“နှစ်ပွင့်ပဲ ဆိုင်ဖို့လိုတော့တယ်”-၂

“နှစ်ပွင့်ပဲ ဆိုင်ဖို့လိုတော့တယ်”-၂

“ကာလုံခေါ်ရလောက်အောင် နိုင်ငံတော်က လုံခြုံရေးနဲ့ ကာကွယ်ရေးက ခြိမ်းခြောက်ခံရတဲ့ အခြေအနေမရှိတာတစ်ချက်ရယ်၊ နောက်တစ်ချက် ကာလုံခေါ်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ မပြောင်းလဲခင် ကာလုံခေါ်ရင် တပ်မတော်ဘက်က အများစု ဖြစ်နေတဲ့အောက်မှာ NLD ပါတီက ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို အရင်လုပ်နေတာ။”

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အင်တာဗျူးဖြစ်ပါသည်

ဟေမာန်ပြည့် မေးသည်။

ဦးသန်းစိုးနိုင်

နိုင်ငံရေးလေ့လာသုံးသပ်သူ

မော်ကွန်း။  ။ ကာလုံဆိုတာဘာလဲ။ ဘယ်လိုအချိန်မျိုးမှာ ခေါ်ဖို့လိုတာလဲ။

ဦးသန်းစိုးနိုင်။  ။ ကာလုံဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာပြဿနာတွေနဲ့ပတ်သက်လို့ တာဝန်အရှိဆုံး အဖွဲ့အစည်းပေါ့။ တိုင်းပြည်တစ်ပြည်အတွက်လည်း ကာကွယ်ရေး၊ လုံခြုံရေးလုပ်ငန်းဆိုတာ လုပ်ငန်းအားလုံးနဲ့ ဝန်ကြီးဌာန အားလုံးအနက်မှာ အရေးပါဆုံးဌာနဖြစ်တာပေါ့။ ဘယ်လိုအခြေအနေတွေမှာလဲဆိုတော့ ပြည်တွင်းမငြိမ်မသက် ဖြစ်တဲ့အခါမှာ၊ ဒီဒေသကို စစ်အုပ်ချုပ်ရေး ကြေညာမလား။ ဘာလားဆိုတာ အရေးကြီးတဲ့ကိစ္စပေါ့။ အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့အခါ အဓိကရုဏ်းတွေ၊ ဆန္ဒပြပွဲတွေ ဖြစ်တဲ့အခါ၊ တစ်ပြည်နဲ့ တစ်ပြည်ကြားထဲမှာ အငြင်းပွားမှုတွေ၊ ပြဿနာတွေ၊ တင်းမာမှုတွေ မြင့်တက်လာတဲ့ရှိတဲ့အချိန်မျိုးမှာ တစ်နိုင်ငံလုံးအကျိုးစီးပွားအတွက် ကာကွယ်ရပ်ခံပြီးတော့ ဆွေးနွေးဆုံးဖြတ်ရမယ့် အဖွဲ့အစည်းဖြစ်တဲ့အတွက် သိပ်အရေးကြီးပါတယ်။

 

မော်ကွန်း။  ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ကာလုံခေါ်ဖို့လိုအပ်တဲ့အခြေအနေမျိုး ရောက်နေပြီလား။

ဦးသန်းစိုးနိုင်။  ။ လက်ရှိအခြေအနေက ကာလုံခေါ်ဖို့ လိုအပ်တာမဟုတ်ပါဘူး။ လက်ရှိအခြေအနေမှာက အကြောင်းအချက် တစ်ခုက ၂၀၂၀ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ နိုင်ငံရေးအရ အားပြိုင်မှုတွေ ရှိလာတာပေါ့။ အဲဒီဟာနဲ့ တစ်ပြိုင်နက်မှာ နောက်အချက်အလက်တစ်ခုကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲမှာလည်း အားပြိုင်နေတဲ့ အခြေအနေတွေရှိတာပေါ့။ အဲဒီလိုအခြေအနေတွေ ရှိတဲ့အောက်မှာ ကာလုံရဲ့အရေးပါမှုကို ပုံဖော်ဖို့အတွက် ကာလုံနဲ့ ပတ်သက်လို့ အဓိကအင်အားပြိုင်နေရတဲ့ အင်အားစုက တပ်မတော်အင်အားစုနဲ့ NLD အင်အားစုဖြစ်တာပေါ့။ အဲဒီအင်အားစု နှစ်ခုကြားထဲမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ကာလုံအစည်းအဝေးကို NLD က တစ်ခါမှ မလုပ်ဘူး ဆိုပြီးတော့ နိုင်ငံရေးအရ စွဲချက်တင်ချင်တဲ့ဆန္ဒကြောင့်လုပ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။

