင် ထိုသို့သော မြက်ခင်းများကို နေရာအနှံ့ တွေ့ရ လေသည်။ ရောင်စုံသစ်ပင်များ၊ မြစ်ချောင်းများနှင့် မြက်ခင်းစိမ်း များကို မြင်ရသည်မှာ မြန်မာပြည်မှလာသော ကျွန်တော့်အတွက်တော့ ပန်းခြံကြီးထဲ ရောက်နေသလားဟု တွေးနေမိသည်။

တစ်ဦးနှင့် တစ်ဦး လေးစားကြခြင်း

ဝါရှင်တန်၊ ဒါးလက်စ်လေဆိပ်မှ ၄၅ မိနစ်လောက် မောင်း နှင်ပြီးသည့်နောက်တွင် ကျွန်တော်တို့တည်းခိုရမည့်ဟိုတယ်သို့ရောက်လေသည်။ One Washington Circle ဟိုတယ်ဖြစ် သည်။ ထိုအနီးအနားတွင် ဝါရှင်တန်တက္ကသိုလ်ရှိသည်။ ဆေးရုံ တစ်ခုကိုလည်း တွေ့ရသည်။ ကျွန်တော်တို့ ထိုအနားရောက်သည် နှင့် ပထမဆုံးကြားရသည်က မြန်မာပြည်တွင်ကြားရသည့် မီးသတ်ကားအော်သံပင်ဖြစ်လေ၏။

သို့သော် ယခုအသံပိုင်ရှင်က မီးသတ်ကား မဟုတ်။ မြန်မာ နိုင်ငံမှ မီးသတ်ကားအရွယ် အနီရောင် သူနာတင်ကားကြီးဖြစ် သည်။ ပထမတော့ အထူးအဆန်းဖြစ်ကာ လိုက်ကြည့်မိသည်။ ထိ ခိုက်ဒဏ်ရာရမှု တော်တော်များကြပါလားဟုလည်း တွေးနေမိ သည်။ သို့သော် ယင်းကားအသံကို အမြဲလိုလို ကြားနေရခြင်း ကြောင့် ဝါရှင်တန်တွင်နေသည့် မြန်မာမိတ်ဆွေတစ်ဦးအား မေး ကြည့်ရာ ၎င်းင်းက “အဲဒီကားတွေက အမြဲအော်နေတာပဲ။ လူတင် မကဘူး၊ ကြောင်ရေနစ်လည်း ဒီအတိုင်းပဲ။ လူတစ်ယောက် ဒူးပြဲ၊ ထိပ်ပေါက်လည်း ဒီအတိုင်းပဲ” ဟု ဆိုလေသည်။

ထို့ကြောင့် အမေရိကန်တို့သည် လူကိုပင်မဟုတ်။ တိရိစ္ဆာန်များကိုပင် အလေးထားကြသည်ကို လက်တွေ့သိလိုက် ရသည်။

သစ်ပင်နှင့် မြက်ခင်းများပေါ်တွင် ရှဉ့်ကလေးများ ပြေး လွှားနေသည်ကို မြင်တွေ့ရသည်။ ၎င်းတို့အား အစာကျွေးမည့် ဟန်ဖြင့် ခေါ်လိုက်လျှင် အနားသို့ပင် ကပ်လာသေးသည်။ သမင် များလည်း ရှိသေးသည်ဟု ဝါရှင်တန်တွင်နေသည့် မြန်မာမိတ် ဆွေတစ်ဦးက ဆိုသည်။ ငန်းရိုင်းများ သားပေါက်သည့်အချိန် မျိုးတွင် လူသွားလမ်း၌ သားပေါက်သည်ဆိုပါက အဆိုပါနေရာ အား သက်ဆိုင်ရာမှ လာရောက်၍ အကာအကွယ်များ လုပ်ပေးကြသည်ဟု ဆိုသည်။

အဆောက်အအုံအဝင်အထွက်များတွင် တစ်ဦးနှင့် တစ်ဦး ဦးစားပေးတတ်ကြသည်။ လမ်းဖြတ်ကူးပါကလည်း လမ်းကူးသူ ကို ကားများက ဦးစားပေးတတ်သည်။ မီးပွိုင့်အနား တက္ကစီကို တားလိုက်သဖြင့် ကားလမ်းခဏလောက် ပိတ်သွားလျှင်လည်း နောက်ကားက ဟွန်းမတီး။ အားလုံးပြီးသွားသည်အထိ ရပ်စောင့် ပေးသည်။ သူတို့ကို ကြည့်ရသည်မှာ အေးအေးလူလူပင်။

ထိုသို့သောမြင်ကွင်းကို မြင်ရသည့် ကျွန်တော့်မှာ မြန်မာ ပြည်မှာဆိုလျှင် “ကားလာနေတာ မမြင်ဘူးလား။ သေချင်လို့ လား ငကြောင်၊ ကားပိတ်နေပြီ အမြန်လုပ် ငကြောင်ရဲ့”စသဖြင့် အဆဲခံထားရပြီဟု တွေးနေမိသည်။ ကျွန်တော်သည် မြန်မာနိုင်ငံ ကို အမေရိကန်နှင့် လိုက်တိုင်းတွာနေခြင်း မဟုတ်ပါ။ မတူညီနိုင် ဘူးဆိုသည်ကို အားလုံးအသိဖြစ်သည်။ သို့တိုင် ကောင်းမွန်သည့် အကျင့်စရိုက်တို့ကို အတုယူသင့်သည်ဟု ယူဆမိသောကြောင့်သာ နှိုင်းယှဉ်မိနေခြင်း ဖြစ်သည်။

အမေရိကန်တို့၏ တစ်ဦးကို တစ်ဦးလေးစားကြသည့် အပြုအမူတို့ကို မြင်ရသောအခါ တစ်ခါက မြန်မာစီးပွားရေး ပညာရှင်တစ်ဦး ပြောဖူးတာကို ကျွန်တော် အမှတ်ရမိသည်။ သူက မြန်မာလူမျိုးများကြားတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှုများ ပျောက်ဆုံးနေခြင်းကြောင့် ယင်းသို့မဖြစ်ရန်အတွက် အခြေခံအပြုအမူအနေဖြင့် တစ်ဦးကို တစ်ဦး ကျေးဇူးတင်ပါသည်ဆိုသည့် စကားကို အပြန်အလှန်ပြောဖို့ လိုအပ်ကြောင်း ပြောပြဖူး သည်။

ထို့ပြင် နေ့စဉ်လူတိုင်းအသုံးပြုနေသည့် ပိုက်ဆံတွင်လည်း တိရစ ္ဆာန်ပုံကို ပုံနှိပ်ထားခြင်းထက် ပြည်သူများ လေးစားကြည် ညိုသည့် ပုဂ္ဂိုလ်များ၏ ပုံများကိုသာ ပိုက်ဆံတွင် ပုံနှိပ်သင့်သည် ဟု ဆို၏။ ထိုသို့ လုပ်ပေးခြင်းသည် လေးစားဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပေးခြင်းသာဖြစ်ပြီး မြင်ရသူများအတွက်လည်း အားကျ စရာဖြစ်သလို လေးစားထိုက်သူကို လေးစားသင့်သည်ဆိုသည့် အသိကိုလည်း သိရှိမည်ဖြစ်ကြောင်း သူက ရှင်းပြသည်။

အိမ်ဖြူတော်သို့

ကျွန်တော်တို့သည် ညနေပိုင်း စားသောက်ပြီးသည့်နောက် တွင် အိမ်ဖြူတော်ရှိရာသို့ ထွက်ခဲ့ကြသည်။ ခရီးပင်ပန်းနေသည့် တိုင် ရုပ်ရှင်ထဲတွင်သာ မကြာခဏမြင်ဖူးသည့် အိမ်ဖြူတော်ကို အပြင်တွင် မြင်ရမည်ဆိုခြင်းကြောင့် အပင်ပန်းခံကာ လမ်း လျှောက်ထွက်ခဲ့ကြသည်။ နာရီဝက်ခန့်သာကြာမည်။ အိမ်ဖြူ တော်ရှေ့သို့ ရောက်လေသည်။ အိမ်ဖြူတော်ရှေ့ ခြံစည်းရိုး အပြင် ဘက် မြေကွက်လပ်တွင် ကျွန်တော်တို့နည်းတူ လာရောက်ကြည့် ရှုကြသူများကို တွေ့ရသည်။

အိမ်ဖြူတော်သည် အစိမ်းရောင်မြက်ခင်းခြံကျယ်ကြီးထဲတွင်ရှိသည်။ သာမန်အဖြူရောင် တိုက်တစ်လုံးမျှသာဖြစ်လေ၏။ သံတိုင် ခြံစည်းရိုးများဖြင့် ကာရံထားသည်။ ယခင်ကဆိုလျှင် ခြံစည်းရိုးသံတိုင်ကြားသို့ လက်ထည့်ကာ ဓာတ်ပုံရိုက်၍ရလေ သည်။ သို့သော် ကျွန်တော်တို့မရောက်ခင် ရက်ပိုင်းအလိုက လူတစ်ယောက်သည် ဓားကိုင်ကာ အိမ်ဖြူတော်ခြံဝင်းအတွင်းသို့ ဝင်ရောက်ခဲ့သည့် အဖြစ်တစ်ခုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် လုံခြုံရေးကို တင်းကျပ်သည့်အနေဖြင့် မူလခြံစည်းရိုးနှင့် ဆယ်ပေ လောက်အကွာတွင် သံတန်းများ ထပ်မံကာရံထားသည်။

အိမ်ဖြူတော်ရှေ့သို့ လာရောက်လည်ပတ်ကြသူတို့သည် အိမ်ဖြူတော်နှင့် အမှတ်တရဓာတ်ပုံ ရိုက်ကြသည်။ အိမ်ဖြူတော် အရှေ့တွင် တဲထိုးပြီး ဆန္ဒပြနေသူအမျိုးသားတစ်ဦးကိုလည်း တွေ့ရသေးသည်။

