ပခုက္ကူ – ၂၀၂၂ ဒီဇင်ဘာ ၂ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ နိုဝင်ဘာ ၂၄ရက်ကစပြီး ဆိုင်ကယ်တစ်စီးကို နှစ်ယောက်မစီးရဘူးလို့ အာဏာသိမ်းစစ်တပ်က ကန့်သတ်ပြီးနောက် ဖမ်းဆီးခံရသူ ၆၀ ကျော်ထိရှိလာတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပခုက္ကူစက်မှုဇုန်မှာလည်း ဆိုင်ကယ်တစ်စီးနှစ်ယောက်စီးတဲ့ အမျိုးသမီးနှစ်ဦးကိုလည်း မနေ့မနက်ပိုင်းကသေနတ်နဲ့လေးချက်ခန့်ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်က မနက် ရှစ်နာရီကနေ ညနေ ခြောက်နာရီအထိ ဆိုင်ကယ်တစ်စီးတစ်ယောက်ထဲစီးခွင့်ပြုထားပေမယ့် မနက် ရှစ်နာရီမထိုးခင် အိမ်ရှေ့ဆိုင်ရှေ့မှာရပ်ထားတဲ့ဆိုင်ကယ်တွေကိုပါ လိုက်လံသိမ်းဆည်းနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
“ရှစ်နာရီမထိုးခင်အိမ်ပြင်မှာရပ်ထားတဲ့ဆိုင်ကယ်တွေ၊အိမ်ပြင်ဆိုင်ပြင်တွေမှာရပ်ထားတာတွေကို လမ်းကြိုလမ်းကြားမကျန် အမေးအမြန်းမရှိကားပေါ်တင်သိမ်းသွားတာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
သတ်မှတ်ထားချိန်မတိုင်ခင်စီးတဲ့ဆိုင်ကယ်တွေကိုလူပါဖမ်းပြီးငွေတောင်းတာကြောင့် မြို့ပေါ်မှာဆိုင်ကယ်စီးသူနည်းသွားပြီးလမ်းလျှောက်သွားကြသူများလာတယ်လို့ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ဆိုင်ကယ်တွေကို အာဏာသိမ်းစစ်တပ်က ကားနဲ့တင်သွားပြီး တစ်စီးကို ငါးသောင်းကျပ်ငွေတောင်းခံနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
#Dailynews

