“နှစ်ပွင့်ပဲ ဆိုင်ဖို့လိုတော့တယ်။ နှစ်ပွင့်ဆိုတာက ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်၊ ဟိုဘက်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေါ့။ သူတို့နှစ်ယောက် ပြေလည်သွားရင် ကိစ္စတော်တော်များများက ဖြတ်လို့ရသွားနိုင်တယ်”
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အင်တာဗျူးဖြစ်ပါသည်
ဦးအောင်သူငြိမ်း
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု
(Institute for Strategy and Policy-Myanmar)၏ ဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ
ဟေမာန်ပြည့် မေးသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တွင်းကနေ ကြိုးပမ်းလာချိန်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီဘက်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေကြမ်းများတင်သွင်းလာခဲ့ပါတယ်။ အဲဒီအထဲမှာ ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ စုဖွဲ့မှုကို ပြန်လည်ပြင်ဆင်ဖို့ အချက်များလည်း ပါဝင်ပါတယ်။
စက်တင်ဘာ လကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာလည်း တပ်မတော်ဘက်က လက်ရှိ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်ဆွေးနွေးရန် ကာလုံအစည်းအဝေးခေါ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သက်တမ်းအတွင်းမှာလည်း ကာလုံအစည်းအဝေး တစ်ကြိမ်မျှ မခေါ်ထားသေးသလို လက်ရှိနိုင်ငံရေးအခြေအနေအရလည်း ကာလုံ ခေါ်သင့်၊ မခေါ်သင့်ကို အငြင်းပွားနေကြပါတယ်။ ဒါကြောင့် ကာလုံခေါ်သင့်၊ မခေါ်သင့် ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ နှစ်ဦးကို မော်ကွန်းက တွေ့ဆုံမေးမြန်းထားတာတွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
မော်ကွန်း။ ။ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ဆိုတာ ဘာလဲ။ ဘယ်လိုအခြေအနေမျိုးမှာ ခေါ်ရတာပါလဲ။
ဦးအောင်သူငြိမ်း။ ။ အနောက်နိုင်ငံ အမေရိကားတို့မှာ အမျိုးသားလုံခြုံရေးကောင်စီဆိုတာ ရှိတယ်။ သူက ဒီနိုင်ငံရဲ့ လုံခြုံရေး၊ သံတမန်ရေးတို့ကို အဓိက ဆုံးဖြတ်တဲ့ဟာမျိုးပေါ့။ ကော်မတီ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါနဲ့ပတ်သက်ပြီး အရာရှိတစ်ယောက် ခန့်ထားတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သူ့မှာရုံးရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ ၂၀ဝ၈ ဖွဲ့စည်းပုံမှာတော့ ကာလုံကို ထည့်ဆွဲထားတယ်။ ဒီမှာဆွဲထားတဲ့ ရည်ရွယ်ချက်ကလည်း အလားတူပဲ။ နိုင်ငံရဲ့ သံတမန်ရေး၊ လုံခြုံရေးကိစ္စတွေကို စဉ်းစားဖို့ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ဒီဘက်မှာတော့ အပြောက ဘာလဲဆိုတော့ ကာလုံက မမျှတဘူး။ တပ်ဘက်ကပါတဲ့ ကိုယ်စားလှယ်က ခြောက်ယောက် ဖြစ်နေတယ်။ အရပ်ဘက်က ရွေးချယ်တင်မြှောက်ထားတဲ့သူက ငါးယောက်ပဲရှိတယ်။ အဲဒီတော့ပေါင်းရင် ၁၁ ယောက်ပေါ့။ အဲဒီတော့ မဲခွဲရင် အရပ်ဘက်က ရှုံးနေတယ်ဆိုတဲ့ အနေအထားမျိုးရှိတယ်။ အဲဒါက ပြဿနာဖြစ်တာပေါ့။ အဲဒီတော့ လက်ရှိ NLD အစိုးရလက်ထက်မှာ ကြည့်လိုက်တော့ သူတို့က ကာလုံကိုမခေါ်ချင်ဘူး။ ခုနကပြောတဲ့ စဉ်းစားချက်တွေလည်း ပါမယ်။ နောက်တစ်ခုက အဲဒီလိုခေါ်ခြင်းအားဖြင့် တပ်မတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတယ်ပေါ့။ Legitimacy (တရားဝင်ခြင်း) ပေးတယ်လို့ ယူဆပုံရတယ်။ ဒါကြောင့်မို့တမင်ရှောင်ပြီး မခေါ်တဲ့ အနေအထားမျိုး ဖြစ်နေတာ။
မခေါ်ပေမယ့် NLD အစိုးရမှာ တည်လုံဆိုပြီး ပြန်ဖွဲ့ထားတယ်။ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကော်မတီပေါ့။ တည်လုံမှာကျတော့ ကာချုပ်နဲ့ ဒုကာချုပ်ကလွဲရင် အကုန်ပြန်ပါတယ်။ ဘယ်သူတွေပါလဲဆိုတော့ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့က အကုန်တည်လုံမှာ ပါတယ်။ တည်လုံမှာကျတော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ။ ဒီတော့ သဘောက ကာလုံအစား တည်လုံမှာ ဒီကိစ္စတွေ ဆုံးဖြတ်တယ်လို့လည်း ယူဆ ကောင်းယူဆမယ်။ ဒါပေမဲ့ ကျွန်တော့အမြင်မှာတော့ သမ္မတဘေးမှာ ခုနကလို လုံခြုံရေးကိစ္စရပ်တွေကို တစိုက်မတ်မတ် အကြံပေးဖို့ လူလိုတယ်။ ရုံးလည်းလိုတယ်လို့ ကျွန်တော်ထင်တယ်။ ခုချိန်ကျတော့ စစ်တပ်ဘက်က ကာလုံခေါ်ပေးပါလို့ တောင်းလာတာတွေရှိတယ်။ ဒါကို ကျွန်တော်ကမြင်တာကတော့ သူ့တောင်းဆိုချက်လည်း တရားတယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာရှိတဲ့ ပြဿနာတွေက နည်းနည်းများလွန်းတယ်။ အထူးသဖြင့် ICC ကိစ္စတို့လို၊ နိုင်ငံတကာကိစ္စတွေ၊ ad hoc (သီးခြားလိုအပ်သည့်အခါ ဖွဲ့စည်းထားသော) တရားရုံးကိစ္စလိုမျိုးတွေတို့ အဲဒါတွေက သံတမန်ရေး ဖိအားတွေက တစ်ဆင့်ပြီး တစ်ဆင့် တိုးလာတယ်လေ။ အဲဒီကိစ္စတွေကို အစိုးရ ဘယ်လိုဖြေရှင်းမလဲပေါ့။ ဒါလည်း သူဘာမှမပြောဘူး။ တပ်မတော်ဘက်ကရော ဒါတွေကို သူဘယ်လိုရင်ဆိုင်ရမှာလဲပေါ့။ သူ့ကိုထိုးကျွေးမှာလားပေါ့။ စိုးရိမ်ချက်ရှိနိုင်တယ်လေ။ အဲဒီတော့ ကျွန်တော်မြင်တာကတော့ ခေါ်ပြီးတော့ တွေ့တာက ကောင်းတယ်လို့ ထင်တယ်။