အိမ်ဖြူတော်၏ အနီးပတ်ဝန်းကျင်တွင် ပြတိုက်ကြီးများကို လည်း တွေ့ခဲ့ရသည်။ ပြတိုက်အဆောက်အအုံတို့သည် ကြီးမား ခမ်းနားလှသည်။ ထိုပြတိုက်ကြီးများသို့ ဝင်ရောက်လေ့လာမည် ဆိုပါက အချိန်တစ်ရက်ခန့်ပေးရမည်ဖြစ်ကြောင်း ကျွန်တော်တို့ ကို လိုက်ပို့ပေးသူက ရှင်းပြ၏။ သို့သော် ညမှောင်နေပြီဖြစ်သော ကြောင့် ဝင်မကြည့်ခဲ့ရ။ သတင်းပြတိုက်(NEWSEUM)၊ ရုပ်ရှင် ပြတိုက်၊ အနုပညာပြတိုက်၊ အမေရိကန်သမိုင်းပြတိုက် စသဖြင့် ပြတိုက်များစွာ ရှိကြလေသည်။

ထိုအနီးတစ်ဝိုက်တွင် လည်ပတ်စရာများအနေဖြင့် လွတ်လပ်ရေးကျောက်တိုင်၊ လွှတ်တော်အဆောက်အအုံနှင့် အမေရိ ကန်သမ္မတဟောင်း လင်ကွန်းအမှတ်တရ အဆောက်အအုံများ ရှိလေသည်။ ကျွန်တော်သည် ထိုနေရာများသို့ မရောက်ရောက် အောင် အချိန်လု၍ သွားကြည့်ခဲ့ရသည်။ ထိုနေရာတို့သည် နေ့ရော၊ ညပါ လာရောက်လည်ပတ်သူများ စည်ကားသည့် နေရာများပင်ဖြစ်ကြလေသည်။

အမေရိကန်သက်တမ်းတစ်ဝက် ရွေးကောက်ပွဲ

ကျွန်တော်တို့ရောက်ပြီး နောက်တစ်ရက်တွင် သင်တန်းစ တက်ရသည်။ ကျွန်တော်တို့ တည်းခိုသည့်ဟိုတယ်မှ ဆယ်မိနစ် လောက်သာ လမ်းလျှောက်ရသည်။ ဗွီအိုအေ သတင်းဌာနရှိရာအဆောက်အအုံအနီးရှိ ICFJ (Internation Center for Journalism)ရုံး၌ ဖြစ်လေသည်။ သင်တန်းပထမအချိန်တွင် ဝါရှင်တန်ပို့စ်သတင်းစာမှ အယ်ဒီတာတစ်ဦးက သူတို့၏ သတင်း စာတွင် ရေးသားတင်ဆက်သည့် အကြောင်းအရာများ အကြောင်းကို လာရောက်ဆွေးနွေးသည်။ ပြီးလျှင် အမေရိကန် ရွေးကောက်ပွဲအကြောင်းနှင့် အမေရိကန်လွှတ်တော်များ အကြောင်းကို နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက လာရောက်ဆွေး နွေးသည်။

ကျွန်တော်တို့လာရောက်လေ့လာရသည့် အမေရိကန်ရွေး ကောက်ပွဲသည် သက်တမ်းတစ်ဝက်ရွေးကောက်ပွဲဖြစ်သည့်တိုင် အရေးကြီးသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်နေသည်။ အဘယ် ကြောင့်ဆိုသော် အမေရိကန်အောက်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်အမတ်က အများစုဖြစ်သည်။ ယခု အထက်လွှတ်တော် တွင် ရီပတ်ဘလစ်ကန်အမတ် အများစုက မဲအနိုင်ရမည်ဆိုပါက အမေရိကန်လွှတ်တော်နှစ်ရပ်တွင် ရီပတ်ဘလစ်ကန်များ ကြီးစိုး သွားမည်ဖြစ်သည်။

ဤသို့ဆိုလျှင် ဒီမိုကရက်တစ်တစ်ဦးဖြစ်သည့် သမ္မတအို ဘားမားသည် သူ၏ ကျန်ရှိသည့် နှစ်နှစ်သက်တမ်းတွင် ပြိုင်ဘက် များ အများစု ကြီးစိုးနေသည့် လွှတ်တော်နှင့် အားပြိုင်ရတော့မည် ဖြစ်သည်။ အမေရိကန်တွင် သမ္မတတစ်ဦးသည် သက်တမ်းနှစ် ကြိမ်ဆက်တိုက် ရွေးချယ်ခံရပါက ၎င်းသက်တမ်းကုန်ဆုံးမည့် နှစ်နှစ်အလိုတွင် လူကြိုက်နည်းတတ်ကြသည်မှာ သီအိုရီတစ်ခု လို ဖြစ်နေသည်ဟု ဆိုသည်။ ယခု သမ္မတအိုဘားမားကိုလည်း လူကြိုက်နည်းနေသည်။

အထူးသဖြင့် အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း မအောင်မြင်ခြင်း၊ အီဘိုလာရောဂါနှင့် IS အကြမ်းဖက် အရေးကိစ္စများကြောင့် ပြည်သူအကြိုက်နည်းသွားခြင်းဖြစ်သည်ဟု သင်တန်းတွင် လာရောက်ဆွေးနွေးကြသည့် နိုင်ငံရေး ကျွမ်းကျင်သူများက ဆိုသည်။

ကြိုတင်လေ့လာထားသည့် စစ်တမ်းများအရလည်း လာမည့်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်က ဒီမိုကရက်တစ်ထက် နိုင်ခြေရှိသည့် အလားအလာ ပိုများသည်ဟုလည်း ခန့်မှန်းထား ကြသည်။ သို့တိုင် ဘာကြောင့်မှန်းမသိ ကျွန်တော့်စိတ်ထဲတွင် ဒီမိုကရက်တစ်ဘက်က ရှိပြီး ဒီမိုကရက်တစ်နိုင်မည်ဟုလည်း ယုံ ကြည်နေမိသည်။

ကျွန်တော်သည် အမေရိကန်တို့၏ ရွေးကောက်ပွဲခန့်မှန်း ချက်များ မှန်၊ မမှန်ဆိုတာကို သိချင်သည်။ အမေရိကန်တို့၏ ရွေးကောက်ပွဲအပေါ်ထားသည့် သဘောထားများကိုလည်း စိတ်ဝင် စားသည်။ ရွေးကောက်ပွဲရလဒ် ထွက်လာပါကလည်း ဘယ်လိုပြဿနာများဖြစ်ပြီး အမေရိကန်တို့ ဘယ်လိုတုံ့ပြန်ကြမည်ဆိုတာကိုလည်း လေ့လာချင်သည်။

ဆိုရှယ်မီဒီယာအကြောင်း တစေ့တစောင်း

ကျွန်တော်တို့သည် ဝါရှင်တန်မြို့မှ တစ်ဆင့် မြောက်ကော်ရို လိုင်းနားပြည်နယ်နှင့် လူဝီစီယားနားပြည်နယ်သို့ မသွားမီ တစ် ရက်အလိုတွင် မီဒီယာကျင့်ဝတ်နှင့် ပတ်သက်၍ ဆွေးနွေးခွင့်ရခဲ့ သေးသည်။ မှ ဒုဥက္ကဋ္ဌနှင့် နောက်ထပ် မီဒီယာသမားတစ် ယောက်တို့က ဆွေး နွေးကြသည်။ အမေရိကန် မီဒီယာသမားများ လိုက်နာရန် ချမှတ်ထားသည့် အခြေခံစည်းကမ်းချက်များကို ကျွန်တော်တို့ထံ ဝေပေးသည်။

ပြီးလျှင် အဆိုပါ အချက်များ၏ အဓိပ္ပာယ်ကို တစ်ခုချင်း ရှင်းပြသည်။ ကျွန်တော်တို့ကလည်း သိလိုသည့် မေးခွန်းများ မေး ကြပြီး အပြန်အလှန်ဆွေးနွေးကြသည်။ ဤတွင် သတင်းထောက် တစ်ဦးက ဆိုရှယ်မီဒီယာ(ဖေ့စ်ဘွတ်ခ်)အသုံးပြုခြင်းနှင့် ပတ် သက်ပြီး မေးခွန်းတစ်ခု မေး၏။

“ပြည်တွင်းက သတင်းထောက်အချို့က တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စခန်းတွေကို သွားတယ်။ ပြီးတော့ လက် နက်ကိုင်အဖွဲ့ အစည်းရဲ့ ယူနီဖောင်းကိုဝတ်ထားပြီး သေနတ်ကိုင် ဓာတ်ပုံရိုက်ကြတယ်။ အဲဒီပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ တင်ကြ တယ်။ ဒီလိုလုပ်တာမျိုးဆိုရင် မီဒီယာကျင့်ဝတ်နဲ့ ယှဉ်ထိုးကြည့် ရင် လုပ်သင့်ပါသလား၊ ဘယ်လိုမြင်ပါသလဲ”ဟု မေးလိုက်၏။

ထိုအခါ လာရောက်သင်တန်းပို့ချပေးသူ၏ အဖြေသည် ကျွန်တော်တို့လို ဆိုရှယ်မီဒီယာ အသုံးများသည့်သူများအတွက် ဆင်ခြင်စရာကောင်းသည်ဟုပင် ဆိုရမည်။

သူက “ဖေ့စ်ဘွတ်ခ်မှာ စာရေးလိုက်တယ်ဆိုတာ လူစည် ကားတဲ့ ဈေးလမ်းဆုံမှာ လော်စပီကာတပ်ပြီး အော်သလိုမျိုးနဲ့ တူတယ်။ အခုလို အဖွဲ့အစည်းတစ်ခုရဲ့ အင်္ကျီဝတ်ထားတယ်၊ ပါတီ တစ်ခုရဲ့ တံဆိပ်ကပ်ထားတယ်ဆိုတာဟာ ကိုယ်က သူတို့ကို ထောက်ခံသလိုဖြစ်သွားတတ်တယ်။

