ရန်ကုန်- ၂၀၂၄ မတ် ၁၅ (မော်ကွန်း)
ယခုလဆန်းပိုင်းမှာ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ထိရောက်ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဆက်လက်မြင့်တက်နေပြီး ဒီနေ့ညနေပိုင်း ဈေးကွက်အပိတ်ဈေးအရ တစ်ကျပ်သားကို ကျပ် ၄၂ သိန်းဝန်းကျင်ထိ ရောက်ရှိခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၄၁ သိန်းငါးသောင်းနဲ့ ဈေးကွက် ဖွင့်လှစ်ခဲ့ပြီး ညနေပိုင်း အပိတ်ဈေးမှာတော့ တစ်ကျပ်သားကို ကျပ် ၄၁ သိန်း ခုနစ်သောင်းထိ မြင့်တက်ခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကတော့ ရွှေဈေးနှုန်းကို သတ်မှတ်ဈေးနဲ့ပဲ အရောင်းအဝယ်ပြုလုပ်ကြဖို့နဲ့ ဈေးကစားခြင်းမပြုလုပ်ဖို့ ယခုလ ၁၂ ရက်မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပေမယ့် ဈေးနှုန်းက ဆက်လက်မြင့်တက်ခဲ့တာပါ။
ပြီးခဲ့တဲ့လပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၃၉ သိန်းကျော်မှာ ရှိနေတဲ့ ရွှေဈေးဟာ ယခုလဆန်းပိုင်းကစပြီး ထိပ်စီးပြောင်းကာ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ကျော်ကို စတင်ရောက်ရှိခဲ့ပါတယ်။
အခုလက်ရှိဖြစ်နေတဲ့ ရွှေဈေးဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ပါက စံချိန်တင်မြင့်တက်ခဲ့တဲ့ ဈေးတန်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း သုံးဆကျော် မြင့်တက်ခဲ့တာပါ။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းကတော့ ပြင်ပဈေးကွက်မှာ ရွှေဈေးဟာ တစ်ကျပ်သားကို ၄၂ သိန်းနီးပါး ဖြစ်နေပေမယ့် အသင်းရဲ့ရည်ညွှန်းရွှေဈေးဟာ ကျပ် ၃၇ သိန်းကျော်မှာပဲ ရှိတယ်လို့ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ပြင်ပပေါက်ဈေးမှာ ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၄၀ ကျော်လာပြီးနောက် စစ်ကောင်စီဟာ ရွှေအရောင်းအဝယ်လုပ်ကိုင်သူတွေက ဈေးကစားနေတယ်ဆိုကာ စောင့်ကြည့်စစ်ဆေးမှုတွေရှိနေတာကြောင့် ရွှေဆိုင်တွေဟာ တံခါးပိတ်ပြီး အရောင်းအဝယ်လုပ်နေကြတယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာသူတစ်ဦးက ပြောပါတယ်။
“သူတို့ အဲဒီဈေးနဲ့ဆိုရင် လိုသလောက်အဲဒီဈေးနဲ့ ရောင်းပေးမလား။ ဘယ်မှာမှ မရပါဘူး။ အခုရွှေဆိုင်တွေက ရွှေဈေးကို တရားဝင်မရေးတော့ဘူး။ ဆိုင်ထဲမှာ တံခါးပိတ်ပြီး အရောင်းအဝယ်လုပ်နေကြတာ” လို့ ၎င်းက ပြောပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ပြီးခဲ့တဲ့ ၂၀၂၁ က ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်ရှိနေရာက ၂၀၂၂ မှာ ကျပ် ၂၀ သိန်း၊ ၂၀၂၃ မှာ သိန်း ၃၀ ကျော်ကို ရောက်ရှိခဲ့ပြီး ယခုနှစ်မှာတော့ ကျပ် ၄၁ သိန်းကျော်ထိ စံချိန်တင် ရောက်ရှိလာတာပါ။
ပြည်တွင်းရွှေဈေးဟာ လ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လှုပ်ခတ်လာတဲ့ နိုင်ငံရေးအခြေအနေတွေ၊ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုတွေနဲ့ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာမှုတွေကြောင့် အခုလို မြင့်တက်လာတာလို့ သုံးသပ်မှုတွေရှိနေပါတယ်။
ပုံစာ – ရွှေဆိုင်တခုမှာ ခင်းကျင်းထားတဲ့ လက်ဝတ်ရတနာများ
ဓာတ်ပုံ – YGEA