မော်ကွန်း။  ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်း စပြီးတဲ့နောက်မှာ ပြည်သူတွေကို ထိခိုက်စေတဲ့ တိုက်ပွဲတွေ ထပ်ဖြစ်လာတယ်။ မြို့ကြီးတွေကို တိုက်ခိုက်မယ်ဆိုတဲ့ လုံခြုံရေးဆိုင်ရာအသံတွေထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ တပ်ကလည်း ကာလုံခေါ်ဖို့ အသံပြုလာတယ်။ အဲဒီအခင်းအကျင်းအဆက်အစပ် ပေါ်မှာရော ဘယ်လိုသုံးသပ်ပါလဲ။

ဦးသန်းစိုးနိုင်။  ။ အဓိကတော့ နိုင်ငံရေးအားပြိုင်မှုအဆက်အစပ်ပါ။ ကာလုံခေါ်ရလောက်အောင် ပြည်ပခြိမ်းခြောက်မှု ဆိုတာ လည်း အဲဒီလောက်ကြီး တင်းတင်းမာမာဖြစ်နေတဲ့ အနေအထားမဟုတ်ပါဘူး။ ပြည်တွင်းလုံခြုံရေးဆိုတာကလည်း မြောက်ပိုင်းအဖွဲ့တွေနဲ့ တပ်မတော်ကြားထဲမှာ တိုက်ပွဲတွေဖြစ်တာမှန်ပေမယ့် အခုဆိုရင် အတော်လေးတော့ ဆွေးနွေးပွဲလုပ်နိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ ဆိုလိုတာက ကာလုံခေါ်ရလောက်အောင် အရေးကြီးတဲ့ အနေအထားတွေ မရောက်သေးပါဘူး။ နိုင်ငံရေးအရ အားပြိုင်မှုအနေနဲ့ NLD ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို တာဝန်မယူဘူး။ တာဝန်ခံမှု မရှိဘူးဆိုတာကို ပုံဖော်ဖို့အတွက် လုပ်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

 

မော်ကွန်း။  ။ တပ်က ကာလုံခေါ်ဖို့ တွန်းတွန်းတိုက်တိုက်နဲ့ ပြောလာတဲ့ အကြောင်းပြချက်က ဘာဖြစ်မလဲ။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဦးသန်းစိုးနိုင်။  ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အားပြိုင်တယ်။ အားပြိုင်တဲ့အထဲမှာ NLD က ပူးပေါင်း ကော်မတီနဲ့ ပြင်ဆင်ဖို့ ကြိုးစားတယ်။ တပ်မတော်က နုတ်ထွက်ထားတယ်။ ဒါပေမဲ့ အခြားတစ်ဖက်က တပ်မတော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပေါင်းပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင်ရေး လုပ်ပါတယ်ဆိုပြီး အဆိုပြုချက်တွေ တင်တယ်။ အဲဒီအဆိုပြုချက်တွေ တင်တဲ့အထဲမှာ ကာလုံပါတယ်။ အဲဒီတော့ ကာလုံနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ကာလုံအဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကို ပိုပြီးမြှင့်တင်ချင်တယ်။ ဆိုလိုချင်တာက တပ်မတော်အနေနဲ့ အခုကာလုံမှာ ၁၁ ယောက်မှာ ၆ ယောက်က တပ်မတော်က ဖြစ်နေတယ်။ ဒီအနေအထားမှာ NLD ပါတီအနေနဲ့ ကာလုံမှာ ဘာပဲဆွေးနွေးဆွေးနွေး သူက အနည်းစုဖြစ်နေတဲ့ အနေအထားအောက်မှာ ကာလုံ မခေါ်ဘူးဆိုတဲ့ သဘောထား ရှိပါတယ်။

ဒါပေမဲ့ တပ်မတော်ကတော့ ကာလုံကို အတင်းအကျပ် ခေါ်စေချင်နေတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးထဲမှာ ကာလုံကို အနည်းဆုံး နှစ်လတစ်ကြိမ် ခေါ်ယူဖို့တို့၊ လိုအပ်တယ်တို့ ဘာတို့ဆိုတာက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဆက်စပ်ပြီးတော့ ကာလုံကိစ္စကိုလည်း သူတို့က မြှင့်တင်ပြောဆိုလာတာပါ။ အဲဒီတော့ ကာလုံမှာ အစည်းအဝေး ထိုင်လိုက်လို့ရှိရင် ဘာပဲဖြစ်ဖြစ် တပ်မတော်အင်အားစုဘက်က အသာစီးရနိုင်တယ်ဆိုတဲ့ အနေအထားရှိတဲ့ အခြေအနေအောက်မှာ ဒီကိစ္စကို ပြောချင်တာပါ။