၎င်းကဆက်၍ “ဒီအခါမှာ ကိုယ်ရေးတဲ့ စာတွေဟာ ဘက်မျှတယ်၊ မျှတတယ်ပြောဖို့ အရမ်းခက်သွားပြီ။ အရေးကြီးတာက စာဖတ်ပရိသတ်ကလည်း ကိုယ်ရေးတဲ့ သတင်းတွေအပေါ် ဘယ် လိုယုံကြည်ရမလဲ။ ပြီးတော့ ဖေ့စ်ဘွတ်ခ်မှာ ကိုယ့်ရဲ့ စတေးတပ် (ကိုယ့်သဘောထား)တွေကို ရေးတင်လိုက်တာဟာ ကိုယ်ဘာလဲ ဆိုတာ ပြောလိုက်တာနဲ့ အတူတူပဲ။ အမေရိကန်မှာတော့ သတင်းထောက်တွေအနေနဲ့ အဲဒီလိုမျိုးမလုပ်ဖို့ကို သတင်းဌာန တွေက စည်းကမ်းတွေ ထုတ်ထားကြတယ်”ဟု ရှင်းပြသည်။

ထိုသို့ရှင်းပြသောအခါ ကျွန်တော်သည် အရင်က ဖေ့စ် ဘွတ်ခ်တွင် တင်မိခဲ့သော စတေးတပ်များကို ပြန်မြင်ယောင်ပြီး ကိုယ်ဘာလဲဆိုတာကို လူစည်ကားသည့် ဈေးလမ်းဆုံတွင် တက်ပြောခဲ့မိပါလားဟု တွေးနေမိသည်။

မြောက်ကော်ရိုလိုင်းနားနှင့် လူဝီစီယားနား

ကျွန်တော်တို့သည် ဝါရှင်တန်တွင် နှစ်ရက်ကြာနေပြီးသည့် နောက် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရမည့် မြောက်ကော်ရိုလိုင်းနားနှင့် လူဝီစီယားနားပြည်နယ်သို့ ခရီးဆက်ခဲ့ကြသည်။ ကျွန်တော်တို့ သည် မြောက်ကော်ရိုလိုင်းနားရှိရာသို့ ဦးစွာထွက်ခဲ့ကြသည်။ ထို မြို့တွင် ကျွန်တော်တို့သည် သုံးရက်နေခဲ့ရသည်။ ပထမရက်တွင် The News and Research သတင်းဌာနသို့ သွားရောက်ခဲ့သည်။

ထိုသတင်းဌာနမှ ပုဂ္ဂိုလ်တစ်ဦးက သူတို့၏ သတင်းခန်းနှင့် ပုံနှိပ် စက်ခန်းများသို့ လိုက်ပြသည်။ ပုံနှိပ်စက်ခန်းနှင့်ကပ်လျက် ဂိုဒေါင်တစ်ခုတွင် သတင်းစာစက္ကူအလိပ်များ အပြည့် သိုလှောင်ထားသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့အား လိုက်လံရှင်းပြသူက အဆိုပါ စက္ကူလိပ်များကိုလက်ညှိုးထိုးကာ “ ဘယ်နှရက် စာလို့ထင်လဲ”ဟု မေးသည်။ ကျွန်တော်တို့က တစ်ပတ်စာ၊ တစ် လစာ စသဖြင့် စိတ်ကူးတည့်ရာ ပြောလိုက်ကြသည်။ သူက “ဒါ ငါးရက်စာပဲရှိတယ်”ဟု ပြောလေသည်။

ထိုအခါ ကျွန်တော်တို့သည် “ဟာ…တော်တော်စာဖတ်ကြ တာပဲ”၊ “ငါတို့နဲ့တော့ ကွာပါ့ကွာ”၊ “အောင်မလေး…ဝါးတွေတော့ ကုန်ပါပြီ”စသဖြင့် အမျိုးမျိုးပြောဆိုကြလေသည်။ သို့သော် သူ တို့၏ သတင်းစာသည်လည်း အင်တာနက်နှင့် ဖုန်းများ လူတိုင်း လက်ထဲ ရောက်လာခြင်းများကြောင့် စောင်ရေထိုးကျလာသည် ဟုဆိုသည်။ ဝါရှင်တန်ပို့စ်သတင်းစာတိုက်သို့ သွားရောက်ခဲ့စဉ်က လည်း ထိုကဲ့သို့ကြားခဲ့ရသည်။ သူတို့ဆီက သတင်းစာများ စောင် ရေကျသည်ဟုဆိုသော်လည်း ရောင်းရသည့်စောင်ရေက သိန်းချီ နေဆဲဖြစ်၏။

နောက်တစ်ရက်တွင် ကျွန်တော်တို့သည် ရွေးကောက်ပွဲ တွင် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်အမတ်ဖြစ်သူ ကေဟေကင်၏ မဲဆွယ်စည်းရုံးပွဲသို့ သွားရောက်ကြည့်ရှုကြသည်။ ထိုစည်းရုံးရေး ပွဲသို့ သမ္မတဟောင်း ဘီလ်ကလင်တန်လည်း လာရောက်မည်ဖြစ် သည်။ ထို့ကြောင့် ကျွန်တော်တို့သည် မနက် ၁၀ နာရီလောက်က တည်းက မဲဆွယ်စည်းရုံးပွဲလုပ်မည့် စာသင်ကျောင်းအတွင်းသို့ထွက်လာခဲ့ကြသည်။ ကျောင်းတစ်ကျောင်း၏ အားကစားရုံတစ်ခု တွင် ကျင်းပမည်ဖြစ်သည်။

အားကစားရုံအတွင်းသို့ ဝင်ရောက်ရန် အသက်ကြီးသူများ နှင့် မသန်စွမ်းသူများက ဝင်ပေါက်တစ်ပေါက်က ဝင်ရသည်။ အလားတူ မီဒီယာသမားများဝင်ရမည့် ဝင်ပေါက်ကိုလည်း သီးသန့်လုပ်ပေးထားသည်။ လာရောက်သည့် ပရိသတ် ငါးရာခန့်ရှိ မည်။ အားကစားရုံအပြင်တွင် တစ်နာရီကျော်ခန့်စောင့်ဆိုင်းပြီးသည့်နောက်မှ အထဲသို့ဝင်ခွင့်ရသည်။ အထဲရောက်သည့်အခါတွင် တီးဝိုင်းတစ်ခုက တေးဂီတများ တီးခတ်ဖျော်ဖြေနေသည်။တီးဝိုင်းနှင့်ကပ်လျက်တွင် စင်မြင့်တစ်ခုရှိသည်။ လက်ဝှေ့ထိုး သည့် စင်မြင့်တစ်ခုနှင့်သာ တူတော့သည်။ ယင်းစင်မြင့်မှာ မီဒီယာသမားများ ဓာတ်ပုံရိုက်ရန်၊ ဗီဒီယိုရိုက်ရန်အတွက် စီစဉ် ပေးထားသော နေရာဖြစ်သည်။ မီဒီယာစင်မြင့်မှာ မိန့်ခွန်းပြောမည့်နေရာနှင့် မျက်နှာချင်းဆိုင်တည့်တည့်တွင် ဆောက်ပေးထားခြင်းဖြစ်၏။

ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ယခုရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ကေဟေကင်တို့ အပါအဝင် လူ ပုဂ္ဂိုလ်လေးယောက်ခန့် မိန့်ခွန်းပြောသွားပြီးသည့်နောက်တွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် မိန့်ခွန်းပြောလေ သည်။ ၄၅မိနစ်ခန့် ဟောပြောပြီးသည့်နောက် အခမ်းအနားကို တေးဂီတ ပြန်လည်တီးခတ်ခြင်းဖြင့် အဆုံးသတ်လိုက်ကြသည်။ အားကစားရုံအပြင်ဘက်သို့ ရောက်သည့်အခါ ရာသီဥတုမှာ အသားများ တဆတ်ဆတ်တုန်သည်အထိ ချမ်းအေးနေပြီဖြစ်သည်။

နောက်ရက်တွင် ကျွန်တော်တို့သည် ဈေးဝယ်ထွက်ခဲ့ကြ သည်။ ဝယ်ချင်စရာပစ္စည်းများက စုံလင်သည့်တိုင် မြန်မာငွေနှင့် တွက်ကြည့်လျှင် ဈေးကြီးသည့် အနေအထားဖြစ်နေခြင်းကြောင့် ဘာမျှသိပ်မဝယ်ရဲ။ ထို့ပြင် ဝယ်ယူထားသည့် ပစ္စည်းတိုင်း အ တွက် အခွန်ပေးဆောင်နေရခြင်းက ကျွန်တော်တို့အဖို့အတော် ဆိုးသည်။ မည်သည့် ပစ္စည်းဝယ်ဝယ် အားလုံးကို အခွန်ပေးနေ ရသည်။

မိမိက အမေရိကန်တွင် အခြေချနေထိုင်၍ အခွန်ပေးရခြင်း က ပြသနာမဟုတ်။ ယခုက ဧည့်သည်အဖြစ်လာပြီး အခွန်ဆောင် သွားရခြင်း ဖြစ်သည်။ ကျွန်တော်တို့အဖွဲ့ ၁၅ယောက်စလုံးဆိုလျှင် ဝယ်ယူခဲ့သည့် ပစ္စည်းများအတွက် မြန်မာငွေဖြင့် ကျပ် ၁၅ သိန်း ကျော်ဖိုးလောက် အခွန်ဆောင်ခဲ့ရလေသည်။

လူဝီစီယားနားသို့ ခရီးဆက်ခြင်း

မြောက်ကော်ရိုလိုင်းနားတွင် သုံးရက်နေပြီးသည့်နောက် လူဝီစီယားနားသို့ ခရီးဆက်ခဲ့ကြသည်။ လူဝီစီယားနားသို့ ရောက်ရန် လေယာဉ်နှစ်ဆင့် စီးခဲ့ရသည်။ ညနေ ၅ နာရီ အချိန် လောက်တွင် လူဝီစီယားနားပြည်နယ်၊ မြို့တော်ဘော်တန်ရုသို့ ရောက်ခဲ့ကြသည်။ ဟိုတယ်တွင် ခဏလောက်နားပြီးသည့်နောက် ည ၆ နာရီခွဲတွင် လူဝီစီယားနားပြည်နယ်၏ State Fair သို့ သွားရောက်ခဲ့ကြသည်။

ပြည်နယ်ဈေးရောင်းပွဲတော်ကို အားကစားကွင်းကြီးတစ်ခု တွင် ကျင်းပခြင်းဖြစ်သည်။ ပွဲဝင်ကြေးအဖြစ် တစ်ယောက်လျှင် ငါးဒေါ်လာ ပေးရလေ၏။ အကင်ဆိုင်၊ အကြော်ဆိုင်၊ ရေခဲမုန့်ဆိုင်၊ ကော်ဖီဆိုင်၊ ဟန်ဘာဂါဆိုင်စသဖြင့် ရွေ့လျားဈေးဆိုင်များအား တွေ့ရလေသည်။