နောက်တစ်ခုကကျတော့ အစိုးရဘက်က တရားဝင် စစ်တပ်ရဲ့ Legitimacy (တရားဝင်ခြင်း) ကိုငြင်းတယ်။ ငြင်းပေမယ့် ဒါကဥပဒေကြောင်းအရပေါ့နော်။ ဒါပေမဲ့ တကယ့်တကယ်က တိုင်းပြည်မှာ စစ်ပွဲတွေ ဖြစ်လာတယ်၊ ဆူလာတယ်ဆိုရင် စစ်တပ်က သူ့အလိုလို အရေးပါလာတာပဲ။ အလုပ်အကိုင်ပိုင်းအရ တရားဝင်မှုက မြင့်လာတာပဲ။ သူ့ကို ငြင်းလို့မရဘူးလေ။
မော်ကွန်း။ ။ တည်လုံဖွဲ့ထားပေမယ့် လုံခြုံရေးကိစ္စတွေဆွေးနွေးဖို့ဆိုရင် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက တပ်ပါပါမှဖြစ်မယ့် အခြေအနေမျိုးလား။
ဦးအောင်သူငြိမ်း။ ။ ကျွန်တော့အမြင်အရ ၂၀ဝ၈ ဖွဲ့စည်းပုံကို ကြိုက်တာ၊ မကြိုက်တာထား။ ကာလုံဆိုတာက ၂၀ဝ၈ ဖွဲ့စည်းပုံအရ ဖွဲ့ပေးထားတဲ့ အင်စတီကျူးရှင်းတစ်ခု ဖြစ်နေတယ်။ ဒီအင်စတီကျူးရှင်းကို မသုံးဘူးဆိုပြီး ထားတာကလည်း အလုပ်မဟုတ်လှဘူးလို့ ကျွန်တော်ထင်တယ်။
မော်ကွန်း။ ။ တပ်က ကာလုံခေါ်ဖို့ ခုနောက်ပိုင်း တိုက်တိုက်တွန်း တွန်းပြောလာတယ်။ သူတို့အကြောင်းပြချက်ကရော ဘာကြောင့်လို့ ဆရာ့အနေနဲ့ သုံးသပ်လဲ။
ဦးအောင်သူငြိမ်း ။ ။ ကျွန်တော်ကတော့ Reasonable (သဘာဝကျ) တယ်လို့ထင်တယ်။ ခုကာလမှာ အရေးတကြီး ဆုံးဖြတ်ရမယ့် ကိစ္စတွေရှိတယ်။ ဥပမာ – ရခိုင်အရေးလိုဟာမျိုးလည်း စစ်ပူတာပဲ။ နောက်တစ်ခါ မြောက်ပိုင်းအဖွဲ့ ကိစ္စတွေရှိမယ်။ ဒါတွေက ခြေနိုင်လက်နိုင်လို့ ထားလိုက်ဦး။ ရိုဟင်ဂျာတွေ ပြန်လာရေးကိစ္စကလည်း ခုကသုံးလေးနှစ်ဖြစ်လာပြီ။ ပြန်လာတဲ့သူ အရေအတွက်က နည်းနည်းပဲ ရှိသေးတယ်။ နောက်တစ်ခါ နိုင်ငံတကာမှာ သံတမန်ရေးကိစ္စတွေက တဖြည်းဖြည်းနဲ့ ဖိအားတွေက တိုးလာပြီ။ နောက်တစ်ခါ ကာချုပ်က ၂၀၂၀ မှာနားမယ်။ သူက သက်တမ်းထပ် မတိုးတော့ဘူး။ (အသက်) ၆၅ ဆိုတော့ အဲဒီကိစ္စတွေကလည်း ကျွန်တော်ထင်တယ် ဆွေးနွေးရမယ့်ကိစ္စတွေ ပါတယ်လို့ထင်တယ်။
မော်ကွန်း။ ။ ခုလက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေး အကျပ်အတည်းကရော ကာလုံခေါ်လိုက်ရင် ပြေလည်နိုင်လား။ အဲဒီအပေါ်မှာ ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။
