ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၈ (မော်ကွန်း)
မကွေးတိုင်းပခုက္ကူမြို့နယ်၊ရှားဒူးအုပ်စု ၊ရှားဒူးရွာကို ဒီကနေ့မနက် ၈:၀၀နာရီဝန်းကျင်ကစတင်ပြီး အာဏာသိမ်းစစ်တပ်က မီးရှို့နေတယ်လို့ အနီးအနားကျေးရွာဒေသခံတွေကပြောပါတယ်။
ဒီကနေ့မနက် ၇:၄၅ဝန်းကျင်ကစပြီး ရှားဒူးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး ရွာထဲရောက်တာနဲ့စတင်မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၂၀၀ ဝန်းကျင် ရှိတဲ့ ရှားဒူး ရွာကမီးရှို့ခံရတာကြောင့် မီးခိုးလုံးတွေအူထွက်နေပြီး အဝေးရွာတွေကနေပါလှမ်းမြင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီးခိုးတွေကလည်း အဝေးကကြည့်ရင်တောင် မိီးခိုးတွေအူထွက်နေတာ၊ ပခုက္ကူမြို့နယ်ဘက်ခြမ်းမှာမီးလောင်တာပုဂံညောင်ဦး ဧရာဝတီမြစ်တစ်ဖက်ကမ်းကတောင်မီးခိုးတွေမြင်နေရတယ်”လို့ အနီးအနားဒေသခံတစ်ဦးကပြောပါတယ်။
ရှားဒူးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းစတင်ထိုးလာတာနဲ့ ဒေသခံရွာသူရွာသားတွေက ထွက်ပြေးနေရပြီး အခုထိရွာထဲမဝင်ရသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေနေကိုမသိရသေးဘူးလို့ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ရှားဒူးရွာအနီး အရှေ့ကမ်းဖြူရွာ၊ ဒဲ့ပြားရွာနဲ့တောင်ပလူရွာတွေကို ပြီးခဲ့တဲ့ဇွန်လတုန်းက မီးရှို့ခဲ့သေးတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ – မီးရှို့ခံနေရတဲ့ရှားဒူးရွာ
ဓာတ်ပုံ – ဒေသခံပေးပို့
#Dailynews