ရှေ့သို့ဆက်လျှောက်သွားလျှင် အင်္ကျီရောင်းသည့် ဆိုင် များ၊ အရုပ်ဆိုင်များ၊ ရိုးရာပစ္စည်းအရောင်းဆိုင်များကိုလည်း တွေ့ရလေသည်။ သရဲရထားစီးသူများလည်းရှိသည်။ ပုံစံမျိုးစုံသော ချားရဟတ်စီးသူများကိုလည်း တွေ့ရသည်။ ပူစီဖောင်းကို သေနတ်နှင့် ပစ်ကြသူများ၊ မြားပစ်ကြသူများ လည်းရှိသည်။

သူတို့၏ ပြည်နယ်ဈေးရောင်းပွဲကို ကြည့်ရသည်မှာ ကျွန်တော်တို့ဆီက လယ်ကွင်းပြင်တွင် ကျင်းပလေ့ရှိသော ဘုရားပွဲ ဈေးပွဲနှင့်သာတူတော့သည်။ ချားရဟတ်အမျိုးအစားနှင့် အသုံး အဆောင်ပစ္စည်းတချို့သာ ကွာခြားမည်။ ကျန်သည့် အပြင် အဆင်အားလုံးမှာ ကျွန်တော်တို့ဆီက ဘုရားဈေးပွဲနှင့် တူ၏။

နောက်ထပ်ကွာခြားသည်က သူတို့ဆီက ဈေးရောင်းပွဲသို့ လာကြသူများ စီးလာကြသည့်အရာများက လင့်ရိုဗာ၊ ချက်ဗလက်နှင့် ဖို့ဘ်အမှတ်တံဆိပ် မော်တော်ကားများဖြစ်သည်။ ကျွန်တော်တို့ဆီမှာတော့ ဘုရားပွဲဈေးလာကြသူများသည် ဆိုင်ကယ်၊ နွားလှည်းနှင့် မော်တော်ကားတချို့သာ စီးတတ်ကြသည်ကို တွေ့ရတတ်သည်။ နောက်ထပ်သတိထားမိသည့်အရာက ဈေးရောင်းပွဲသို့လာရောက်ကြသူအများစုသည် လူမည်းများသာ အများဆုံးလာကြသည်ကိုတွေ့ရသည်။ သူတို့သည် မိသားစုလိုက်၊ လူငယ်များအဖွဲ့လိုက် လာကြခြင်း ဖြစ်သည်။

လူဝီစီယားနားပြည်နယ် တက္ကသိုလ်

နောက်ရက်တွင် ကျွန်တော်တို့သည် ဘော်တန်ရုမြို့ရှိ လူဝီစီယားနားပြည်နယ်တက္ကသိုလ်(LSU)သို့ သွားရောက်ခဲ့ကြ သည်။ တက္ကသိုလ်သို့ ဝင်ရောက်ရန် ခွင့်ပြုချက်တောင်းစရာမလို။ တက္ကသိုလ်ကို ခြံခတ်ထားခြင်းလည်း မရှိ။ လူသွားလမ်းများ၊ မြက်ခင်းများ၊ သစ်ပင်ကြီးများနှင့် သာသာယာယာရှိလှသည်။ နာရီစင်ကြီးမှ လွဲ၍ ကျန်အဆောက်အအုံများမှာလည်း မြင့်မားလှသည်မဟုတ်။ အမေရိကန် ဘောလုံးကစားကွင်းနှစ်ခုကိုလည်း တွေ့ရသေးသည်။ တက္ကသိုလ်အားကစားသမားများအတွက် အမှတ်တံဆိပ်ဖြစ်သည့် ကျားကြီးတစ်ကောင်ကိုလည်း တက္ကသိုလ်အတွင်းရှိ လှောင်ချိုင့်တစ်ခုအတွင်း မွေးမြူထားသည် ကို တွေ့ရလေသည်။

တက္ကသိုလ်ဝင်းအတွင်း အသက် ၂၀အရွယ် ကျောင်းသူ၊ ကျောင်းသားတို့သည် အင်္ကျီဆိုလျှင်လည်း လက်တို၊ လက်ရှည်၊ လက်ပြတ်၊ စွပ်ကျယ်စသဖြင့် မျိုးစုံလှသည်။ ဘောင်းဘီဆိုပါက လည်း ဂျင်းအတို၊ အရှည်၊ အကျပ်၊ အပွ၊ အသားကပ်၊ အားကစား ဘောင်းဘီစသဖြင့် အရောင်အသွေးစုံလင်အောင် ဝတ်ထား ကြသည်။

ကျောင်းသူကလေးများ အတို၊ အပြတ်ကို ခပ်ကျပ်ကျပ် ဝတ်သွား၍လည်း မည်သူမျှ လိုက်မကြည့်။ နောက်ပြောင်စ နောက်သူလည်း မတွေ့ရ။ အထူးအဆန်းဖြစ်နေသည့် ကျွန် တော်တို့သာ လိုက်ငေးကြည့်နေမိသည်။ ကျွန်တော်သည် အမေ ရိကသို့ မရောက်ခင်က အမေရိကန်အမျိုးသမီးတို့သည် ခန္ဓာ ကိုယ် ထွားထွားကျိုင်းကျိုင်းကြီးများ၊ သို့မဟုတ် ဝတုတ်တုတ်ကြီးများသာဖြစ်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် တကယ်တမ်း လက်တွေ့မြင်ရသောအခါ အထင်နှင့် အမြင် လုံးဝကွဲပြား၍ နေသည်။

ရုပ်ရှင်ထဲတွင်တွေ့ရသော မင်းသမီးများလောက် အခါခပ် သိမ်းမလှသည့်တိုင် မိန်းကလေးအများစုသည် လှပသည့်ခန္ဓာ ကိုယ်တို့ကိုပိုင်ဆိုင်ထားကြကြောင်း သူတို့ဝတ်သည့် အင်္ကျီ၊ ဘောင်းဘီအကျပ်လေးများမှတစ်ဆင့် အထင်အရှား သိနိုင် သည်။ သူတို့သည် ကျန်းမာရေးလိုက်စားနိုင်သည်။ ခန္ဓာကိုယ် အလှအတွက် ထိန်းသိမ်းနိုင်သည်။ ထို့ကြောင့်သာ ယခုလို လှနိုင် ခြင်းဖြစ်မည်ဟု ကျွန်တော်တွေးနေမိသည်။

တက္ကသိုလ်ကျောင်းအတွင်း ကျောင်းသူ၊ ကျောင်းသားတို့ သည် နေမြင့်လာသည်နှင့် အမျှ တဖြည်းဖြည်း စည်ကား၍လာကြ သည်။ ခဏအကြာတွင် ကျွန်တော်တို့သည် ချိန်းဆိုထားသည့်ပုဂ္ဂိုလ်နှင့်တွေ့ရန် အဆောက်အအုံတစ်ခုအတွင်းသို့ ဝင်လိုက်ကြ သည်။ အဆောက်အအုံ၏ ပထမထပ်သို့တက်သွားကြရာ စာ ကြည့်တိုက်တစ်ခုသို့ရောက်လေသည်။ စာကြည့်တိုက်ထဲတွင် ကျောင်းသူ၊ကျောင်းသားများမှာ တိတ်ဆိတ်စွာဖြင့် စာဖတ်နေ ကြလေသည်။ စာကြည့်တိုက်အတွင်း ညီညီညာညာစီထားသော စာအုပ်စင်ပေါင်းများစွာကို တွေ့ရလေသည်။ စာအုပ်စင်ပေါ်တွင် စာအုပ်ပေါင်းများစွာကလည်း နေရာလပ်မကျန် အပြည့်ရှိနေ သည်ကို မြင်ရသည်မှာ အားရစရာပင်။

ကျွန်တော်တို့သည် စာကြည့်တိုက်နှင့် ကပ်လျက်အခန်းထဲ သို့ ဝင်လိုက်သည်။ အခန်းထဲတွင် ကျောင်းသူ၊ ကျောင်းသားများ နှင့် ဆရာတစ်ယောက် သင်ခန်းစာများလုပ်နေသည်ကို တွေ့ရသည်။ ကျွန်တော်တို့ရောက်သွားသည့်အခါတွင် သူတို့သည် သင် ခန်းစာများကို ရပ်ကာ ကျွန်တော်တို့အား သူတို့ဝိုင်းထိုင်နေကြသည့် စားပွဲခုံနေရာလွတ်များတွင် ထိုင်စေသည်။ ပြီးနောက် ဆရာဖြစ်သူက ဦးစွာမိတ်ဆက်သည်။ သူသည် နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦးဖြစ်ပြီး ကျန်သည့်ကျောင်းသား၊ ကျောင်းသူများ မှာ ဘာသာရပ်အစုံမှ ထူးချွန်ကျောင်းသားများဖြစ်လေသည်။ ထို ကျောင်းသားတို့သည် ယခုကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ် သက်ပြီး သူတို့၏ သက်ဆိုင်ရာ ပြည်နယ်အလိုက် လေ့လာထား ကြသူများဖြစ်သည်။ ထို့ကြောင့် သူတို့လေ့လာထားသော ပြည် နယ်များအလိုက် သူတို့၏ ခန့်မှန်းချက်များကို တစ်ဦးချင်းစီ မိတ် ဆက်ပြီး ရှင်းပြလေသည်။ ကျွန်တော်တို့က သိလိုသည်များ မေး မြန်းကြသည်။ ထိုကျောင်းသားများထဲက တစ်ယောက်က သူယူ ထားသည့် ဘာသာရပ်နှင့် မသက်ဆိုင်သည့်တိုင် နိုင်ငံရေး အကြောင်းကို လေ့လာနေသည်မှာ အမေရိကန်လူငယ်များ နိုင်ငံ ရေးအပေါ် စိတ်ဝင်စားမူ လျော့နည်းသွားပြီဆိုသော ပြောဆိုမှု များကို လက်မခံသည့်အတွက် ယခုလို လေ့လာရခြင်းဖြစ်ကြောင်းကိုလည်း ဖြည့်စွက်ရှင်းပြသည်။