ဦးအောင်သူငြိမ်း။ ။ ပြေလည်ဖို့ဆိုတာက ကာလုံတစ်ခါတွေ့လိုက်တာနဲ့ ပြေလည်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ပလက်ဖောင်းလို ဖြစ်တယ်။ ပလက်ဖောင်းလိုဖြစ်တယ်ဆိုတာက ဒီဘက်က အရပ်ဘက်ခေါင်းဆောင်တွေနဲ့ စစ်တပ်ဘက်က ခေါင်းဆောင်တွေနဲ့ တရားဝင်စကားပြောဆို ဆွေးနွေးလို့ရတဲ့ကိစ္စမျိုးတွေ ဖြစ်လာမယ်။ ဒီပလက်ဖောင်း ရှိတယ်။ ကာလုံကို နောက်ထပ် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ခေါ်သွားတယ်ဆိုရင် ပိုပြီးတော့ နားလည်မှုလည်း ရစရာအကြောင်းရှိတယ်။ ဆိုတော့ တစ်ခါမှ မခေါ်တဲ့အခါကျတော့ ပြဿနာရှိတယ်။ ဦးသိန်းစိန် ပြီးခါနီးကာလပြန်ကြည့်ရင် NLD ဘက်က ဒေါ်စုကတောင်းတယ်။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်ရင် တိုင်းပြည်ပြဿနာ အကုန်ပြေလည်သွားမယ်လို့ ပြောတယ်။ နောက်တစ်ခါကျတော့ ခြောက်ပွင့်ဆိုင်ဆိုပြီးဖြစ်ပြန်တယ်။ အစိုးရဘက်ကကျတော့ အဲဒီအချိန်တုန်းက ၁၄ ပွင့်ဆိုင်လား ဒါမျိုးတွေ ဖြစ်လာတယ်။ ခုချိန်မှာကျတော့ ခြောက်ပွင့်တွေ ဘာတွေမလိုတော့ဘူး။
နှစ်ပွင့်ပဲ ဆိုင်ဖို့လိုတော့တယ်။ နှစ်ပွင့်ဆိုတာက ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်၊ ဟိုဘက်ကတပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေါ့။ သူတို့နှစ်ယောက် ပြေလည်သွားရင် ကိစ္စတော်တော်များများက ဖြတ်လို့ရသွားနိုင်တယ်။ ဆိုတော့ ခုချိန်ထိက ဒါက နားမထောင်ချင်ဘူးဆိုတဲ့ ဟာမျိုးဖြစ်နေတာပေါ့။
မော်ကွန်း။ ။ ဒါဆို NLD ရဲ့အဓိက စိုးရိမ်ချက်က ကာလုံမှာ တပ်ဘက်က လူအင်အားသာလွန်နေလို့ မဲခွဲမှာ စိုးရိမ်တာက အဓိကပြဿနာလို ဖြစ်နေတာလားရှင့်။ ဆရာ့အမြင်လေး သိပါရစေ။
ဦးအောင်သူငြိမ်း။ ။ ကျွန်တော် သေချာတော့ မသိဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့အမြင်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သက်တမ်းက တဖြည်းဖြည်းနဲ့ နာရီလက်တံရွေ့နေပြီ။ သူအနားယူရတော့မယ်။ သူအနားယူသွားလည်း ပြီးတာပဲဆိုပြီးတော့ ဒီလိုစဉ်းစားသလားပေါ့။ နောက်လာမယ့်ကာချုပ်က ဘယ်သူမှန်းလည်း မသိဘူး။ အဲဒီတစ်ယောက်နဲ့ရော ပြေလည်ပါဦးမလား။ သမ္မတကရော ကာချုပ်အသစ်ကို ငါခန့်တယ်ဆိုပြီးတော့ လုပ်လို့ရပါ့မလားပေါ့။ ဒါတွေကလည်း ပြဿနာတွေရှိတယ်။ နောက်တစ်ခုကကျတော့ အထူးသဖြင့် ပါတီဘက်ပေါ့။ ဒေါက်တာဇော်မြင့်မောင်တို့ဘာတို့ပေါ့။ သူက ပါတီမှာဒုဥက္ကဋ္ဌလည်းဖြစ်တယ်။ တစ်ခါတလေကျတော့ သူတို့ပြောတာက Hardline သဘောမျိုး ယူပြီးတော့ပြောတယ်။ ကျွန်တော်ထင်တာက အဲဒီလို သွားလို့ကတော့ မပြေလည်လောက်ဘူးလို့ထင်တယ်။ ကျွန်တော်မြင်တာကတော့ ထွက်ပေါက်ရှိတယ်။ ၂၀ဝ၈ထဲမှာလည်း ထွက်ပေါက်ရှိတယ်။ ဒီထွက်ပေါက်က ကျဉ်းလိမ့်မယ်။ အဲဒီ ကျဉ်းတဲ့ထွက်ပေါက်ကိုပဲ ဘာပဲဖြစ်ဖြစ် ညှိပြီးတော့ ဖြည်းဖြည်းချင်း ရွှေ့သွားရင်တော့ ရလောက်မယ်ထင်တယ်။ ဒါပေမဲ့ NLD ဘက်က စဉ်းစားပုံကတော့ အဲဒီလိုမစဉ်းစားဘူးထင်တယ်။