 

မော်ကွန်း။  ။ လက်ရှိဖြစ်နေတဲ့ ငြိမ်းချမ်းရေးတို့၊ ဖွဲ့စည်းပုံအကျပ်အတည်းတို့နဲ့ ပတ်သက်ပြီး ကာလုံ သို့မဟုတ် ကာလုံကဲ့သို့သော စုဝေးမှုမျိုး လုပ်သင့်တယ်လို့ တချို့တွေက သုံးသပ်နေတာရှိပါတယ်။ ဆရာ့အမြင်ရော ဘယ်လိုသဘောထား ရှိပါသလဲ။

ဦးသန်းစိုးနိုင်။  ။ ကာလုံသာ မခေါ်တာ။ ကာလုံလက္ခဏာ ဆောင်တဲ့ အစည်းအဝေးခေါ်တာ သုံးကြိမ် လေးကြိမ် ရှိနေပြီ။ တပ်မတော်က တာဝန်ယူထားတဲ့ ဝန်ကြီးဌာနသုံးခုက ကာကွယ်ရေးတို့၊ နယ်စပ်ရေးရာ၊ ပြည်ထဲရေးတို့ တပ်မတော်အရာရှိတွေပဲ။ သူတို့လည်းပါကြတာပဲ။ ဒါပေမဲ့ ကာလုံလို အစည်းအဝေးမခေါ်တာက

ကာလုံခေါ်ရလောက်အောင် နိုင်ငံတော်က လုံခြုံရေးနဲ့ ကာကွယ်ရေးက ခြိမ်းခြောက်ခံရတဲ့ အခြေအနေမရှိတာ တစ်ချက်ရယ်၊ နောက်တစ်ချက် ကာလုံခေါ်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ မပြောင်းလဲခင် ကာလုံခေါ်ရင် တပ်မတော်ဘက်က အများစု ဖြစ်နေတဲ့အောက်မှာ NLD ပါတီက ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို အရင်လုပ်နေတာ။

အဲဒီအထဲမှာ ကာလုံအချိုးအစားပြောင်းလဲဖို့ NLD ပါတီက အဆိုပြုထားတာရှိတယ်။ ကာလုံကို ၁၁ ယောက်ကနေ ၁၃ ယောက်၁၄ ယောက်ပေါ့ဗျာ။ အခု လွှတ်တော်ဒုဥက္ကဋ္ဌတို့ပါ ထည့်သွင်းဖို့ဆိုတဲ့ အဆိုပြုချက်တွေပါတယ်။ သူက အဲဒါပြီးမှ ကာလုံကို ခေါ်ချင်တာ။ အဲဒီလိုအခြေအနေအောက်မှာ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့ တပ်မတော်အနေနဲ့က သူတို့ပြင်ချင်တဲ့ အချက်အချို့ ရှိတယ်။ သို့သော် တပ်မတော်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အာဏာတွေကို ပိုပြီးတော့ အရင်ကထက် ပိုပြီးများပြားတဲ့ အဆင့်နေရာကို ရဖို့အတွက် သူကလည်း ကြိုးစား ရုန်းကန်နေတဲ့ အခြေအနေ ဖြစ်တာပေါ့။ အဲဒီအခြေအနေမှာ ကာလုံကို တပ်မတော်က ခေါ်ချင်တယ်။ ဒါပေမဲ့  NLD ပါတီက မခေါ်ချင်ဘူးဆိုတဲ့ အနေအထားတွေ ဖြစ်လာတာပါပဲ။

 

မော်ကွန်း။  ။ ငြိမ်းချမ်းရေးကိစ္စမှာ ဆိုရင်လည်း အစိုးရနဲ့ တပ်မတော်နဲ့ သဘောထားကွဲလွဲမှုလေးတွေ ရှိနေတဲ့ အခြေအနေဖြစ်တယ်။ အဲဒီအပေါ်မှာရော ဘယ်လိုအဖြေရှာရင် ရနိုင်မယ်လို့ ထင်ပါသလဲ။

ဦးသန်းစိုးနိုင်။  ။ အဲဒီအဖြေရှာဖို့ဆိုတာထက် သဘောဆန္ဒတွေတူညီမှုရဖို့ကပိုပြီးအရေးကြီးတာပါ ။ နေရာကသိပ်မခက်ပါဘူး။ အဲဒီအထဲမှာ အရှင်းဆုံးပြောရရင် ဗမာပြည်မှာ အစိုးရနှစ်ရပ်ရှိတဲ့ အနေအထားမျိုး ဖြစ်နေတာ။ ဖွဲ့စည်းပုံထဲမှာ တပ်မတော်ရဲ့ အနေအထားနဲ့ အခွင့်အာဏာက ပိုပြီးများပြားနေတဲ့ အခြေအနေတွေ ရှိနေတယ်။ အဲဒီအောက်မှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အခု လက်ရှိဖြစ်ပေါ်တိုးပွားမှုတွေရဲ့ ထောင့်ကကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မအောင်မြင်ဘူးလို့ ကျွန်တော် ကောက်ချက်ချရမှာပါ။