သူတို့အားလုံး ပြောဆိုပြီးသွားသည့်နောက်တွင် သူတို့ အား မြန်မာနိုင်ငံနှင့် ပတ်သက်၍ သိချင်တာများ မေးပါဟု ဆို သောအခါ သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးကာနေကြသည်။ ဘာမှ မမေး။ ထို့ကြောင့် ကျွန်တော်တို့ သည် ဆွေးနွေးမှုကို အဆုံးသတ်လိုက်ကြသည်။ ထို့နောက် တခြားသော အဆောက်အအုံတစ်ခုသို့ပြောင်းကာ နောက်ထပ် ပုဂ္ဂိုလ်တစ်ယောက်နှင့် ထပ်တွေ့ သည်။ ထိုပုဂ္ဂိုလ်မှာ လူဝီစီယားနားတက္ကသိုလ်၏ စာနယ်ဇင်းဘာသာရပ်ကို သင်ကြားပေးနေသော သတင်းစာဆရာတစ်ဦးဖြစ်လေသည်။

ထိုသတင်းစာဆရာကြီးအလှည့် ပြီးသွားသောအခါ နောက်ထပ်နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက ထပ်မံရောက်လာသည်။ သူပြောသည့် အကြောင်းအရာများသည် ယခင်ပြောခဲ့သူများနှင့် အကြောင်းအရာများက အနည်းငယ်ထပ်လာသည်။ သူသည်လည်း ၄၅မိနစ်လောက် ဆွေးနွေးသွားခဲ့သည်။ ထိုနေ့အတွက်တော့ ကျွန်တော်တို့သည် လူဝီစီယားနားပြည်နယ် တက္ကသိုလ်ထဲ၌ပင်တစ်နေ့ကုန်ခဲ့လေသည်။

လူဝီစီယားနားပြည်နယ် လွှတ်တော်

နိုဝင်ဘာလ ၄ရက်နေ့သည် ရွေးကောက်ပွဲကျင်းပမည့်နေ့ ဖြစ်သည်။ ကျွန်တော်တို့သည် အမေရိကန် ရွေးကောက်ပွဲဟုဆိုလျှင် သမ္မတ ရွေးကောက်ပွဲသာ သိခဲ့ကြသည်။ ယခုရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်သည့် ရွေးကောက် ပွဲဖြစ်လေသည်။ ထိုနေ့ကကျွန်တော်တို့သည် အုပ်စုနှစ်စုခွဲလိုက်ရ သည်။ မဲရုံများသို့သွားရာတွင် အဖွဲ့လိုက်ကြီးဆိုပါက အဝင်အထွက်နှင့် မေးရမြန်းရ ခက်နေမှာက တစ်ကြောင်း၊ ပြီးလျှင် ပုံနှိပ်သတင်းစာတိုက်နှင့် ရုပ်သံမီဒီယာတစ်ခုချင်းစီသို့ သွား ရောက်လေ့လာနိုင်ရန်အတွက်က တစ်ကြောင်းကြောင့် အုပ်စုနှစ်စု ခွဲလိုက်ခြင်းဖြစ်သည်။

ကျွန်တော်တို့ ပုံနှိပ်သတင်းစာအဖွဲ့ ရှစ်ယောက်က မနက် ပိုင်း ဟိုတယ်မှ ဦးစွာထွက်ခဲ့ကြသည်။ မဲရုံသို့မသွားမီ လူဝီစီယား နား ပြည်နယ်လွှတ်တော်(State Capatial)သို့ သွားရောက်ခဲ့ကြ သည်။ လူဝီစီယားနားပြည်နယ်လွှတ်တော် Capatial အဆောက် အအုံသည် ရုတ်တရက်ကြည့်လိုက်လျှင် ကျွန်တော်တို့ ရန်ကုန် တက္ကသိုလ်ရှိ ဂျပ်ဆင်အဆောက်အအုံ ပုံစံမျိုးဖြစ်၏။ သို့သော် သူတို့၏ပြည်နယ်လွှတ်တော် အဆောက်အအုံက အောက်ခြေ ထုထည်ကြီးမားသလို အပေါ်သို့မြင့်တက်သွားသည့် အမြင့်မှာ ပေ ၄၅၀ ရှိပြီး အထပ်ပေါင်း ၃၄ထပ်အထိ ရှိလေသည်။ အမေရိကန် တွင် အမြင့်ဆုံးသော လွှတ်တော်အဆောက်အအုံလည်းဖြစ်သည်။

ပြည်နယ်လွှတ်တော် အဆောက်အအုံရှေ့ရှိ ပန်းခြံတွင် ယင်းကို တည်ဆောက်ခဲ့သူ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ရုပ်တု တစ်ခုလည်း ရှိလေသည်။ သူသည် ၁၉၃၂ လွှတ်တော် တည်ဆောက်ပြီး သုံးနှစ်အကြာ ၁၉၃၅ ၌ပင် အဆိုပါ အဆောက် အအုံအတွင်း လုပ်ကြံခံခဲ့ရသည်။

အဆောက်အအုံကြီး၏ အပြင်ဘက်တစ်ဖက်စီတွင် သံ ခမောက်ဆောင်းကာ ဓားကိုင်ထားသည့် ရှေးခေတ်စစ်သားရုပ် ကြီးတစ်ရုပ်နှင့် ရှေးခေတ်အမျိုးသမီးတစ်ဦး၏ ရုပ်တုတို့ ရှိလေ သည်။ အဆောက်အအုံကြီးအတွင်းသို့ ဝင်ရောက်ရန်မှာ အရှေ့ ဘက်လှေကားများမှ တက်သွားရခြင်း မဟုတ်ဘဲ ဘေးဘက် အပေါက်ရှိ ဓာတ်လှေကားမှ တက်သွားရခြင်းဖြစ်သည်။

လွှတ်တော်ခန်းမအတွင်း မဝင်ရသော်လည်း အပြင်မှ လေ့ လာနိုင်ရန် အခန်းတံခါးများအားလုံးကို ဖွင့်လှစ်ထားသည်။ ခန်းမမှာ သိပ်မကျယ်လှ။ လွှတ်တော်ကိုယ်စားလှယ်များထိုင် သည့် ထိုင်ခုံများက အပြည့်။ ခန်းမထိပ်ဆုံးတွင် လူတစ်ယောက် ထိုင်နေသည်ကို တွေ့ရပြီး ကျန်ထိုင်ခုံများတွင် လူမရှိ။ လွှတ် တော်တွင် လာရောက် နားထောင်နိုင်သည့် ဘေးဘက်နေရာ တစ်ခုတွင်တော့ ကလေးများ အဖွဲ့လိုက် လာရောက်လေ့လာနေ သည်ကို တွေ့ရလေသည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ခန်းမ အပြင် ဘက်တွင်တော့ ခုနှစ်အလိုက်တာဝန်ထမ်းဆောင်ခဲ့သည့် လွှတ် တော်ကိုယ်စားလှယ်များ၏ ဓာတ်ပုံနှင့် နာမည်များကို မှန်ပေါင် ထည့်ကာ ပြသထားလေသည်။ လွှတ်တော်အတွင်း ဗုံးခွဲခံရစဉ်က အမိုးမျက်နှာကြက်တွင် စိုက်ဝင်နေသည့် ဘောလ်ပင်ကိုပင် ယနေ့အထိ ပြန်မနုတ်ဘဲ အမှတ်တရ ပြသထားကြလေသည်။

ကျွန်တော်တို့ ဘာတန်ရုမြို့ ရပ်ကွက်တစ်ခုတွင် ပြုလုပ် သော မဲရုံသို့ သွားခဲ့ကြသည်။ သူတို့ရပ်ကွက်ထဲသို့ ဝင်လာခဲ့သည့် တိုင် မြက်ခင်းစိမ်းများပေါ်တွင် ခြံစည်းရိုးခတ်မထားသော လုံးချင်းအိမ်လှလှလေးများမှလွဲ၍ လူတစ်ယောက်မှ မတွေ့ရ။ ကျွန် တော်တို့သည် ကားလမ်းအတိုင်း ကားမောင်းဝင်ခဲ့ရာ မဲရုံတစ်ခု သို့ ရောက်လေသည်။

မဲရုံတွင် လူများနှင့် ရှုပ်ထွေး မနေ။ မဲရုံမှာ စာသင်ကျောင်း တစ်ခုတွင် ပြုလုပ်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့ မဲရုံသို့ ရောက်ပြီး ကားရပ်လိုက်သည့်အချိန်တွင် မဲရုံအတွင်းမှ အသက် ၇၀ ကျော်၊ ၈၀ အရွယ်များ တုန်ချည့်တုန်ချည့်ဖြင့် မဲရုံအတွင်းမှ ထွက်လာကြသည်။

၎င်းတို့သည် ကားများနှင့် စုပေါင်းကာ မဲလာပေးကြခြင်း ဖြစ်သည်။ မဲပေးပြီးသော အဘိုးအဘွားတို့က ကားပေါ်မှ ထိုင် စောင့်နေကြသည်။ ထိုသို့သော ကားများက လေး၊ ငါးစီးပင်ဖြစ် သည်။ မဲပေးသည့် အခန်းထဲသို့ သွားမည့် လမ်းတစ်လျှောက်တွင် မဲပေးရမည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် မဲပေးနိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များကိုလည်း ကျောင်းနံရံတွင် ကပ် ထားပေးသည်။ မဲရုံတွင် မသန်စွမ်းသူများပါ မဲပေးနိုင်ရန် စီစဉ် ထားသည့် အကြောင်းပါ ရေးသားဖော်ပြပေးထားသည်။ မဲပေး ချိန်မှာ မနက် ၆ နာရီမှ ည ၈ နာရီ အထိဖြစ်သည်။

ကျွန်တော်သတိထားမိသည်က မဲရုံတွင် လူများနှင့် ရှုပ် ထွေးမနေ။ မဲပေးခြင်းအလုပ်သည် သူတို့အတွက် နေ့စဉ်လုပ်နေကျ အလုပ်တစ်ခုသဖွယ် အေးအေးလူလူပင် အလွယ်တကူလာ ပေးသွားကြသည်။ မနက်ပိုင်းမဲပေးကြသူများသည် အသက်ကြီး ပိုင်းများက ပိုများသည်ကို တွေ့ရသည်။ အသက်ကြီးသူတို့မှာ အသက် ၇၀ ကျော်၊ ၈၀ ဝန်းကျင်များ ဖြစ်ကြသည်။ တချို့ဆိုလျှင် လမ်းပင် မလျှောက်နိုင်၍ ဘီးတပ်ကုလားထိုင်များနှင့် လာကြသည်။

