ပခုက္ကူ – ၂၀၂၃ ဇန်နဝါရီ ၃၁ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးတွေကို ဒီနေ့မွန်းလွဲ ၂:၀၀ နာရီဝန်းကျင်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးနှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ Earthquake Peoples Defense Force က သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်ကပြောပါတယ်။
ပခုက္ကူမြို့က အကြမ်းဖက်စစ်တပ်၊ တပ်မ ၁၀၁နဲ့ အနောက်ဘုန်းကန်ကျေးရွာကပျူစောထီးတွေ ဒီဇင်ဘာ ၃၀ရက်နေ့က ကန်တော်ရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကိုပိန်ကပြောပါတယ်။
” အရင်ဆုံးလက်နက်ငယ်နဲ့ ပစ်ခဲ့တာ၊အပြန်အလှန်ပစ်ခတ်မှုနာရီဝက်လောက်ကြာတယ်၊ သူတို့ဘက်ကလည်းလက်နက်ကြီး၊ လက်နက်ငယ်နဲ့ပြန်ပစ်တယ်၊ သူတို့ပစ်တဲ့နားကို အီနာဂါချလိုက်တော့ထပ်မပစ်တော့ဘူး၊အဲမှာတော်တော်အထိနာသွားကြတယ်”လို့ ကိုပိန်ကပြောပါတယ်။
အနောက်ဘုန်းကန်ရွာက အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေချိန်မှာ သတင်းထောက်လှမ်းဖို့ရောက်လာတဲ့ ပျူစောထီးနှစ်ဥဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကာ လက်ရှိမှာထိန်းသိမ်းထားတယ်လို့ သူကပြောပါတယ်။
အနောက်ဘုန်းကန်ရွာက အာဏာသိမ်းစစ်တပ်ကို Earthquake People’s Defence Force နဲ့ ပခုက္ကူ၊ ရေစကြို၊ မြိုင်နယ်တွေက မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ပခုက္ကူမြို့နယ်ထဲက ကန်တော်ရွာနဲ့ ဆားလင်းရွာကို မီးရှို့ခဲ့တာကြောင့်နေအိမ် ၁၀၀ ဝန်းကျင်မီးလောင်ခဲ့ပြီး အနီးနားကျေးရွာဒေသခံနှစ်ထောင်ကျော်စစ်ရှောင်နေရပါတယ်။
ရုပ်သံ – ပခုက္ကူတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်နေစဉ်
မှတ်တမ်းဖိုင် – Earthquake People’s Defence Force
#Dailynews