မော်ကွန်း။ ။ တကယ်လို့ ဒီအချိန်မှာ ကာလုံခေါ်လိုက်ရင်ရော အကျိုးဆက်က ဘယ်လိုဖြစ်နိုင်လဲ။
ဦးအောင်သူငြိမ်း ။ ။ သူတို့စိုးရိမ်တာက ကာလုံခေါ်ရင် မဲခွဲမှာကို စိုးရိမ်ချက်ရှိတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ကာလတွေမှာ ကာလုံခေါ်ခဲ့တယ်။ အစောပိုင်းကာလမှာတုန်းက ကျွန်တော်ထင်တယ် ကာလုံကို တစ်ပတ်တစ်ခါနီးပါးလောက် ခေါ်တယ်။ ဦးသိန်းစိန် တက်စမှာ။ ဒါပေမဲ့ အဲဒီလောက်ကြီး စိပ်ရင်မကောင်းဘူး။ ကာလုံကို တစ်လတစ်ခါလောက် ခေါ်တယ်။ တဖြည်းဖြည်း ကာလုံကျဲ သွားလေလေ ကောင်းလေလေလို့ ထင်တယ်။ စစ်တပ်ရဲ့ အစိုးရပေါ်မှာ လွှမ်းမိုးနိုင်တဲ့အားက နည်းသွားမယ်။ ကျွန်တော့အမြင်က မဲခွဲမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဦးသိန်းစိန်ကာလမှာလည်း တစ်လျှောက်လုံး မဲမခွဲခဲ့ဘူး။ နောက်တစ်ခုက အများစုက Consensus (အများဆန္ဒ) ပေါ့။ အားလုံးကျေလည်မှ ဒီဆုံးဖြတ်ချက်ကို သွားတာမျိုး။ ဒီတော့ အဲဒီလိုဟာမျိုးပဲ ပိုဖြစ်ဖို့များတယ်။ အဲဒီတော့ ကာလုံလက်ငင်းခေါ်ရင် ဘာဖြစ်နိုင်လဲပေါ့။ ကျွန်တော်ကတော့ သိပ်ထူးထူးခြားခြား မမြင်ဘူး။ နိုင်ငံတကာနဲ့ ပတ်သက်ရင် Common Position (ဘုံရပ်တည်ချက်) ရနိုင်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အခုဖြစ်နေတာက အစိုးရနဲ့တပ်က သဘောထားမတူသလိုဖြစ်နေတယ်။ အဲဒီကိစ္စအပေါ်မှာ Common Position ရလာနိုင်တယ်။ သံတမန်ရေးကိစ္စရပ်တွေမှာ ဘုံရပ်တည်ချက်ရလာနိုင်တယ်။
မော်ကွန်း။ ။ တည်လုံ ပလက်ဖောင်းက တွေ့ဆုံမှုက လုံလောက်လား။
ဦးအောင်သူငြိမ်း။ ။ တည်လုံအပြင် ဦးသောင်းထွန်းကိုအမျိုးသား လုံခြုံရေးအကြံပေးအရာရှိအဖြစ် ခန့်ထားသေးတယ်။ ကျွန်တော်တို့ မရှင်းတာက ဦးသောင်းထွန်းရဲ့ Position (ရာထူး) ကဘာလဲပေါ့။ နိုင်ငံတကာမှာရှိနေတဲ့ NSA (အမျိုးသားလုံခြုံရေးအေဂျင်စီ) အရာရှိတွေရဲ့ Role (အခန်းကဏ္ဍ)နဲ့တူသလား။ ဒါမှမဟုတ် လုံခြုံရေးကိစ္စတွေကိုရော သူကတကယ်အကြံပေးနိုင်သလား။ ရခိုင်ကိစ္စတစ်ခုပဲ လုပ်ရမှာလား။ ဦးသောင်းထွန်းကိုယ်တိုင် နောက်ရာထူးတစ်ခု ထပ်ပြောင်းသွားတယ်။ အဲဒီတော့ အဲဒီနေရာမှာ သူဆက်ရှိသေးလား။ အသစ်ကို ထပ်ခန့်သလား။ အဲဒါ မျိုးတွေက Question (မေးခွန်း)တွေရှိတယ်။ ကျွန်တေ့ာ အမြင်ကတော့ တည်လုံတစ်ခုတည်းနဲ့ တည်လုံကတော့ တည်ငြိမ်ရေးဆိုတာက ပြည်ထဲရေးသဘော ပိုဆန်တယ်။ ကာလုံကတော့ Defence (ကာကွယ်ရေး) ကြီးတစ်ခုလုံးနဲ့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်တယ်ထင်တယ်။