အမျိုးသမီးတစ်ဦးဆိုလျှင် နှာခေါင်းတွင် ပိုက်များတပ်ထား သည်။ သူ့ကို ကြည့်ရသည်မှာ အမောဖောက်နေ သူတစ်ယောက် နှင့်သာ တူတော့သည်။ လမ်းမလျှောက်နိုင်။ စက်တပ်ထားသော ဘီးတပ်ကုလားထိုင်ကိုစီးကာ အကူအမျိုးသမီးတစ်ဦးနှင့် မဲလာ ပေးခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးလို့ ရကြ သော်လည်း ပြည်သူအများစုသည် မဲရုံသို့ ကိုယ်တိုင်လာရောက်မဲပေးတတ်ကြကြောင်း ကျွန်တော်တို့အား လိုက်လံရှင်းပြသူက ဆိုသည်။ သူတို့သည် ဆန္ဒမဲတစ်ခုကို အတော်ပင်အလေးထားကြ ကြောင်း သူတို့၏ ပုံသဏ္ဍာန်ကိုကြည့်ကာ သိနိုင်သည်။ တလေးတစားဖြင့် အပင်ပန်းခံကာ မဲလာပေးကြသည်။

ကျွန်တော်တို့စိတ်အထင်၌ သက်တမ်းတစ်ဝက် ရွေး ကောက်ပွဲတွင် အမေရိကန်အထက်လွှတ်တော်အမတ်များကိုသာ ရွေးချယ်ကြခြင်းဖြစ်သည်ဟု ထင်ခဲ့သော်လည်း ယခု တကယ်တမ်း မဲပေးသည့်အခါတွင် အထက်လွှတ်တော်အမတ် အပါအဝင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် တရားသူကြီးများ၊ ပြည်နယ်ပညာရေးကော်မတီလူကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ စသဖြင့် ပြည်နယ် အုပ်ချုပ်ရေး ပိုင်းနှင့် လွှတ်တော်ပိုင်းမှ ပုဂ္ဂိုလ်တချို့ကိုလည်း ပြန်လည်ရွေးချယ် ကြခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ပြင် ပြင်ဆင်လိုသည့် ဥပဒေများရှိပါကလည်း အဆိုပါ ရွေးကောက်ပွဲတွင် ပြင်ဆင်လိုသည့် ဆန္ဒရှိ၊ မရှိ မဲပေးရခြင်းများလည်း ရှိသည်ဟု ရှင်းပြသူက ဆိုသည်။

ထို့ကြောင့် မဲလာပေးသူ အသက်ကြီးကြီး ဇနီးမောင်နှံနှစ်ဦး က မဲပေးရသည့် အကြောင်းအရာများသောကြောင့် ၎င်းတို့အနေ ဖြင့် မဲပေးရသည့် အချိန် သုံးမိနစ်သည် မည်သို့မျှ မလုံလောက် ကြောင်းနှင့် ယင်းသို့ဖြစ်ရခြင်းနှင့် ပတ်သက်ပြီး အစိုးရအား ပြော ရဦးမည်ဖြစ်ကြောင်း ကျွန်တော်တို့အား ပြောပြသည်။ သူတို့ သည် အချိန်မလောက်သဖြင့် မဲခြစ်ပေးရမည့် ပုံစံမိတ္တူတစ် စောင်ကိုယူကာ အိမ်တွင် ကြိုတင်ဖြည့်လာရလေသည်။ မဲရုံ ရောက်၍ မဲပေးသည့်အခါတွင် အိမ်တွင်ကြိုတင်ဖြည့်လာသည့် ပုံစံအတိုင်း မဲပေးခြင်းဖြင့် အချိန်ကုန်သက်သာစေရန် လုပ် ဆောင်ရကြောင်း ကျွန်တော်တို့အား ရှင်းပြသည်။

ကျွန်တော်တို့သည် မဲရုံအပြင်တွင် ခဏနေပြီးသည့်နောက် မဲရုံအတွင်းသို့ သုံးယောက်တစ်တွဲစီဖြင့် ဝင်ကြည့်ကြသည်။ အထဲ တွင်လည်း အလှည့်ကျမဲပေးနိုင်ရန် တန်းစီစောင့်ဆိုင်းနေသူ လူ ဦးရေ နှစ်ဆယ်ကျော်၊ သုံးဆယ်ခန့်ရှိမည်ဖြစ်သည်။ အညိုရောင် လိုက်ကာဖြင့် ကာရံထားသော အခန်းလေးထဲသို့ တစ်ဦးချင်း ဝင်ကာ မဲပေးကြလေသည်။

လူဝီစီယားနားပြည်နယ်တွင် လူဦးရေ လေးသန်းရှိရာ မဲ ပေးနိုင်သူ ဦးရေစာရင်းမှာ ၂ ဒသမ ၉သန်းရှိသည်။ ယခု ကြိုတင် မဲပေးထားသည်က တစ်သိန်းကျော်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာသူတို့၏ မှန်းဆချက်များအရ မဲပေးနိုင်ဖွယ်ရှိသည့် လူဦး ရေမှာ ၁ ဒသမ ၃ သန်းသာ ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

မဲရုံတွင် ကြည့်ရှုပြီးသည့်နောက် ကျွန်တော်တို့သည် ဒီမိုကရက် တစ်ပါတီရုံးသို့ သွားရောက်ခဲ့ကြသည်။ ပါတီရုံးမှ အမျိုးသမီး တစ်ဦးက ကျွန်တော်တို့အား တာဝန်ခံရှင်းပြပေးသည်။ မဲထွက် မပေးကြသည့် သူများကို ဘယ်လိုလုပ်မလဲဟု မေးကြည့်ရာ ၎င်း တို့အနေဖြင့် ယခင်က အိမ်တိုင်း၏ တံခါးများကို ခေါက်ကာ မဲ ထွက်ပေးကြဖို့ လိုက်လံနှိုးဆော်ခဲ့ရာတွင် ဒီမိုကရက်တစ်ထောက် ခံသူများအပြင် ရီပတ်ဘလစ်ကန်ထောက်ခံသူတို့၏ အိမ်တံခါး များပါ သွားခေါက်မိတာမျိုး ဖြစ်ခဲ့ကြသည်။

ယခုအခါ ထိုသို့မဖြစ်ရန်အတွက် ပြီးခဲ့သည့် ရွေးကောက်ပွဲ များတွင် ဒီမိုကရက်တစ်အား မဲပေးခဲ့သည့် လူများ၏ အိမ်လိပ်စာ ကို မှတ်ထားပြီး ကွန်ပျူတာထဲတွင် သိမ်းထားကြောင်း၊ ယခုလိုရွေးကောက်ပွဲအချိန်များတွင် ကွန်ပျူတာဆော့ဖ်ဝဲလ်တစ်ခုကို အသုံးပြု၍ ဒီမိုကရက်တစ်ထောက်ခံသူတို့၏ အိမ်များကို မြေပုံ ပေါ်တွင် အလွယ်တကူရှာနိုင်ကြောင်း သူကိုင်ထားသည့် စမတ် ဖုန်းကိုဖွင့်ကာ လက်တွေ့ရှာပြသည်။ ယင်းသို့ မြေပုံတွင် ရှာပြီး ၎င်းတို့အား မဲပေးမည့်သူများကို လိုက်လံသတိပေး နှိုးဆော်ကြ ကြောင်း ရှင်းပြသည်။ ထို့ပြင် လမ်းစရိတ်မရှိ၍ မဲသွားမပေးနိုင် သူများကိုလည်း လမ်းစရိတ်ထုတ်ပေးသည်ဟု ဆိုသည်။

ထိုမှတစ်ဆင့် ကျွန်တော်တို့အဖွဲ့သည် The Advocate သတင်းစာတိုက်သို့ သွားခဲ့ကြသည်။ လူဝီစီယားနား ပြည်နယ်သတင်းစာ ဖြစ်လေသည်။ ရွေးကောက်ပွဲတွင် သူတို့ သတင်းဌာနမှ သတင်းဘယ်လိုလိုက်ကြသည်ကို လေ့လာရန် ဖြစ်သည်။

ပြောရမည်ဆိုလျှင် သူတို့ဆီက သတင်းထောက်များ သတင်းလိုက်ရ၊ သတင်းယူရသည်မှာ လွယ်ကူလှသည်။ သူတို့လိုချင်သည့် အချက်အလက်တို့သည် အစိုးရဌာနများက အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးနေသည်။ မည်သူက မဲဘယ်လောက် ရ ပြီး မည်သူကတော့ ရှုံးဖို့များနေပြီဆိုတာမျိုးက တီဗီမှ တိုက်ရိုက် လာနေသည်။ အနိုင်၊ အရှုံးစာရင်းကိုကြည့်ပြီး ဘာဖြစ်လာနိုင် သည်ကိုသာ သူတို့က သုံးသပ်ပြကြသည်။ ထူးထူးခြားခြား ပြဿ နာတက်တာမျိုးလည်း မကြားရ။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများကို ကျွန်တော် သတင်းလိုက်ယူဖူးသည်။ မြို့နယ်အတွင်းရှိ မဲရုံတိုင်းကို လိုက်ကြည့်ရသည်။ မည်သည့်မဲရုံတွင် မည်သည့်ပြဿ နာတက်သည်ကို စောင့်ကြည့် ရသည်။ အနိုင်အရှုံးစာရင်းဆိုတာကိုလည်း မဲရေတွက်ပြီးမှ သိ နိုင်သည်။ အချိန်နှင့် တစ်ပြေးညီ ဘယ်လိုမှ မသိနိုင်။ ပြောရလျှင် ပြဿ နာက မျိုးစုံရှိသည်။ မဲရုံတွင် တစ်ဦးနှင့် တစ်ဦး ဓားဖြင့် ထိုး သည့် အမှုလည်း ကြုံဖူးသည်။ ကျွန်တော်တို့က ထိုသို့စောင့်ကြည့် ၍ ရလာသည့် အချက်အလက်ကို သတင်းဌာနသို့ ပြန်ပို့ပြီး ပြည်သူက ထုတ်ပြန်ရတာမျိုးဖြစ်သည်။

