ဂန့်ဂေါ – ၂၀၂၁ စက်တင်ဘာ ၃၀ (မော်ကွန်း)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးမီးရှို့မှုတွေ ပြုလုပ်ခဲ့ရာ နေအိမ်ရှစ်လုံးထက်မနည်းမီးလောင်ပြာကျပြီး ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့က နံနက် ၉ နာရီဝန်းကျင်မှာ သေနတ်တွေပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့ကြတာပါ။
နေအိမ်တွေတင်မကဘဲ ကားနဲ့အခြားအဖိုးတန်ပစ္စည်းတွေကိုလည်း ရိုက်ခွဲဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
နှမ်းခါးရွာမှာ ဖျက်ဆီးနေစဥ်မှာပဲ ဂန့်ဂေါ-ကလေး လမ်းပိုင်းတစ်နေရာမှာ ကလေးဖက်ကနေ ဂန့်ဂေါဘက်တက်လာတဲ့ စစ်ကောင်စီတပ်တွေကို ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-GanGaw)နဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရနိုင်ပြီး ဒေသခံတော်လှန်ရေးတပ်များဘက်ကမူ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဂန့်ဂေါ PDF က ကြေညာပါတယ်။
နှမ်းခါးရွာကို စက်တင်ဘာ ၁၀ ရက်ညနေပိုင်းကတစ်ကြိမ်၊ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းမှာတစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ငါးဆယ်ကျော် လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။
အခုတစ်ကြိမ် မီးရှို့မှုကတော့ တတိယအကြိမ်ဖြစ်ပြီး နှမ်းခါးဟာ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်ပစ်ခတ် ဖျက်ဆီးမှုတွေကို မကြာခဏဆိုသလို ခံနေရတဲ့ ရွာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးခဲ့တာ ခုနှစ်ကြိမ်ထက်မနည်းရှိခဲ့ပြီး မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အဘိုးအိုတစ်ဦးလည်း ရိုက်နှက်ခံရကာသေဆုံးခဲ့ဖူးကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာဒုတိယပတ်အတွင်းက နှမ်းခါးရွာတင်မက ဂန့်ဂေါနဲ့ ကလေးနယ်စပ်က ကျေးရွာ ၁၁ ရွာထက်မနည်း ဝင်ရောက်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် အိမ်ခြေပေါင်း နှစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၉ ရက်က မြင်သားရွာသား ပြည်သူ ၁၈ဦး၊ မွှေ့လယ်ရွာသားပြည်သူသုံးဦး၊ ထယ်လှော်ရွာပြည်သူတစ်ဦး၊ ရေရှင်ရွာပြည်သူ နှစ်ဦးတို့ကိုလည်း ဖမ်းဆီးကာ သတ်ပစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပုံစာ – ပျက်စီးခဲ့သော နှမ်းခါးရွာလူနေအိမ်များ
ဓာတ်ပုံ- နှမ်းခါးလူငယ်အဖွဲ့
#Dailynews