ကျွန်တော် မြင်တာကတော့ ကာလုံခေါ်ခြင်း၊ မခေါ်ခြင်းထက် ကာလုံကဲ့သို့သော အစည်းအဝေးတစ်ခုလိုတယ်။ တချို့သူတွေလည်းပြောနေတာရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ တစ်နိုင်ငံလုံးနဲ့ ဘုံအမြင်တူထားတဲ့ ကာကွယ်ရေးမူဝါဒ မရှိဘူး။ ကာကွယ်ရေးမူဝါဒဆိုတာ စစ်တပ်က သူ့ဘာသာ ဆွဲထားတဲ့ဟာရှိတယ်။ စစ်တပ်က စက္ကူဖြူစာတမ်းဆိုတာ ရှိတယ်။ ဆိုလိုတာက သူ့ရဲ့ Plan ပေါ့။ အစိုးရဘက်က ဒါကို သဘောတူရဲ့လား။ မတူရင် ဘာလုပ်မှာလဲ။ အဲဒီလိုဟာမျိုးလေးတွေက ရှင်းရှင်းလင်းလင်းမရှိဘူး။
မော်ကွန်း။ ။ NLD အစိုးရရဲ့ အမျိုးသားလုံခြုံရေး (National Security) နဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်ကို ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဦးအောင်သူငြိမ်း ။ ။ ဥပမာ ဆိုပါစို့၊ ကျွန်တော်တို့ ခု CMEC(China-Myanmar Economic Corridor)ကို လက်မှတ်ထိုးလိုက်တယ်။ တရုတ်-မြန်မာ စင်္ကြံလမ်းမကြီး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်မှာ ခုချိန်ထိ သုတေသနကောင်းကောင်းမရှိဘူး။ တရုတ်က ဘာအကျိုးစီးပွားတွေလိုချင်ပြီး ငါတို့က ဘာတွေပြန်ကာကွယ်ရမလဲဆိုတဲ့ အဲဒီလိုစဉ်းစားချက်တွေ ဘာမှပြင်ဆင်ထားတာမရှိဘူး။ နောက်တစ်ခုကကျတော့ အစိုးရက တရုတ်နဲ့ တဖြည်းဖြည်းပိုနီးလာတယ်။ စစ်တပ်ဘက်ကကျတော့ သူ့ရဲ့ လက်နက်ဝယ်တဲ့ Source (အရင်းအမြစ်) တွေကို ရွှေ့လိုက်ပြီ။ ရုရှားဘက်ကို။ အဲဒီဘက်ကို ရွှေ့လိုက်တာကြာပြီ။ ဘာလို့လဲဆိုတော့ တရုတ်လက်နက်တွေသူတို့သုံးရင်းနဲ့ သဘောမကျဘူး။ နောက်ပိတ်ဆုံး ရေငုပ်သင်္ဘောဝယ်တာတောင်မှ အိန္ဒိယက ဝယ်တယ်။ ရုရှားဘက်က ဝယ်တယ်။ ဆိုတော့ သူ့ရဲ့ Direction (ဦးတည်ချက်) ကတစ်မျိုးသွားတယ်။ အစိုးရဘက်ကကျတော့ တရုတ်နဲ့ပိုနီးတယ်။ တရုတ်ဘက်ကလည်း လက်နက်ရောင်းချင်တာတွေ ရှိတယ်။ မြန်မာဘက်က စိတ်မဝင်စားဘူး။ အဲဒါမျိုးတွေပေါ့။ အဲဒါမျိုးတွေကျ Common Position (ဘုံရပ်တည်ချက်) ရအောင် ဘယ်လိုညှိကြမလဲပေါ့။
မော်ကွန်း။ ။ အစိုးရရဲ့ အမျိုးသားလုံခြုံရေး (ြအေငသညေူ ှနခကမငအပ) အပေါ်မှာ အားရလား။