 

မော်ကွန်း။  ။ ကာလုံမဟုတ်ပေမယ့် ကာလုံမှာ ပါတဲ့သူတွေ ပါဝင်တဲ့ တွေ့ဆုံမှုမျိုးတွေ ရှိတယ်။ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ခန့်အပ်ထားတာ ရှိတယ်။ အဲဒီလိုအခြေအနေတွေက နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး လုံလောက်မှု ရှိတယ်လို့ ထင်ပါသလား။

ဦးသန်းစိုးနိုင်။  ။ အမှန်ကတော့ ကာလုံလို အဖွဲ့အစည်းက လုံလောက်ပါတယ်။ အမျိုးသားလုံခြုံရေးဝန်ကြီးဌာနဆိုတာက ဒါတွေကတော့ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံမှာတော့ သူကတော့ အရေးပါတဲ့နေရာမှာ ရှိတယ်။ ဒါပေမဲ့ ဗမာပြည်မှာတော့ အဲဒါက အဲဒီလောက် အရေးပါတဲ့ အခန်းမရှိပါဘူး။ သို့သော်ငြားလည်း ကာလုံ မခေါ်နိုင်သေးတဲ့ အောက်မှာ ဒီအခင်းအကျင်းလေးတွေကို ဖန်တီးထားတာပေါ့။ ဒီအထဲမှာ တပ်မတော်က ဝန်ကြီးတွေလည်း ပါပြီးသားပါ။ အခု ကာလုံမှာ ဘာလိုနေတာလဲ ဆိုတော့    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နှစ်ဦးချင်းညှိနှိုင်းနိုင်တဲ့အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်မှ ကျွန်တော်ထင်တာက အခုဖြစ်နေတဲ့တိုင်းပြည်ရဲ့ ပြဿနာ တော်တော်များများ ပြေပြေလည်လည် ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီအတွက်နှစ်ဦးနှစ်ဖက်လုံးက မာနမကြီးဘဲ တိုင်းပြည်မျက်နှာကို ကြည့်ပြီး တွေ့ဆုံဆွေးနွေးနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

 

မော်ကွန်း။  ။ ကာလုံခေါ်ရင် ဘယ်လိုအကျိုးဆက် ဖြစ်မလဲ။ မခေါ် ရင်ရော ဘယ်လိုအကျိုးဆက်ဖြစ်မလဲ။

ဦးသန်းစိုးနိုင်။  ။ ကာလုံခေါ်တယ်ဆိုတာက တိုင်းပြည်ရဲ့ လုံခြုံရေး နဲ့ ကာကွယ်ရေးဆိုင်ရာ အခြေအနေတွေ တော်တော် ပြင်းထန်တင်းမာစွာ ရှိနေပြီလား။ ဆိုလိုတာက ပြည်တွင်းမှာ ထိန်းမနိုင် သိမ်းမရ ဆန္ဒပြပွဲတွေ၊ အခု ဟောင်ကောင်မှာ ဖြစ်နေသလို ရောက်နေတဲ့အခြေအနေလား၊ ဒါမှမဟုတ် ပြည်ပကနေ ကျွန်တော်တို့တိုင်းပြည်ကို ကျူးကျော်ဖို့၊ ရန်ပြုဖို့ဆိုတဲ့ အခြေအနေတွေရှိလား။ အဲဒါတွေမရှိရင် ကာလုံဟာ မခေါ်လည်း ဘာမှသိပ်ပြီးတော့ အရေးမကြီးပါဘူး။ အဲဒါတွေ ဖြစ်လာလည်း ကာလုံကတော့ ခေါ်ဖို့လိုအပ်တာပေါ့။ သို့သော်ငြားလည်း ကာလုံရဲ့ ဖွဲ့စည်းမှုက မညီမျှတဲ့ အနေအထားအောက်မှာ ကာလုံကို မခေါ် ဘူး။ သို့သော် ဒီပြဿနာတွေ ဆွေးနွေးနိုင်မယ့် ကာလုံလက္ခဏာ ဆောင်တဲ့ အစည်းအဝေးတော့ NLD ပါတီက လုပ်ခဲ့တယ်။ လုပ်နေတယ်လို့ ပြောချင်ပါတယ်။


#mawkun #magazine #chronicle #interview #no69


 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."