ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၁၁ (မော်ကွန်း)
ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဒေသ ဒဲ့ပြားရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ နေ့ခင်းက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အနီးအနားဒေသခံရွာသားတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးအင်အား ၂၀၀ ဝန်းကျင်က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဒဲ့ပြားရွာကိုဝင်ရောက်လာပြီး နေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေကိုခိုးယူသယ်ဆောင်သွားတယ်လို့ ဒေသခံကပြောပါတယ်။
” ဒီနေ့ နေ့ခင်း ၁း၀၀ နာရီဝန်းကျင်က ရွာထဲကိုစဝင်လာတာ၊ရွာသားတွေအကုန်ထွက်ပြေးနေရတယ်၊ ပထမစစ်ကြောင်းကအရင်ဝင်ပြီး နောက်စစ်ကြောင်းက ဖောကားနဲ့ပစ္စည်းတွေသယ်တယ်”လို့ အနီးအနားကျေးရွာကဒေသခံတစ်ဦးကပြောပါတယ်။
ဒဲ့ပြားရွာရဲ့အရှေ့ဘက်က ဆိတ်၊သိုး မွေးမြူရေးခြံကတဲအိမ်ကိုလဲ မီးရှို့သွားတယ်လို့ပြောပါတယ်။
ဒဲ့ပြားရွာက အိမ်ခြေ ၃၅၀ ခန့်ရှိပြီး မေလအတွင်းမှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၆အိမ်မီးလောင်ကျွမ်းခဲ့တယ်လို့ဒေသခံက ပြောပါတယ်။
ဒဲ့ပြားရွာအနီးက မြစ်ဖျား၊စညောင်း၊တောင်ဘလူ၊ဥယျာဥ်စုရွာတွေကဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
#Dailynews