ဦးအောင်သူငြိမ်း။ ။ အင်း၊ ခက်တယ်။ ကျွန်တော်တို့နိုင်ငံမှာ သမ္မတက အခွင့်အာဏာတွေ အများကြီးပေးထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် သမ္မတက လက်ရှိအချိန်မှာ ဘာမှမထိရောက်သလို ဖြစ်နေတယ်။ ပြောရရင် ရုပ်သေးရုပ်ကို ထားထားသလိုဖြစ်နေတယ်။ အဲဒါမျိုးက ကျွန်တော်မြင်တာကတော့ မကောင်းဘူး။ တချို့လစ်ဟာချက်တွေက အများကြီးဖြစ်နေတယ်။ သမ္မတလုပ်နိုင်တဲ့ကိစ္စတွေက အများကြီးရှိတယ်။ တချို့ဟာတွေက ကျွန်တော်ဆိုလိုတာက လုံခြုံရေးအကြံပေးခန့်လို့ရတယ်။ ကော်မရှင်ဖွဲ့ဖွဲ့၊ ရုံးထောင်ထောင် သူလုပ်ခွင့်ရှိတာတွေ အများကြီးပေါ့။ အဲဒါတွေက လိုအပ်ချက်တွေရှိတယ်လို့ထင်တယ်။ ဥပမာဆိုပါစို့၊ ရခိုင်ကိစ္စမျိုး ဆိုပါတော့။ ရခိုင်ကိစ္စမျိုးက စစ်ရေးထိုးစစ်နဲ့ ဘယ်လိုမှမပြီးဘူး။ ရခိုင်တွေရဲ့ နှလုံးသည်းပွတ်ကို ကြွေကျသွားအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စဉ်းစားချက်မျိုး မရှိသေးဘူး။ ဥပမာ လွယ်လွယ်ပြောရင်တောင် ဒေါက်တာအေးမောင်တို့ကို ပြန်လွှတ်။ အခု သူတို့ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်။ ပြန်လွှတ်ရင် အနည်းဆုံး Tension (စိုးရိမ်ပူပန်မှု) ကျလာမယ်။ စကားပြောလို့ ဆိုလို့ရလာမယ်။ အဲဒီလိုဟာမျိုး မရှိဘူးပေါ့။
နောက်တစ်ခါကျတော့ အစိုးရကိုယ်တိုင်က ဘယ်လိုဖြစ်နေလဲဆိုတော့ တချို့သူတွေလည်းပါတယ်။ ပြောနေတာက တိုင်းပြည်မှာ အစိုးရနှစ်ခုဖြစ်နေတယ် ဆိုတဲ့ဟာမျိုးပေါ့။ တကယ်ကတော့ ကျွန်တော်မြင်သလောက်တော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ စစ်တပ်မှာ သူတို့ပရိုတိုကော ရှိတယ်။ သူ့ရဲ့ လိုက်နာရတဲ့ဟာပေါ့။ အဲဒီတော့ဆိုပါစို့၊ ကာချုပ်မင်းအောင်လှိုင်က တိုင်းပြည်ထဲမှာ ခရီးသွားတယ်ဆိုပါစို့။ အဲဒါသူသမ္မတကို အကြောင်းကြားတယ်စာနဲ့။ ဒါသူတို့ရဲ့ လုပ်ထုံးလုပ်နည်းပေါ့။ နောက်တစ်ခါ ကာချုပ်မင်းအောင်လှိုင်က အကယ်၍ နိုင်ငံတကာခရီးစဉ် သွားတယ်ဆိုရင် သမ္မတကို ကိုယ်တိုင်သွားတွေ့ပြီးတော့ အကြောင်းကြားရတယ်။ အဲဒီလိုဟာတွေရှိတယ်။ ဒါကဘာပဲဖြစ်ဖြစ် အရိုအသေပေးပြီး လိုက်နာရတာပေါ့။ နောက်စစ်တပ်ကလည်း တချို့ သူတွေပြောတာ သူတို့ Position ပေါ့။ သူတို့ Position က ဘာပဲဖြစ်ဖြစ် ထီးဖြူအောက်က သူကို အလေးပြုမှာပဲ။ ဆိုတော့ တိုင်းပြည်ထဲမှာ အစိုးရ နှစ်ခုဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။
#mawkun #magazine #chronicle #interview #no69