အမေရိကန်ရွေးကောက်ပွဲသည် ည ၈ နာရီ မဲရုံပိတ်သည့် အချိန်မှာတော့ အနိုင်အရှုံးကွဲပြားသွားကြလေသည်။ လူဝီစီယားနားပြည်နယ်တွင်တော့ ဒီမိုကရက်တစ်နှင့် ရီပါဘလစ်ကန်တို့မဲအရေအတွက်တူကာ လာမည့်ဒီဇင်ဘာလအတွင်း ပြန်လည်ယှဉ် ပြိုင်ရမည်ဖြစ်သည်။ ကျွန်တော်တို့သွားခဲ့သည့် မြောက်ကော်ရို လိုင်းနားတွင်တော့ ပထမက ဒီမိုကရက်တစ်အမတ် ကေဟေကင်အနိုင်ရနေသော်လည်း ညရှစ်နာရီအချိန်မှာတော့ ရီပတ်ဘလစ် ကန်အမတ်က ၎င်းအား ကျော်တက်အနိုင်ယူသွားလေသည်။ သူတို့ရွေးကောက်ပွဲကို ကြည့်ရသည်က ရင်ခုန်စရာပင် ဖြစ်သည်။

LSU သို့ တစ်ခေါက်

ရွေးကောက်ပွဲမဲပေးပြီးသည့် နောက်နေ့တွင် ကျွန်တော်တို့ သည် လူဝီစီယားနားတက္ကသိုလ်သို့ နောက်တစ်ခေါက်ထပ်သွားရသည်။ နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးနှင့် တွေ့ဆုံရခြင်းဖြစ်သည်။ ကျွန်တော်တို့သိချင်တာများကို မေးမြန်းရခြင်းဖြစ်သည်။ ကျွန်တော်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးပါက မဲခိုးသည်၊ မဲ လိမ်သည်၊ တရားမျှတမှုမရှိဘူး စသဖြင့် အငြင်းပွားမှုများ ဖြစ်တတ်လေ့ရှိရာ ယခု အမေရိကန်သက်တမ်းတစ်ဝက်ရွေးကောက် ပွဲတွင်လည်း မည်သည့်ပြဿ နာများဖြစ်ကြသေးသနည်း၊ ရလဒ် အပေါ် ပြည်သူများက ဘယ်လို သဘောထားကြသနည်း စသဖြင့် မေးကြည့်သည်။

“အခုအထိတော့ ဘာပြဿ နာမှ မရှိသေးဘူး။ တခြား ပြဿ နာအသေးအမွှားတော့ မပြောတတ်ဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ် က ပြဿ နာတက်တဲ့ အတွေ့အကြုံတွေတော့ ရှိခဲ့တယ်။ မဲပေးမှု ပုံမမှန်တာတွေဖြစ်ခဲ့တာ၊ တရားရုံးရောက်တာတွေ ဖြစ်ခဲ့ကြ တယ်။ ဒါပေမဲ့ သူဟာသူ ရှင်းလိုက်ရင် ပြေလည်သွားကြတာပါပဲ” ဟု ရှင်းပြသည်။

ရွေးကောက်ပွဲရလဒ်အပေါ် မကျေနပ်ခြင်း၊ အငြင်းပွားခြင်း များ ရှိပါသလားဆိုသည့် မေးခွန်းကို ဖြေဖို့အတွက် သူသည် မျက် မှောင်ကျုံ့ကာ ခဏစဉ်းစားလိုက်သည်။ ပြီးမှ “မကျေနပ်တာမျိုး တော့ မရှိပါဘူး။ ဒီလိုရွေးကောက်ပွဲတွေကို အမေရိကန်တွေက ယုံကြည်သက်ဝင်ကြတယ်”ဟု ပြန်ဖြေသည်။

ယခုရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်အမတ် အများစု က အနိုင်ရရှိသွားသဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ် တော်တွင် ရီပတ်ဘလစ်ကန်အမတ်များက ကြီးစိုးသွားမည်ဖြစ် ရာ သမ္မတအိုဘားမားအနေဖြင့် ကျန်ရှိသည့် သက်တမ်းနှစ်နှစ် တွင် မည်သည့်အခက်အခဲများ ရင်ဆိုင်နိုင်ဖွယ်ရှိကြောင်းကို မေး ကြည့်ကြသည်။

ထိုသို့ဖြစ်လာခြင်းအတွက် ထူးထူးခြားခြား ပြောင်းလဲလာ မည် မဟုတ်ကြောင်းရှင်းပြသည်။ ယင်းသို့ တူညီမှု မရှိကြသော် လည်း အမေရိကန်တို့သည် ပါတီစွဲသည့် အလေ့အထမရှိဘဲ လူ ပုဂ္ဂိုလ်တစ်ဦးချင်း၏ သဘောနှင့်သာ သက်ဆိုင်သည်ဟု ဆိုသည်။ သမ္မတဂျွန်ဆင်လက်ထက်ကဆိုလျှင် သူ့ပါတီမှ ပုဂ္ဂိုလ်များနှင့် သဘောထားကွဲလွဲသဖြင့် တစ်ဖက်ပါတီမှ ပုဂ္ဂိုလ်များနှင့် ပူး ပေါင်းကာ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များရှိခဲ့ဖူးကြောင်း ရှင်းပြ သည်။ သမ္မတရွေးကောက်ပွဲတွင် အိုဘားမားကို ထောက်ခံခဲ့သည့် ရီပတ်ဘလစ်ကန်အမတ်များပင် ရှိခဲ့သည်ဟု ဥပမာများဖြင့် ရှင်း ပြလေသည်။

အထက်ပါစကားများကို ကြားရသောအခါ သူတို့ လူ့အဖွဲ့ အစည်း၏ သဘောထားများကို အလွန်ပင် အားကျမိသည်။ သူ တို့သည် ရွေးကောက်ပွဲကို စနစ်တကျကျင်းပပေးသလို မဲဆန္ဒရှင် တွေကိုယ်တိုင်ကလည်း ရွေးကောက်ပွဲရလဒ်အပေါ် ယုံကြည် စိတ်ချနိုင်သည်။ သူတို့ထောက်ခံသည့်ပါတီကို မကြိုက်သည့် အချိန်တွင် မဲထွက်မပေးကြ။ တခြားပါတီအနိုင်ရရှိသွားလို့လည်း ဘာမျှစိတ်ပူစရာမရှိ။ အနိုင်ရသွားသည့် တခြားပါတီကလည်း အာဏာနှင့် နေရာထက် ပြည်သူ့အတွက်သာဖြစ်သည်။ ထိုအရာတို့သည် သူတို့၏ နိုင်ငံရေး အင်စတီကျူးရှင်းများ ခိုင်မာမူရှိသည် ကို သက်သေပြခြင်းလည်း ဖြစ်သည်။

သတင်းလိုက်ရင်း အသတ်ခံရသည့် နိုင်ငံတကာမှ သတင်းထောက်များ၏ မှတ်တမ်းဓာတ်ပုံ ။ ဓာတ်ပုံ – ကျော်ဇေယျာထွန်း/မော်ကွန်းမဂ္ဂဇင်း

အပြန်ခရီးမှ ပေကျင်းလေဆိပ်

လူဝီစီယားနားပြည်နယ်၊ ဘာတန်ရုမြို့မှ ရွေးကောက်ပွဲပြီး နှစ်ရက်မြောက်သည့်နေ့တွင် ကျွန်တော်တို့သည် ဝါရှင်တန်ဒီစီမြို့ သို့ ပြန်ခဲ့ကြသည်။ ဘာတန်ရုမြို့မှ ဝါရှင်တန်သို့ တိုက်ရိုက်လေ ယာဉ်မရှိသောကြောင့် ချားလော့မြို့သို့ နှစ်နာရီကြာခန့် လေ ယာဉ်စီးလိုက်ရသည်။ ထိုမှတစ်ဆင့် ဝါရှင်တန်သို့ တစ်နာရီကျော် ကြာ လေယာဉ်ထပ်မံစီးလိုက်ရသည်။ ထိုသို့ တစ်နေရာမှ တစ်နေရာသို့ စီးပြီးသည့်နောက်တွင် နာရီအချိန်များ ပြောင်းလဲသွား တတ်သဖြင့် နာရီကို တစ်နာရီခန့်စီ နောက်ဆုတ်ပေးရသည်။

ကျွန်တော်တို့ရောက်ခဲ့သည့် လေဆိပ်များမှာ လေဆိပ်ကြီး များဖြစ်သလို လူများမှာလည်း စည်ကားလှသည်။ လေယာဉ်များ ကလည်း တစ်စီးဆင်း တစ်စီးတက်ဖြစ်၏။ ချားလော့လေဆိပ်တွင် မိုးပေါ်ပျံတက်ဖို့အတွက် ပြေးလမ်းပေါ်တက်ရန် လေယာဉ်များ လေး၊ ငါးစီးခန့် တန်းစီစောင့်နေရသည်။ လေယာဉ်စီးနေစဉ် ကျွန် တော့်စိတ်ထဲ ကိုယ်စီးလာသည့် လေယာဉ်ကို တခြားလေယာဉ်က ဝင်တိုက်မိမှာကိုပဲ စိုးရိမ်နေမိသည်။ ကိုယ်စီးလာသည့် လေယာဉ် နှင့် ခပ်လှမ်းလှမ်းတွင် ပျံသွားသော လေယာဉ်ကို နှစ်ကြိမ်မြင် လိုက်ရခြင်းကြောင့်လည်း ထိုသို့စိုးရိမ်မိခြင်းဖြစ်၏။

