ဂန့်ဂေါနယ် – ၂၀၂၁ ဒီဇင်ဘာ ၂၀ (မော်ကွန်း)
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ခဲ့ရာမှာ ကြည်းတပ်တွေအပြင် လေတပ်တွေပါ ပါဝင်ခဲ့ပြီး သေဆုံးခဲ့တဲ့ ပြည်သူ့အလောင်းတွေကို သုံးရက်အကြာမှ ကောက်ယူနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ ပြည်သူကိုးဦး သေဆုံးခဲ့ရပြီး တစ်ဦးဟာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်ပါတယ်။
သေဆုံးသူတွေထဲက နှစ်ယောက်ဟာ စစ်ကောင်စီတပ်တွေ ရဟတ်ယာဉ်နဲ့ ဝင်ရောက်လာချိန်မှာ လယ်ထဲ ကောက်လှိုင်းဆွဲနေတဲ့ ညီအစ်ကိုနှစ်ဦးဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
“ကောက်လှိုင်းဆွဲနေတဲ့ ညီအစ်ကို နှစ်ယောက် သူတို့ကိုဖမ်းပြီး ကြိုးတုပ်ပြီး စစ်ကောင်စီကောင်တွေက နားထင်ကို တေ့ပြီး ခေါက်ချိုးသေနတ်(Short Gun) လိုမျိုးနဲ့ ပစ်သတ်ခဲ့တာဗျ” လို့ သူတို့ တွေ့မြင်ခဲ့ရတဲ့ ရုပ်အလောင်းတွေရဲ့ အခြေအနေကို သတင်းရင်းမြစ်က ပြန်သုံးသပ်ပြခဲ့ပါတယ်။
သစ်မှောင်ခိုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ကိစ္စတွေကို တိုင်ပင်ဆွေးနွေးဖို့ အစည်းအဝေးမှာ ရွာပေါင်း ၂၀ ကျော် တက်ရောက်ဖို့ ချိန်းဆိုထားတဲ့ သတင်းကို အာဏာသိမ်းစစ်ကောင်စီတပ်တွေဆီ သတင်းပေးဒလန်တွေက ပေးပို့ခဲ့တယ်လို့ သူကဆိုပါတယ်။
ဒီအစည်းအဝေးကို လာရောက်နေကြတဲ့ လမ်းခုလတ်က ပြည်သူတွေဟာ နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေတာ မသိသေးတဲ့အတွက် လိုက်သွားတဲ့ နှမ်းခါးက ကားတွေဟာ လမ်းမှာပဲ ပစ်ခတ်ခံခဲ့ရပါတယ်။
“အင်းပေါက်ချောက်တံတားလို့ခေါ်တယ်။ အဲနေရာမှာ ပစ်သတ်ခံရတာ။ စိတ်ပူလို့ လိုက်သွားတဲ့ကားတွေ ကားတွေကို အပေါ်ကပစ်တာ။ ကားကတော့ ချောက်ထဲကျသွားတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
သုံးရက်တိုင် နှမ်းခါးရွာရဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲကာ ရွာသားတွေကို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။
ဒါအပြင် ရွာထဲက နေအိမ်တစ်လုံးလည်း မီးရှို့ခံရသလို စပါးကျီတစ်လုံးလည်း မီးကျွမ်းခဲ့ပါတယ်။
နေအိမ်ကို မီးမရှို့ခင် အိမ်ထဲက တန်ဖိုးရှိ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေက ယူပြီးမှ မီးရှို့ခဲ့တာလို့ အိမ်ရှင်က ဆိုပါတယ်။
ဒေသတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ လေကြောင်းနဲ့ စစ်ကောင်စီက တိုက်ခိုက်ခဲ့တဲ့နေ့က ကျဆုံး၊ ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေရဲ့ မိသားစု ၁၃ စုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲ့ စီစဉ်မှုနဲ့ ထောက်ပံ့မှုတွေ ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သက်ကြီးရွယ်အိုတွေ၊ ကလေးနဲ့ အမျိုးသမီးတွေဟာ တိမ်းရှောင်နေရဆဲဖြစ်ပြီး ရွာခံတချို့ကတော့ သူတို့စွန့်ခွာထွက်ပြေးခဲ့ရချိန် ကျန်ခဲ့တဲ့ နေအိမ်တွေရဲ့ အခြေအနေကို သိလိုတဲ့အတွက် ပြန်လာသူတွေလည်းရှိကြောင်း ဒေသခံကပြောပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုမျိုး တခါမျှ မကြုံဖူးတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတုန်းပဲလို့ ဒေသခံကပြောပါတယ်။
နှမ်းခါးကျေးရွာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ သတ်ဖြတ်၊ မီးရှို့ ဖျက်ဆီးမှုတွေကို အကြိမ်ကြိမ်ကျူးလွန်ခံခဲ့ရတဲ့ ဂန့်ဂေါမြို့နယ်က ကျေးရွာတစ်ရွာပါ။
ပုံစာ – အာဏာသိမ်းစစ်ကောင်စီတပ်တွေ သတ်ဖြတ်သွားတဲ့ ဒေသခံများ၏ ရုပ်အလောင်းများ။
ဓါတ်ပုံ – Supplied
#Dailynews