ညနေ ၅နာရီအချိန်လောက်တွင် ကျွန်တော်တို့ ဝါရှင်တန် မြို့သို့ ပြန်ရောက်ခဲ့သည်။ ပထမရက်က တည်းခဲ့သည့် ဟိုတယ် တွင် ပြန်တည်းကြသည်။ နောက်တစ်ရက် မနက်ပိုင်းတွင် ICFJ ရုံးသို့သွားသည်။ ညနေပိုင်းမှာတော့ သတင်းစာပြတိုက်တစ်ခုဖြစ် သော NEWSEUM ပြတိုက်သို့ သွားခဲ့ကြသည်။ အမေရိကန် လွှတ်တော်အဆောက်အအုံ၏ အနီးတွင်ဖြစ်သည်။ တစ်ရက်လုံး လေ့လာလျှင်ပင် အချိန်မလောက်နိုင်သည့် ထိုပြတိုက်တွင် ကျွန် တော်တို့သည် နှစ်နာရီခန့်သာလေ့လာနိုင်ခဲ့သည်။

နောက်တစ်ရက်မနက် နိုဝင်ဘာ ၈ ရက်မှာတော့ ကျွန် တော်တို့သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။ အလာတုန်းက ဂျပန်မှ တစ်ဆင့် အမေရိကားသို့လာခဲ့ခြင်းဖြစ်သည်။ ယခုအပြန် မှာတော့ အမေရိကားမှ တရုတ်နိုင်ငံ ပေကျင်းသို့သွားရသည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်ရမည်ဖြစ်သည်။ ကျွန်တော်တို့၏ ခရီးစဉ်တစ်လျှောက်လုံးတွင် လေဆိပ်ကိုးခုလောက်ကိုရောက်ပြီး လေယာဉ်ကိုးကြိမ်ခန့်စီးခဲ့ရသည်။ လေဆိပ်တိုင်းတွင် အဆင်ပြေခဲ့သည်။ အဆင်မပြေသည်က တရုတ်နိုင်ငံ၊ ပေကျင်းလေဆိပ် ပင်ဖြစ်သည်။

ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှတစ်ဆင့် လေယာဉ်စီးခဲ့စဉ် က လေယာဉ်ပေါ်မှဆင်းပြီး လေဆိပ်တွင် ခရီးဆောင်အိတ်များကို X-Ray စက်ဖြတ်ရုံသာ လုပ်ခဲ့ရသည်။ ပေကျင်းလေဆိပ်ရောက်သည့်အခါမှာတော့ ထိုသို့မဟုတ်။ လူဝင်မှုကြီးကြပ်ရေးသို့ တစ်ခါ ဖြတ်ပြီး တံဆိပ်တုံးထုရသေးသည်။ ထိုသို့လုပ်ရခြင်းက ပြဿနာ မဟုတ်သေး။ တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးအရာရှိသည် အလုပ်ကို မလုပ်ချင်သလို၊ စိတ်မပါသလို ပုံစံမျိုးဖြင့် တစ်ယောက်ချင်းကို အချိန်ယူစစ်ဆေးသည်။

ခရီးသည်က များပြီး သူကတစ်ယောက်တည်းဖြစ်သည်။ ဘေးကောင်တာသုံးခုတွင် လူတစ်ယောက်မှ မရှိ။ တချို့သော ခရီးသည်တို့သည် လေယာဉ်ထွက်ချိန် မမီမှာစိုးသဖြင့် တန်းမစီ နိုင်။ အားလုံးကို ကျော်တက်ခွင့်တောင်းပြီး အမြန်စစ်ဆေးပေးရန် ပြောရသည်။ ယင်းသို့ဖြစ်သည်က လေး၊ ငါးယောက်ပင်။ သို့တိုင် ထိုအရာရှိသည် သူနှင့် မဆိုင်သလိုပင်။ ထိုသို့ရပ်စောင့်နေရခြင်း က တစ်နာရီခန့်ကြာခဲ့သည်။ ထိုအရာရှိ၏ မျက်နှာက မရွှင်ပျ။ ဖဲရှုံးသူတစ်ဦး၏ မျက်နှာကဲ့သို့ပင်။

လူဝင်မှုကြီးကြပ်ရေးသို့ဖြတ်ပြီးသောအခါ ခရီးဆောင် အိတ်များကို X-Ray ဖြတ်ရသည်။ ဂိတ်တစ်ခုလျှင် စစ်ဆေးနေသူ တရုတ်များက ငါးယောက်၊ ခြောက်ယောက်။ လူကို သူခိုးကြည့် ကြည့်သည်။ ကျွန်တော့်အိတ်ကို စစ်ဆေးလို့ ပစ္စည်းများယူထား မည်ဆိုပါက အလွယ်တကူမပေးဘဲ ပြောဆိုပစ်မည်ဟု စိတ်ထဲ တွေးထားသည်။ အဘယ်ကြောင့်ဆိုသော် လေဆိပ်တိုင်းတွင် ဖြတ်လာသည့် ပစ္စည်းများစွာတို့ကို သူတို့ထံတွင် သိမ်းဆည်းနေ တာကို တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။

ကျွန်တော့်ကျောပိုးအိတ်ကို စက်ထဲသို့ဖြတ်သောအခါ ဖုန်းအားသွင်းသည့် ဘက်ထရီချောင်းကို “ဘာလဲထုတ်ပြ”ဟု ဆိုသည်။ သူ့ဘေးနားရှိ ခြင်းတောင်းထဲတွင် မျိုးစုံသော ဘက် ထရီတို့အား တွေ့ရလေသည်။ ကျောပိုးအိတ်ကိုဖွင့်ပြီး ထုတ်ပြ လိုက်သောအခါ ယူသွားပြီး တခြားတစ်ယောက်ထံ သွားပြသည်။ ခဏကြာ ပြန်လာပြီး “ရတယ်၊ ဘာမှမဖြစ်ဘူး၊ ယူသွား”ဟုဆို ကာ ပြန်ပေးသည်။ ကျွန်တော်တို့ အဖွဲ့ထဲမှ သတင်းထောက်တစ်ဦးထံမှ ထိုဘက်ထရီတုံးကို လုံခြုံရေးက သိမ်းယူထားလိုက်သေးသည်။ ထိုသတင်းထောက်က ဘက်ထရီတုံးကို ခြင်းတောင်းထဲမှ ပြန်ကောက်ယူခဲ့ရသည်ဟု ဆိုသည်။

ဂျပန်လေဆိပ်တွင် ဒေါ်လာငွေသုံးလို့ရသည်။ အင်တာနက် အလွယ်အကသုံးနိုင်သည်။ ပေကျင်းလေဆိပ်တွင် ဒေါ်လာငွေ လည်း သုံးမရသလို အင်တာနက်အသုံးပြုချင်ပါကလည်း သက်ဆိုင်ရာကောင်တာသို့ သွားရမည်ဆိုခြင်းကြောင့် ကျွန်တော်တို့ အဖွဲ့မှ ဘယ်သူမျှမသုံးခဲ့။ အတော်ပင် ဖော်ရွေမှုမရှိဘဲဝန်ဆောင် မှုညံ့လှသည့် ပေကျင်းလေဆိပ်ဟုပင် စိတ်ထဲတွေးနေမိသည်။ တစ်ဖက်က ပြန်တွေးကြည့်မိသော်လည်း အထက်ပါအတိုင်းတွေ့ ကြုံလိုက်ရခြင်းသည် မြန်မာနိုင်ငံနှင့် နီးလာပြီဆိုသည့် သင်္ကေတတစ်ခုပင် ဖြစ်သည်။ ထိုသို့တွေ့ကြုံရခြင်းကပင် ကျွန်တော်တို့၏ မူလမိခင်ပတ်ဝန်းကျင်ကို ပြန်ခံစားရဖို့အတွက် ပေကျင်းလေ ဆိပ်တွင် ကြားခံအဖြစ် သွေးပူလေ့ကျင့်ခန်းဆင်းရခြင်းလို့သာ သဘောထားလိုက်သည်။

ကျွန်တော်သည် တရုတ်နိုင်ငံကို နာရီပိုင်းမျှသာ တွေ့ လိုက်ရခြင်းဖြစ်သည်။ ပေကျင်းမြို့ကို လေယာဉ်ပေါ်က ကြည့်ရာ မြူလိုလို၊ မီးခိုးလိုလို အရာတို့ ဖုံးလွှမ်းနေသည်။ များစွာသော အထပ်မြင့်တိုက်ကြီးတို့ကို အစုလိုက်၊ အစုလိုက်တွေ့ရသည်။ သစ် ပင်များကို မတွေ့ရ။ ခြောက်ကပ်ကာ နေသည်။ ပေကျင်းမြို့ကို ကြည့်ရသည်မှာ သစ်ပင်မရှိသော လယ်ကွင်းပြင်ကြီးတွင် တည် ဆောက်ထားသော မြို့သစ်တစ်ခုနှင့်သာ တူတော့သည်။ တစ် ဖက်တွင် တောင်တန်းကြီးများ ကာရံထားခြင်းကိုတွေ့ရတော့ လည်း မြန်မာပြည်က နေပြည်တော်ကိုပင် သတိရသေးသည်။

မိုင် ခုနစ်ထောင်နီးပါးသော ခရီးကို ၁၃ နာရီကြာ လေ ယာဉ်စီးလာရသည့် ကျွန်တော်တို့မှာ ပေကျင်းလေဆိပ်အဝင်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိ၏ မထီမဲ့မြင်အပြုအမူနှင့် စစ်ဆေး ရေးဂိတ်၏ ဆက်ဆံရေးများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရ သည်။ ယင်းသို့ဖြစ်သည်က ကျွန်တော်တစ်ယောက်တည်း မဟုတ်။ တခြားသော သတင်းသမားများသည်လည်း အလားတူ ပင်။ ကျွန်တော်တွေးမိသည်က ထိုစိတ်အနှောင့်အယှက်ဖြစ်ရခြင်း များထက် ကြီးစွာသော စိတ်မကောင်းဖြစ်မိသည့်အရာက မိမိ နိုင်ငံသည် တရုတ်နိုင်ငံအပေါ် အားကိုးကာ နေရသလိုဖြစ်နေခြင်း သာ ဖြစ်၏။ မိမိအစိုးရသည် တရုတ်အစိုးရ၏လုပ်ကိုင်ပုံတွေအား အတုနေယူမိမှာကို တွေးတောပူပန်သည့်စိတ်ဖြင့် မြန်မာပြည်သို့ ကျွန်တော် ပြန်ရောက်ခဲ့တော့သည်။ ။

၂၀၁၄-ဒီဇင်ဘာလ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

ကျော်ဇေယျာထွန်း ရေးသည်။

 

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."